Thursday, March 9, 2017

ထာဝစဉ် မေတ္တာဓာတ်တိုးစေ ဖျန်းဆွတ်သော သင်္ကြန်ရေ ... (ဆူးငှက်)

မြန်မာ ကောဇာသက္ကရာဇ် ၁၃၁၃ ခုနှစ်အကူး မြန်မာသင်္ကြန်သည် ခရစ်နှစ် ၁၉၅၁ ခုနှစ်၊ ဧပြီလဖြစ်သည်။ ၁၃၁၃ ခုနှစ်၊ တန်ခူးလဆန်း ပထမပတ်သည် အတာသင်္ကြန်ကာလ ဖြစ်၏။ ထိုနှစ်သင်္ကြန်တွင်လည်း မန္တလေးမြို့၌ပင် နိုင်ငံတော် သမ္မတကြီးနှင့်အတူ (ထိုစဉ်က) နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် မိသားစုပါ၊ ပါဝင်ဆင်နွှဲကြသည်။ တိုင်းရင်းသားမျိုးနွယ်များပါ တပျော်တပါး ပါဝင်ဆင်နွှဲသဖြင့် မန္တလေးသင်္ကြန်သမိုင်း၌ 'ပြည်ထောင်စုသင်္ကြန်' အဖြစ် ထင်ရှားခဲ့သည်။

ထို့ကြောင့် ယခင်နှစ် ၁၃၁၂ ခုနှစ်(၁၉၅ဝ) သင်္ကြန်က ငြိမ်းချမ်းရေးသင်္ကြန်။ ယခုနှစ် ၁၃၁၃ (၁၉၅၁) သင်္ကြန်က ပြည်ထောင်စုသင်္ကြန်အဖြစ် (၂)နှစ်ဆက်တိုက် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့၏ ယခုထက်တိုင် လူကြီးသူများ ပြောစမှတ်ပြုခဲ့သော အလွန်စည်ကားလှသည့် သင်္ကြန်များဖြစ်သည်။ `ပြည်ထောင်စုသင်္ကြန်' နှင့်ပတ်သက်၍ တခြား ပြောစမှတ်တခုမှာ ... မန္တလေး သင်္ကြန်၏ အထင်ကရ ပညာရှင်ကြီးများဖြစ်သော မြို့မငြိမ်း၊ ပန်းချီဦးဘသက်၊ ဦးကိုရင် (ဦးလေးရင်)၊ ဦးကိုလေး၊ တယောကိုကံ၊ တာပလာကိုထွန်းရင်၊ မီးပညာရှင် ဦးဘရှင်တို့သည် ပင်မမူလလက်ဟောင်း မြို့မအသင်း ဦးစီးဦးကိုင် မြို့မအသင်းသားဟောင်းများဖြစ်သော်လည်း ထိုနှစ်က မြို့မအသင်းနှင့် အဆင်မသင့် ခွဲခွာကာ ဦးကိုလေး၏ တောင်မြို့ AMBA မော်တော်ယာဉ်အသင်းကို ဦးစီးပြီး စောင်းကောက်ပုံ အလှပြယာဉ်ကြီးဖြင့် ဆန်းသစ်ထူးခြားစွာ ရေသဘင်ပွဲ ဆင်နွှဲခဲ့သည်။


ဆရာမြို့မငြိမ်း၏ ကျန်းမာရေး အခြေအနေတရပ်ကြောင့် မြို့မအသင်း၏ ဂီတဆိုင်ရာ ဦးဆောင်မှုမှကင်းခဲ့ရပြီး နောက်ပြီး ဆရာမြို့မငြိမ်း ကျန်းမာလာသော်လည်း မြို့မနှင့်ဆရာ့ကြား နီးလျက်နှင့်ဝေးခဲ့ကြရာမှာ မနှစ်ကလည်း ဆရာငြိမ်းက ရန်ကုန်ရောက် မြို့မအသင်းသားများနှင့်ပဲ ရန်ကုန်သင်္ကြန်မှာ 'ရွှေမန်းရေယာဉ်'အမည်ဖြင့်ပင် ဆင်နွှဲခဲ့သည်။ ယခုနှစ် မန္တလေး ပြည်ထောင်စုသင်္ကြန်၌လည်း တမြို့လုံး အုံးခြိမ့်ညံမျှ ဆင်နွှဲကြသောအခါ ... ဆရာငြိမ်းက မိတ်ဆွေ တောင်မြို့ ဦးကိုလေးနှင့် တွဲဖက်ပြီး သံယောဇဉ်ကြီးသော မြို့မအသင်းသား လက်ဟောင်းကြီးများနှင့်အတူ အသင်းတသင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တူရိယာပစ္စည်းများကို တီးမှုတ်တတ်ကျွမ်းသူများက ဂီတအနုပညာအပေါ် နားမလည်နိုင်ကြသောအခါ ဂီတကို 'ကကြီး' ပုတ်လောက် ရေးပြတောင် မသိနိုင်သည့် သာမန်ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာများဖြင့် သူလုပ်ချင်သော ဂီတအနုပညာအား ဖန်တီးပြမယ်ဟူသော မာနစိတ်ဖြင့် AMBA စောင်းကောက်အသင်းကြီးကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နှဲဆရာကြီး အမရပူရ ဆရာထပ်၏ အကူအညီဖြင့် ဝါးပလွေများကို သုံးစွဲကာ အုပ်စုဖွဲ့ သံစဉ်ခွဲပြီး လေ့ကျင့် တီးမှုတ်စေခဲ့၏။ မြန်မာဖြစ် ဝါးပလွေ (၆ဝ) လက်၊ ဘူးခြောက်အတွင်း၌ မန်ကျည်းစေ့များ ထည့်လှုပ်ရသော စည်း၊ ရေစည်ပိုင်းအား ရာဘာပြား ကြက်ထားသည့် စည်တိုနှင့် နိုင်ငံခြား တူရိယာပစ္စည်းဆို၍ ကလယ်ရီနက် တချောင်းသာ ပါဝင်၏။

ယခင်နှစ်ကတည်းက နာမည်ကြီးလှသော 'ဝင်းလိုက်မယ်' အဖွဲ့မှ ချောမောလှပခေတ် ဆန်လှသော 'ရတနာနတ်မယ်' အသွင်သင်္ကြန်မယ်နှင့် သူနိုင်ကိုယ်နိုင် အပြိုင်နွှဲနိုင်ရန် သီချင်းများလည်း ရေးစပ်ထား၏။ ရတနာနတ်မယ်အသွင် သင်္ကြန်မယ်က ဝင်းပဖြူအိ လုံးကြီး ပေါက်လှ ဘိုဆန်ဆန်အလှ၊ သူမ၏ ခေတ်မီမီ ဘိုဆန်ဆန်အကများနှင့် မြိုင်မြိုင်ကြီး တီးမှုတ်ကခုန်နိုင်ရန် ဆရာမြို့မငြိမ်းက ဂီတဖွဲ့စည်းသီချင်းများ ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း 'ပြည်ထောင်စုသင်္ကြန်' နှစ်က ဆရာမြို့မငြိမ်းတို့၏ အမြင်ဆန်း၊ အသွင်ဆန်း၊ အသံဆန်း၊ ဂီတဆန်းများနှင့် စောင်းကောက်အလှပြယာဉ်ကြီးနှင့် ဝင်းလိုက်မယ်ကား နာမည်ကြီးလှပါဘိ။

တဖက်က မြို့မအသင်းကလည်း အပြာနု၊ အစိမ်းနုများ ငြိမ့်ငြိမ့်စီးစေသော ရေလှိုင်းပုံ ရေကန်ထည်နှင့် ကားခေါင်းတွင် ငန်းရုပ်လုံးကြီး ဆင်ယင်ထားသော ရှုမဝဦးကြီးငွေ၏ ဒီဇိုင်း အလှပြယာဉ်ကြီးနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲပြန်ကာ ...၊ ဧည့်ခံအမျိုးသမီး၊ အသင်းတသင်း၌ မြို့မနှင့် စောင်းကောက်ကြီးတို့ ဆုံ၍များရောက်လာလျှင် ... အစဉ်အလာအရ မြို့မကို ဦးစားပေးရလျှင်လည်း တဖက်အသင်းက ဆရာမြို့မငြိမ်းနှင့် ဝါရင့် ဂီတပညာရှင်ကြီးများ ဖြစ်ပြန် ...။

စောင်းကောက်ကြီးအား ဦးစားပေးပြန်လျှင်လည်း တဖက် အစဉ်အဆက် သမ္ဘာနှင့် ဝါရင့် မြို့ကျက်သရေဆောင် အသင်းကြီးဖြစ်ပြန်နှင့် ဆုံးဖြတ်ရခက်ကြလှသည်ဟု ဆို၏။ မြို့မက ရှေ့ကဝင် စောင်းကောက်က နောက်ကလိုက် ...၊ စောင်းကောက်က ရှေ့ကဝင်... မြို့မက နောက်ကလိုက်နှင့် ... အပြိုင်အဆိုင် ဆင်နွှဲကြသည့်နှစ်ဟု ဆို၏။

'ဝင်းလိုက်မယ်' ၌ မြို့မနှင့် စောင်းကောက် ... ဆုံ၍များ ရောက်လာလျှင် ... နှစ်သင်းစလုံး မျက်နှာပူစရာ ဖြစ်ကြရတော့သည်။ ဘယ်သူ့ကို ဦးစားပေးရလေမည်မသိ...။

စောင်းကောက်အလှပြယာဉ်ကြီးပေါ်မှ ဝါးပလွေများ၊ ဘူးသီးခြောက်စည်းများ၊ ရာဘာ ပြားကြက်ရေစည်ပိုင်း စည်တိုများဖြင့် အုပ်စုဖွဲ့ တေးသံသာညက်ညက်တွင် ကလယ်ရီနက်၏ တေးသွား အဝင်အထွက် အလူးအလိမ့်များတွင် ဝင်းလိုက်မယ်မှ ရတနာနတ်မယ်က ဆိုက အလှုပ်အရှား ယဉ်ယဉ်လေးနှင့် သြဘာသံမစဲ ကပြခဲ့သည်ဆို၏။ စောင်းကောက်အဖွဲ့ကြီးမှ AMBA စောင်းကောက်အဖွဲ့ကြီးမှ ဆရာမြို့မငြိမ်း၏ သင်္ကြန်သီချင်းနုနုလှလှ စာသားလေး များကိုလည်း ခံစားကြည့်ကြပါကုန် ...။ ထိုသို့သော ဂန္ထဝင်စာသားများက မြန်မာသံ မဟုတ်သော အနောက်တိုင်း ဘိုသံတေးသွားတွင် ပူးကပ်စီးဝင်သွားစေသည် ဆိုပါ၏။ အနုပညာ..။

-ခါတော်မီ သိင်္ဂီရွှေမန်းပိတောက်တို့သာ။
မှည့်ဝင်းကာ နေလိမ့်မယ်၊ ထင်မိတာတွေ။
ဝန်ခံပါပြီ၊ ခုတောဖြင့် တခြားစီနေ ...။
မာလာစုံအမည် မှည့်နိုင်ပေ ...
ပြာသိုမှာ ခွာညိုဟာ ပွင့်ခဲ့ပေါ့လေ ...
ခုတန်ခူးလည်း သူလည်း ပါစွာလိုက်ပုံတွေ
အို ... အလိုဗျာ၊ သင်္ကြန်မယ်တွေ၊ ပန်းမှတ်ထင်နေ
လူလည်ဆိုအ ဦးကွဲ့လေ ...
ရွှေသဇင်တွေ ..၊ ဟိုမှာ နှင်းဆီတို့တတွေ
လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ
AMBA ငေးမိပေါ့ ကျက်သရေ
အို ... အစုလိုက် ယဉ်များခေါင်တွေ။

-တောင်သမန်ကြည်အင်း ရေလှိုင်းငွေ
မြူးကာနေ ညင်းလေယဉ်ပြေပြေ
ထောင်ရောင်နေ ရဝေနန်း အမရဘုန်းတော်
ရောင်ရွှန်းထွန်ခဲ့ပေ
မော်တော်ယာဉ် AMBA ခေါ်
အသင်းတော်သားများက မာပါစေ ...
နိုင်ငံတော် ညီရင်းအစ်ကိုများ ဒို့တိုင်းရင်းသားတွေ
တအူထုံ့ဆင်း ချစ်ခင်ရင်းနှီး၊ ကြတယ်လေ
ထာဝစဉ် မေတ္တာဓာတ်တိုးစေ ဖျန်းဆွတ်သော
သင်္ကြန်ရေ ...၊

-အစ်မကြီးတွေ စိတ်မှာတင် မော်တော်ယာဉ် ယာဉ် ယာဉ်
နှမလေးတွေစိတ်မှာမြင် မော်တော်ယာဉ် ယာဉ် ယာဉ်
ကပါ ဆိုပါ စိတ်တိုင်းကျပေါ့ တီးမယ်ပျော်ပျော်ပင် ...
ကပါ ဆိုပါ စိတ်တိုင်းကျပေါ့ တီးမယ် ပျော်မြူးရွှင်
ထာစဉ် ငြိမ်းချမ်းသာယာ မာစေ၊ တောင်းဆုထူးပင်။

၁၉၅၁ ခုမှာ ဆရာမြို့မငြိမ်း စုစည်းခဲ့သည့် ဝါးပုလွေအလက် ၆ဝ ကျော်နှင့် စောင်းကောက်အသင်းကဲ့သို့ ၁၉၆ဝ ကျော်ဝန်းကျင်တွင်လည်း အသင်းတသင်း ထွက်ပေါ်လာပြန်၏။ ထိုအဖွဲ့ကလည်း တေးမှုတ်ပုလွေများ ပါသည်။ မှောက်ထားသော သံစည်ပိုင်းများ ပါသည်။ ဘူးသီးခြောက်များ ပါသည်။ သူတို့အဖွဲ့နာမည်က Hard Rock တဲ့။ ဆရာမြို့မငြိမ်း၏ စောင်းကောက်ကဲ့သို့ လူ ၆ဝ ကျော်တော့ မပါ။ လူ ၁ဝ ယောက်လောက်ပဲ ပါမှာပေါ့။ သို့သော် ထိုနှစ်မှာ Hard Rock က သင်္ကြန်မင်းသားဖြစ်သွားသည်။ ဝါးပုလွေများ၊ သံစဉ်နိမ့်မြင့် သံစည်ပိုင်းများဖြင့် ထိုစဉ်က ခေတ်စားနေသော Rock တေးသွားများကို မြိုင်မြိုင်ကြီး တီးမှုတ်ကြသည်။ ဆရာမြို့မငြိမ်း ဂျပ်(စ်)အသွားဖြင့် ရေးစပ်ခဲ့သော 'ကရဝိတ်(သ)မြူးစစ်' ကိုလည်း တီးခတ်သည်။ ထို့ပြင် ...

'ရွှံ့ပေါ် ရှဥ့်ပြေး ရှဥ့်မွေး ရွှံ့မလူး
ရွှံ့ပေါ် ရှဥ့်ပြေး ရှဥ့်မွေး ရွှံ့မလူး
(ကြားဖူးတယ်)
ရွှံ့ပေါ် ရှဥ့်ပြေး ရှဥ့်မွေး ရွှံ့မလူး
တောင်ပေါ်က ရှမ်းကလေး
လျှော်ထမ်းလို့ပြေး
တိုတဲ့လျှော်က တိုတို၊
ရှည်တဲ့လျှော်က ရှည်ရှည်'
စသော စာသားများဖြင့် သီဆို တီးမှုတ်ပြတော့ ပရိသတ်က သဘောအကျကြီး ကျသည်။ တက်ခေါက်ရင်း လျှာမကိုက်မိအောင် အလျင်အမြန်သီဆိုရသော၊ ငါးပိ(တောက်)၊ ငါးချဉ် (တောက်)၊ ငါးလူး (တောက်)၊ ငါးလဲ (တောက်) သီချင်းလည်း ကြားသူတိုင်း လိုက်လံတုပ သီဆိုဖြစ်ကြသည်။ အချင်းချင်းလည်း အလောင်းအစားဖြင့် သီဆိုကြ၏။

မန္တလေးမြို့မှ မြန်မာပညာရှိ ဆရာကြီး ရွှေပြည်ဦးဘတင်၏သား ပန်းချီဆရာ စာရေးဆရာ ဒါရိုက်တာ ဦးဝင်းဖေ ဦးစီးသော Hard Rock အဖွဲ့တွင် မန္တလေးမြို့က အနုပညာ မျက်နှာဖုံးတွေချည်း ပါဝင်ခဲ့တာလည်း မေ့လို့မရ။

ဒါပေမယ့် အနှစ် ၆ဝ ကျော်ခဲ့ပြီလေ။

ဆူးငှက် 

သူရဲ့ဖေ့ဘုတ်စာမျက်နှာက ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 

 

No comments: