Monday, March 3, 2014

လူ့အခွင့်အရေးဆိုတာ လိင်တူဆက်ဆံရေး မဟုတ်... (ကိုညို)

လူကြီးတွေငယ်ငယ်က ဆုံးမလေ့ရှိတဲ့ စကားတခွန်းပါ။ ဆုတ်ကပ် ကမ္ဘာထဲရောက်လာပြီဆိုလူတွေဟာ ဟီရိသြတ္တပ္ပတရားတွေနဲ့အညီ မကျင့်ကြံတော့ဘူးတဲ့...။ 

မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အရှက်အကြောက်တရားလို့ခေါ်တဲ့ ဟီရိသြတ္တပ္ပတရားတွေ ပျက်ပြားနေတာတွေ တနေ့တခြားမြင်ရတော့ ကျနော်တို့ စိတ်ပျက်လက်ပျက်ဖြစ်ရတယ်။။ ရှက်ရမယ့်အရာကို မရှက်တော့ဘဲ မရှက်သင့်တာတွေ ရှက်နေတယ်။ ကြောက်သင့်တဲ့အရာတွေ မကြောက်ဘဲ မကြောက်ရမှာတွေကို ကြောက်လန့်နေကြတယ်။ 

သဘာဝတရားနဲ့ သွေဖီဆန့်ကျင်လာပြီဆိုရင် အဲဒီသဘာဝတရားကြီးရဲ့ အပြစ်ဒဏ်ကို သဘာဝကျကျ ခံစားရမှာဖြစ်တယ်။ ကျနော်ဟာ လိင်တူစုံမက်ခြင်းကို သဘာဝနဲ့ သွေဖယ်မှုဖြစ်လို့ စိတ်ဝေဒနာတရပ်လို့သာ ခံယူတယ်။ ဒါကြောင့် ဂရုဏာသက်တယ်။ လိင်စိတ်ပြောင်းလဲနေသူတွေ၊ နပုလ္လိင်တွေနဲ့ပတ်သက်ပြီး ဘာသာတရားသမားတချို့က ဝဋ်နာကံနာတို့ ဘာတို့ပြောရင် မကြားချင်ဘူး၊ စိတ်မကောင်းဘူး၊ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းဆဲ အနိုင်ကျင့်တာမျိုး မဖြစ်သင့်ဘူး။ ဒါဟာ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ချိုးနှိမ်တာလို့ပဲ ခံယူတယ်။ 


တချိန်က မသိနားမလည်ခဲ့လို့ ဂန်ဒူး၊ အခြောက်၊ မတ်... ဘာညာဆိုပြီး ပြောခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ဒါဟာ လူလူချင်း ခွဲခြားမှု၊ နှိမ့်ချမှု၊ လူ့ဂုဏ်သိက္ခာကို စော်ကားမှုပဲဆိုတာသိလာတော့ ကိုယ့်နှုတ်က အဲလို တဖက်သားအပေါ် နှိမ့်ချတဲ့ အသုံးအနှုံးမျိုး သတိလက်လွတ်နဲ့ ထွက်မသွားအောင် ဆင်ခြင်ခဲ့တယ်။ ဒါဟာ လူ့အခွင့်အရေးနဲ့ လူတဦးတယောက်စီရဲ့ ဂုဏ်သိက္ခာကို လေးစားလို့ဖြစ်တယ်။ 

ကိုယ်တိုင် တိုးတက်ခေတ်မီတဲ့ တိုင်းတပါးကိုရောက်လာတဲ့အခါ လူတယောက်စီရဲ့ တန်ဖိုးနဲ့ဂုဏ်သိက္ခာကိုပိုပြီး လေးစား အသိအမှတ်ပြုရမှန်း သိလာတယ်။ ယောက်ျားချင်း လက်ကလေးချိတ်ပြီး တွဲလျှောက်နေသူတွေကိုလည်း ဒီနိုင်ငံမှာ တွေ့ရတယ်။ သူတို့ဟာ လိင်တူချစ်သူတွေဖြစ်တယ်။ ကျနော်တို့ဆီမှာ သူငယ်ချင်းတွေ ပုခုံးဖက်သွားမျိုး၊ လက်ချိတ်သွားတာမျိုး မဆန်းပေမယ့် ဒီနိုင်ငံမှာတော့ လိင်တူချစ်သူတွေမဟုတ်ရင် အဲလိုပုံစံနဲ့ မသွားတတ်ဘူး။ လိင်တူချစ်သူတွေကိုလည်း နောက်ပြောင် ကျီစားတာမျိုး မရှိပါဘူး။ လုပ်ခဲ့ရင်လည်း ပတ်ဝန်းကျင်က နှစ်မြို့မှာမဟုတ်။ မကျေနပ်ရင် တရားစွဲခံရမယ်။ 

ဒါကို ကျနော်တို့ ရှုတ်ချနေတာ မဟုတ်ဘူး။ နော်ဝေးနိုင်ငံဟာ စကင်ဒီနေးဗီးယန်း နိုင်ငံတွေထဲက ပထမအရင်ဦးဆုံး လိင်တူလက်ထပ်ထိမ်းမြားခွင့်ကို လွန်ခဲ့တဲ့ ၅ နှစ် (၂၀၀၉ ဇန်နဝါရီ ၁) ကမှစပြီး တရားဝင် အသိအမှတ်ပြုခဲ့တယ်။ တကမ္ဘာလုံးမှာ လိင်တူချင်း တရားဝင် လက်ထပ်ထိမ်းမြားခွင့်ရတဲ့နိုင်ငံပေါင်း ၁၃ နိုင်ငံရှိပါတယ်။ အမေရိကားနဲ့ မက္ကစီကိုနိုင်ငံတွေမှာ တချို့ပြည်နယ်တွေက လက်မခံသေးပါလို့ တပိုင်းတစပဲ ခွင့်ပြုတဲ့နိုင်ငံတွေအဆင့်ပဲ ရှိပါတယ်။ မနှစ်က မေလမှာ ပြင်သစ်မှာ ပထမဆုံး လိင်တူအမျိုးသားနှစ်ယောက် လက်ထပ်ပွဲကို အစိုးရက တရားဝင်ခွင့်ပြုအပြီး လူထောင်နဲ့ချီဆန္ဒပြခဲ့တယ်။ 

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအသားကျနေတဲ့ နိုင်ငံတွေမှာတောင် လိင်တူချင်း ထိမ်းမြားလက်ထပ်တာကို အစိုးရက ဥပဒေပြဌာန်းသဘောတူတာကို အကြီးအကျယ် ကန့်ကွက်ရှုတ်ချနေတုန်းရှိပါတယ်။ အထူးသဖြင့် ဘာသာရေး ယုံကြည်ချက်ရှိသူတွေနဲ့ ဘာသာရေး အဖွဲ့အစည်းပေါင်းစုံက ဒီကိစ္စကို ခါးခါးသီးသီး ဆန့်ကျင်ပါတယ်။ လိင်တူချင်း လက်ထပ်ပေါင်းသင်းမှုကို ဘယ်ဘာသာမှ လက်မခံပါဘူး။ ဒါကို လူ့အခွင့်အရေး တန်ဖိုးထားတယ်လို့လည်း ထူးထူးကဲကဲ ဖြစ်မနေကြပါဘူး။ လူ့အဖွဲ့အစည်းက လက်သင့်မခံထိုက်တဲ့ကိစ္စလို့သာ အငြင်းပွားနေတုန်းပါ။ 

မြန်မာပြည်မှာ လိင်တူချင်း တွဲတာ၊ ချစ်တာ၊ တိတ်တိတ်ပုန်း လက်ထပ်ကြတာ ကျနော်တို့ မမွေးခင်ကတည်းက ရှိနေတာပါ။ ဒါက မထင်မပေါ်ဖြစ်နေတာမို့ လူတွေက နားလည်မှုပေးကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှနိုင်ငံမှာလည်း လိင်တူချင်း အတူတကွ ပေါင်းသင်းနေထိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် တရားဝင်လက်ထပ်ခွင့်ကို ဥပဒေနဲ့ ခွင့်ပြုတာမျိုးတော့ မရှိပါဘူး။ 

ခုရက်ပိုင်း မီဒီယာတွေမှာပျံ့နှံပေါ်ထွက်လာတဲ့ လိင်တူအမျိုးသားနှစ်ယောက်ရဲ့ လက်ထပ်ထိမ်းမြားမှုသတင်းကို ကြိုဆိုသံတွေရော၊ ဝေဖန်သံတွေနဲ့ပါ တွေ့ရပါတယ်။ အခုလို ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့်ချိုးဖောက်မှုတွေ ပွက်ပွက်ညံနေချိန် ၊ အခြေခံဥပဒေပြင် ဆင်ရေးဆွဲရေး အပါအဝင် လယ်သမားအခွင့်အရေး ချိုးဖောက်မှုနဲ့ လက်ပံတောင်း ကြေးနီစီမံကိန်းကို ကန့်ကွက်နေချိန်မှာ ယခင်က စစ်အာဏာရှင်တပိုင်း အာဏာလက်မလွှတ်ချင်သူတွေဘက်ကလည်း အမျိုးမျိုး အာရုံလွှဲဟန့်တားမှုတွေကို မီဒီယာစင်မြင့်ပေါ်ကနေ လုပ်နေကြတယ်။ ထင်ရှားတာကတော့ မျိုးစောင့်ဥပဒေ လွှတ်တော်တင်တဲ့ကိစ္စ ဖြစ်ပါတယ်။ တချိန်ထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပုံပျက်ပန်းပျက်ဖြစ်အောင် ပုံဖော်နေတာတွေကိုလည်း တွေ့ရပါတယ်။ 

တချိန်က ပြည်ပမှာ လွတ်လွတ်လပ်လပ် ဟော့ဟော့ရမ်းရမ်း နေထိုင်လှုပ်ရှားခဲ့သူတွေ၊ လူ့အခွင့်အရေးအကြောင်းပြုပြီး မိမိတို့ သန်ရာသန်ရာ လိင်ဖောက်ပြန်မှုတွေ လွန်လွန်ကဲကဲလုပ်ခဲ့တဲ့ ကိုယ်ကျင့်တရားပျက်ယွင်းသူတွေက လိင်တူ လက်ထပ်ခွင့် တရားဝင်ဖြစ်လာရေးနဲ့ လိင်တူချစ်သူများ အဖွဲ့အစည်းတွေကို မြှောက်ပင့်အားပေး လုပ်ကိုင်နေကြတာကိုလည်း ကြားသိနေရပါတယ်။ ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာဆိုသလို ကိုယ်ကျင့်သီလ မလုံခြုံသူတွေက မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ကပြအသုံးတော်ခံနေကြတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ဒါမျိုးကြီးလားဟလို့ မလိုသူတွေကို ဝေဖန်စရာ အကွက်ထွင်ပေးသလို ဖြစ်နေပါတယ်။ 

လူ့အခွင့်အရေးအကြောင်းပြုပြီး မိမိတို့သန်ရာသန်ရာ ဂျန်တာအီကွယ်လတီတွေ၊ ဂေးရိုဒ်တွေကို ရှေ့တမ်းတင်ပြီး လူ့အခွင့်အရေး မျက်စိစပါးမွှေးစူးအောင် လုပ်နေပါတယ်။ အဓိကနဲ့ သာမညကို ကွဲပြားလုပ်ဖို့လိုပါတယ်။ တချိန်ကလည်း ထိုအနှီပုဂ္ဂိုလ်တွေကပဲ တော်လှန်ရေးကို လိင်တူချစ်သူ နတ်ကနားပွဲကြီးနဲ့တူအောင် လုပ်ခဲ့ကြတယ်။ သီလသမာဓိမရှိသူတွေရဲ့ ကြံစည်အားထုတ်မှုတွေ ချောမွေ့ အဆင်ပြေတတ်သလား၊ သီလ သမာဓိ မရှိသူတွေလုပ်ဆောင်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးဆိုတာတွေကလည်း အောင်မြင်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ကြည့်ပါ။ 

တကယ်တော့ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လယ်သမားတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ တိုင်းရင်းသားပြည်သူတွေနဲ့ တပ်မတော်သားလေးတွေကအစ တိရိစ္ဆာန်လေးတွေအဆုံး အကာအကွယ်မဲ့နေကြတာပါ။ သူတို့အတွက် ဦးစားပေးပြီး အရှိန်မြှင့်ဆောင်ရွက်ရမယ့်အချိန်၊ တပြည်လုံးကို စစ်အာဏာရှင် သံကွန်ခြာထဲထည့်ထားမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံကို အမြန်ဖျက်သိမ်းပြင်ဆင်ဖို့ ဆောင်ရွက်ရမယ့်အချိန် ဖြစ်တယ်။ အမျိုးဂုဏ်ထိမ်းသိမ်းမယ်ဆိုတဲ့ သံဃာ့တချို့ကလည်း ဘာသာရေးနဲ့မလျှော်ညီတဲ့ ဟီရိသြတ္တပ္ပတရားမဲ့ကိစ္စတွေကို မထောက်ပြဘဲ မယောင်ရာဆီလူး ဆူဆူပူပူဖြစ်မယ့်ကိစ္စတွေ သွေးထိုးပေးနေကြတယ်။ 

တကယ်တော့ လူ့အခွင့်အရေးဆိုတာ လိင်တူဆက်ဆံရေး မဟုတ်ပါ။ ဘယ်မိဘမှ မိမိရင်သွေး သားယောက်ျားကို ယောက်ျားချင်း လက်ထပ်ပေါင်းသင်းပေးဖို့ အလိုမရှိပါ။ မိဘတွေရဲ့ လိုအင်ဆန္ဒတွေကို မျက်ကွယ်ပြုပြီး လူငယ်တွေကို မြှောက်ပင့်သွေးထိုး အားပေးနေတာဟာ ရှက်ဖွယ်လိလိပါ။ အကုသိုလ်လည်း ကြီးပါတယ်။ မိမိတို့လူ့အဖွဲ့အစည်းက လိုက်လျှောနိုင်သလောက်၊ စာနာနားလည်နိုင်သလောက် မသိကျိုးကျွံပြု ဥပက္ခောထားခဲ့ပြီးဖြစ်ပါတယ်။ ဒီထက်ပိုပြီး ထင်ထင်ပေါ်ပေါ် အခွင့်အရေးယူလာရင် လက်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် လူ့အခွင့်အရေးအကြောင်းပြုပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို ပုံဖျက်ဖို့ မကြိုးစားကြပါနဲ့။ ပြည်သူတွေစိတ်ထဲ လူ့အခွင့်အရေးဆိုတာ လိင်တူဆက်ဆံခွင့်လိုင်စင်ရအောင် လုပ်တာပါကွာ...လို့ စိတ်ပျက်ညီးတွားသံတွေလည်း ဘယ်သူမှကြားချင်မှာ မဟုတ်ပါဘူး...။ 

ကိုညို 
၃ မတ်၊ ၁၀၁၄ ခုနှစ်

 

No comments: