Saturday, January 17, 2015

ကျောင်းသား သပိတ်စခန်းဖွင့်မယ်လို့ ကြေညာ

အမျိုးသားပညာရေး ဥပဒေပြင်ဖို့ ကျောင်းသားတွေရဲ့ ရာဇသံပေး တောင်းဆိုမှု ရက် ၆၀ ပြည့်ပြီးတဲ့အထိ အစိုးရဘက်က အကြောင်းပြန်ကြားတာမရှိတဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ သပိတ်စခန်းတွေဖွင့်ပြီး နိုင်ငံလုံးအနှံ့ သပိတ်မှောက်သွားမယ်လို့ ကျောင်းသားတွေဘက်က ပြောပါတယ်။ 

လာမယ့် ၃၊ ၄ ရက်အတွင်း မန္တလေးမြို့ကနေ ကျောင်းသားတွေ စတင်မှာဖြစ်ပြီး ရန်ကုန်မှာလည်း ၁၅ ရက်အတွင်း သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမယ်လို့ ကျောင်းသားတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။ 


ဒီသပိတ်တိုက်ပွဲကိုလည်း ကျောင်းသားသမဂ္ဂတွေ၊ ပညာရေးအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ဖို့ရှိနေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်မယ့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ ဗဟိုကော်မတီဝင် ကိုဇေယျာလွင် က ပြောပါတယ်။ 

အမျိုးသားပညာရေး ဥပဒေပါအချက်တွေကိုပြင်ဖို့ရာမှာ အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ပါတဲ့ ၄ ပွင့်ဆုံ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပေးဖို့ ကျောင်းသားတွေဘက်က တောင်းဆိုနေတာ ဖြစ်ပါတယ်။ 

ဒီအတွက်တောင်းဆိုမှုတွေကိုလည်း ပြီးခဲ့တဲ့ ၂ လလောက်တုန်းက ၄ ရက်ကြာ ဆန္ဒပြပွဲတွေကိုပြုလုပ်ခဲ့ပြီး အစိုးရဘက်က ညှိနှိုင်းဖို့ တရားဝင် ကမ်းလှမ်းတာမျိုးမရှိခဲ့တဲ့အတွက် ကျောင်းသားတွေ နောက်ထပ်တဆင့်တိုးပြီး အစိုးရကို ဖိအားပေးတဲ့ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်မယ့်ပုံ ရှိနေပါတယ်။ ။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

 

No comments: