Saturday, March 1, 2014

ပြောတာပဲ (ဇော်သက်ထွေး)

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီး က မြေသိမ်းယာသိမ်းကိစ္စတွေမှာ ပြည်သူတွေ နစ်နာဆုံးရှုံးမှုမရှိအောင် လုပ်ရမယ်လို့ ပြောပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း မိဘပြည်သူများ ခင်ဗျားဆိုပြီး ရိုသေကျိုးနွံစွာနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောလေ့ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တပ်မတော်ဟာ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံပြီး ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာကို ပြောခဲ့ပါတယ်။ 

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေထဲက ၁၆၀ ကျော်ဟာ လွှတ်တော် သက်တမ်း ၃ နှစ်အတွင်း ဘာမေးခွန်းမှ မမေးခဲ့ပါဘူး။ အစိုးရအဖွဲ့အတွင်းမှာလည်း အကျင့်ပျက်ခြစားမှုကြောင့် အရေးယူခံရတဲ့ ဝန်ကြီး မရှိပါဘူး။ လက်ရှိ အာဏာရထားတဲ့ပါတီထဲက ပုဂ္ဂိုလ်တချို့ဟာ ပြုပြင်ပြောင်းလဲရေးတွေကို ခုခံဖို့အတွက် အရင်အစိုးရရဲ့လက်ရာအတိုင်း ဗြောင်ကျကျ လှုပ်ရှားနေဆဲပါပဲ။ 

ရာသီဥတုက ပူတယ်။ ပြည်သူတွေက ဆင်းရဲတယ်။ ဘတ်စ်ကားကြီးတွေက နိုင်ငံတော်ပိုင်လမ်းပေါ်မှာ စိတ်ထင်သလို မောင်းနေကြတယ်။ ရုပ်ရှင်တွေကလည်း မကောင်းဘူး။ သရုပ်ဆောင်တွေက အခန်းတစ်ခန်းထဲမှာ စုရပ်ပြီး စကားတွေပဲ ပြောနေကြတယ်။ ပြဇာတ်သာသာပဲ။ ဟာသကားတွေပဲများနေပြီး အတွေးအခေါ်တွေက မြင့်မားမလာတော့ဘူး။ 


အရင်တုန်းက ရုပ်ရှင်သမားတွေ ပြောနေကျ စကားကြီးနှစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ဆီက စက်ပစ္စည်းတွေ ခေတ်မမီတော့လို့၊ ကျွန်တော်တို့ရဲ့ ဆင်ဆာမူဝါဒ တင်းကြပ်လွန်းလို့ဆိုပြီး မြန်မာဇာတ်ကားတွေ အရည်အသွေး ကျဆင်းတာကို ဆင်ခြေပေးလေ့ရှိပါတယ်။ အခု ဆင်ဆာလည်း မကြပ်တော့ပါဘူး။ စက်တွေလည်း ထိုက်သင့်သလောက် ရှိလာပါပြီ။ ဒါပေမယ့် ဇာတ်ကားတွေကတော့ နာမည်တွေကရော၊ အတွေးအခေါ်တွေကရော၊ အောက်တန်းကျတုန်းပါပဲ။ 

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကလည်း ပွဲတိုင်း ရှုံးနေတယ်။ လစာဖြတ်တောက်ခြင်းခံရတဲ့ ဘောလုံးသမားတွေရဲ့ ခြေစွမ်းကလည်း ကောင်းမလာတော့ဘူး။ ဘောလုံး အကယ်ဒမီမှာရှိတဲ့ ကျောင်းသားလေးတွေကလည်း ဆယ်တန်းအောင်အောင် မဖြေနိုင်ဘူး။ ကစားသမားတွေရဲ့ အပြုအမူတွေဟာ ကြမ်းတမ်းရိုင်းစိုင်းတယ်လို့ မီဒီယာတွေက မှတ်ချက်ပြုတယ်။ ဒါ့ကြောင့် မြန်မာနေရှင်နယ်လိဂ်ကိုလည်း ပရိသတ်တွေ လာမကြည့်တော့ဘူး။ 

ယာဉ်ကြောပိတ်ဆို့နေတာ လမ်းတွေချည်းကိုပဲ အပြစ်ပြောလို့မရ၊ ကား တင်သွင်းခွင့်ပေးတာချည်းပဲ အပြစ်ပြောလို့မရ၊ လိုင်းနှစ်လိုင်းကို ခွမောင်းတဲ့ မော်တော်ကားတွေ ညာဘက်ယာဉ်ကြောက ဘယ်ဘက်ယာဉ်ကြောအထိ ပြောင်းပြီး မောင်းချင်တဲ့ ဒရိုင်ဘာတွေ ဘယ်သူ့ကားကိုမှ အလျှော့မပေးလိုတဲ့ မြန်မာ့စိတ်ဓာတ်တွေက မီးပွိုင့်မှာ တစ်နေတယ်။ 

မြန်မာ့ပညာရေးအဆင့်အတန်းက နှစ် ၃၀ အတွင်း လုံးဝ ပျက်စီးသွားပြီး ကလေးတွေကလည်း လောကနီတိဆိုတာကို မသိတော့ပါဘူး။ တိုင်းပြည်ချစ်စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးလိုစိတ်တွေ နည်းပါးပြီး အချောင်ရတဲ့ အခွင့်အရေးတွေကို မက်မောလာကြတယ်။ 

သစ်ထုတ်လုပ်ရေးက ဒီနှစ် ဧပြီမတိုင်ခင် သစ်အားလုံးကို ခုတ်နေတယ်။ မြန်မာပြည်ရဲ့ သစ်တောဧရိယာက စာရွက်ထဲမှာ ၁၉ ရာခိုင်နှုန်းပဲ ကျန်တော့တယ်ဆိုပေမယ့် သစ်တောတွေကို ကာကွယ်တားဆီးနေတဲ့ တောအုပ်ကြီးတွေကို ခြုံအုပ်ကြီးတွေလို့ ပြောင်ပြီး ခေါ်နေကြပြီ။ တလောက ပလပ်စတစ်အိတ်တွေဟာ မြေဆီလွှာပျက်သုဉ်းတယ်ဆိုပြီး ကြွပ်ကြွပ်အိတ်အစား စက္ကူအိတ်တွေကို အစားထိုးဖို့ ပလတ်စတစ်လုပ်ငန်းရှင်တွေကို ခေါ်ပြောခဲ့ပေမယ့် နောက်ဆုံးတော့ ဒုံရင်းက ဒုံရင်းပါပဲ။ ဧရာဝတီမြစ်ကို လမ်းလျှောက်ကူးလို့ရပြီး ပန်းလှိုင်မြစ်ကိုတော့ မြေပုံထဲက ဖျက်ပစ်လို့ရပါပြီ။ 

ရွာသူရွာသားတွေက လယ်မြေတွေ အသိမ်းခံရလို့ မလေးရှားကိုသွားပြီး အလုပ်လုပ်ကြရတယ်။ တံငါသည်တွေက ငါးတွေကို ဘက်ထရီနဲ့ ရှော့တိုက်ပြီး ဖမ်းတယ်။ ပညာရေးဝန်ထမ်း ဆရာမတွေက အိမ်မှာ ကျူရှင်သင်တယ်။ ရှေ့နေတွေက တရားသူကြီးတွေအတွက် အမှုပွဲစားလုပ်ပေးပြီး တရားဥပဒေကို ဖျက်ဆီးတယ်။ ဂေါပကတွေက စီးပွားရေး လေလံပစ်တတ်ကြပြီး ကျောင်းဆရာတွေက ချဲဒိုင်လုပ်တတ်တယ်။ အထူးကုတွေက လူနာတစ်ယောက်ကို ငါးမိနစ်ပဲကြည့်တာ ဘယ်သူမှ မပြောရဲဘူး။ ဆရာဝန်ကြီးက ဆွေးနွေးပညာပေးတယ်ဆိုတာ မြန်မာ့အသံက ရေဒီယို ဇာတ်လမ်းထဲမှာပဲ ရှိတယ်။ အထူးကု ဆေးခန်းတွေကလည်း ဆရာဝန်ကြီးတွေကို အလိုလိုက်နေရပုံပါပဲ။ 

သတင်းထောက်တွေက ဂျာနယ်ရောင်းကောင်းဖို့အတွက် စာနယ်ဇင်းကျင့်ဝတ်တွေ ချိုးဖောက်နေကြပြီး ပြည်ထဲရေးကလည်း ကျွံလာတဲ့ သတင်းသမားတွေကို သင်ခန်းစာပေးချင်နေတယ်။ ယာဉ်တိုက်မှုတွေကြောင့် မနှစ်က လူပေါင်း ၃၅၀၀ သေဆုံးခဲ့ပေမယ့် ဆိုက်ကားသမားတွေက ဆိုင်ကယ်တက္ကစီ ဆွဲနေကြပြီ။ 

တပ်မတော်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို လွှတ်တော်က လျှော့ချလိုက်ပေမယ့် အရာရှိစစ်သည် ၃၀၀၀ ကတော့ နှစ်စဉ်တိုးပွားနေပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့ ဆောင်ပုဒ်က လူတွေရယ်စရာ ပျက်လုံးဖြစ်ခဲ့ပေမယ့် မြန်မာ့ကင်ဆာအမျိုးမျိုး ကမ္ဘာမှာ တိုးစေရမည်ဆိုတဲ့ ဆောင်ပုဒ်ကတော့ တစ်နှစ်ထက် တစ်နှစ် ပိုပြီးမှန်ကန်လာပါတယ်။ ကမ္ဘာ့ကင်ဆာ အဖြစ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာက အဆင့် ၃ ချိတ်သတဲ့။ ဒီနှစ်ပိုင်းမှာ ရွှေဆိုင်အတော်များများ လုယက်ခံရပြီး ရဲတွေက တရားခံတိုင်းကို မဖမ်းနိုင်ခဲ့ပါဘူး။ 

ပြည်သူတွေ မကြည်ညိုတဲ့ ခရိုနီတွေက သူတို့ရှင်သန်မှုအတွက် အတိုက်အခံ နိုင်ငံရေးပါတီတွေရဲ့ လူမှုရေး လှုပ်ရှားမှုတွေမှာ ငွေတွေလှူနေပေမယ့် နောက်ထပ် အခွင့်အရေးတွေမရတော့လို့ ဝမ်းနည်းနေပါတယ်။ အတွင်းသိတွေကတော့ နောက်ထပ် အခွင့်အရေးတွေ မရတော့ဘူးဆိုတာ ဘယ်သူပြောလဲလို့ ဆိုပါတယ်။ အာဏာရှင် အစိုးရလက်ထက်က ကရုဏာကြီးချင်ယောင်ဆောင်ထားတဲ့ အမျိုးသမီး ပရဟိတအဖွဲ့အစည်းတွေကလည်း အခုတော့ လူမှုရေးမလုပ်ကြတော့ဘူး။ အနုပညာသမားတွေကတော့ လူမှု ဂုဏ်ထူးဆောင်လက်မှတ်ရဖို့ နာရေးကူညီမှုအသင်းက လူသေတွေကို သင်္ဂြိုဟ်ပေးနေပေမယ့် အနုပညာလောကအတွင်း မူးယစ်ဆေးသုံးစွဲမှုကတော့ အရင်အတိုင်းပါပဲ။ 

လူငယ်တွေကြားထဲမှာ လက်ဖက်ရည်သောက်တဲ့သူနည်းလာပြီး အရက်သောက်တဲ့သူများလာပေမယ့် ဘယ်စတိုးဆိုင်ကမှ ၁၈ နှစ်အောက် အရက်မဝယ်ရလို့ ကြေညာချက်မထုတ်သေးပါဘူး။ ဘယ်အရက်ကောင်တာမှလည်း အချိန်ပိုင်းနဲ့ ရောင်းမယ်ဆိုတာမျိုး မရှိပါဘူး။ အရက်ကုမ္ပဏီတွေ သိန်းပေါင်းသောင်းချီ ချမ်းသာလာပေမယ့် အသည်းကင်ဆာနဲ့ သေတဲ့သူတွေကလည်း သိန်းပေါင်းသောင်းချီနဲ့ အပြိုင်ချီတက်လာပါပြီ။ 

မြန်မာနိုင်ငံသားတွေအားလုံးဟာ ပင်လယ်၊ တောတောင်၊ သစ်ပင်၊ ကျေးငှက်တိရစ္ဆာန်တွေကို ချစ်ပုံမရတဲ့အတွက် တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်က အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိလာပါတယ်။ 

လူ့အဖွဲ့အစည်းအတွင်းမှာ အိမ်ထောင်ပြုမှုနှုန်းကျလာသလို အိမ်ထောင်ကွဲမှုနှုန်းကလည်း မြင့်တက်ခဲ့တဲ့အတွက် ဖခင်မဲ့ကလေး ဦးရေကလည်း ပိုပြီးတိုးပွားလာပါတယ်။ ဆင်ဆာမဲ့ အပြာဗွီဒီယိုခွေတွေဟာ လမ်းဆုံလမ်းခွနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ပေါ်ပေါ်တင်တင်ရောင်းချနေပေမယ့် ဖမ်းဆီးမယ့်သူ မရှိသေးပါဘူး။ တရားဥပဒေစိုးမိုးရေး ဆိုတာ ဖတ်လို့ကောင်းအောင်ရေးထားတဲ့ စာအုပ်ထဲက စာသားတစ်ခုသာ ဖြစ်ပါတယ်။ ဒီအပြာခွေတွေရဲ့ ရိုက်ခတ်မှုကြောင့် အသိဉာဏ်ချို့တဲ့တဲ့ ဗုဒ္ဓဘာသာကျေးလက်တွေမှာ ကိုယ့်သားသမီးတွေကို အဓမ္မကျင့်ကြံတဲ့ အမှုမျိုးတွေ မကြားစဖူး ပေါ်ပေါက်လာပါတယ်။ 

မြန်မာပြည်ရဲ့ သူဌေးအားလုံးက အာဏာပိုင်တွေကို လာဘ်ထိုးဖို့လက်မနှေးပေမယ့် အခွန်ရှောင်ဖို့ကျတော့ ညီတူညာတူ ယိမ်းကနေကြတယ်။ ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်တွေက စာပေလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပြီး စစ်ဗိုလ်တွေက စီးပွားရေးလုပ်တယ်။ လယ်သမားတွေက ဆန္ဒပြနည်း တတ်မြောက်သွားပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏ ခွင့်ယူတတ်တယ်။ တရားသူကြီးတွေက ငွေတိုးပေးပြီး ဗိုလ်ချုပ် ကတော်တွေက လုံးချင်းအိမ်တွေ ငှားစားကြတယ်။ စာရေးမတွေက ညွှန်ကြားရေးမှူးရဲ့ အငယ်အနှောင်းဖြစ်သွားပြီး ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက် ပျောက်ပြီးပြန်ပေါ်လာရင် ဂျာနယ်လစ် ဖြစ်နေတတ်တယ်။ 

လွှတ်တော်က ဥပဒေတွေအမျိုးမျိုး ပြဌာန်းနေပေမယ့် ကိုယ်စားလှယ်တွေက သူ့မဲဆန္ဒနယ်မြေတွေဆီကိုလည်း မသွားကြပါဘူး။ နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြစ်လာပြီလို့ သမ္မတကြီးကပြောပေမယ့် အဖွဲ့အစည်းတွေနဲ့ အတွေးအခေါ်တွေကတော့ အဟောင်းတွေ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရသေးပေမယ့် လက်နက်ကိုင်အဖွဲ့တွေကတော့ မော်တော်ကားပါမစ် ရသွားပါပြီ။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ရန်ဖြစ်နေပေမယ့် ချမ်းသာပုံခြင်းကတော့ အတူတူပါပဲ။ 

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကမ္ဘောဒီးယား ခြင်းအဖွဲ့ကို ရွှေတံဆိပ်ရစေရမယ်လို့ ကတိပေးဖိတ်ခေါ်ခဲ့ပြီး နောက်ဆုံးတော့ မြန်မာတွေက ကတိဖျက်ခဲ့တယ်။ နိုင်ငံတော် သမ္မတကြီး ကြွေးကြော်ခဲ့တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးက မအောင်မြင်ဘဲ ပြည်သူတွေခမျာ နွားနို့တောင် မသောက်နိုင်ပါဘူး။ 

အစိုးရဝန်ကြီးတွေ သုံးနှစ်အတွင်း ပြောတဲ့မိန့်ခွန်းတွေက မြန်မာပြည်သမိုင်းမှာ ထာဝရ တွင်ကျန်ရစ်ခဲ့ပါပြီ။ ပြည်သူတွေ ထမင်းတစ်နပ် လျှော့စားပါ။ ဖယောင်းတိုင်ထွန်းပြီး နေပါ။ တရုတ်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါ။ လိုအပ်ရင် ပါး အရိုက်ခံပါ။ 

ကလေးတွေအတွက် အားကစားကွင်းတွေ ပျောက်ကွယ်သွားပြီး စည်ပင်သာယာနဲ့ အဆင်ပြေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေအတွက် ဈေးတွေဖြစ်လာတယ်။ ကျေးလက်မှာ ယောက်ျားတွေ ပြည်ပသွား အလုပ်လုပ်နေလို့ မိန်းမတွေက လယ်ထွန်နေကြတယ်။ အမျိုးသား အစွန်းရောက်တွေက လူတွေကို စည်းရုံးဖို့ ဘာသာရေးကို ခုတုံးလုပ်တယ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေကတော့ ကြောက်ခမန်းလိလိပဲ။ 

တိုင်းပြည်မှာတော့ သဘာဝဓာတ်ငွေ့တွေ ရှိသေးတယ်လို့ ပြောတာပဲ။ ရေနံတွေ ရှိသေးတယ်လို့ ပြောတာပဲ။ ကျွန်းသစ်တွေ ရှိသေးတယ်လို့ ပြောတာပဲ။ ကျောက်စိမ်းတွေ ရှိသေးတယ်လို့ ပြောတာပဲ။ 

ဂုဏ်သိက္ခာတွေရှိသေးတယ်လို့ ပြောတာပဲ။ 

ပြောတာပဲ ... ... ... 

ဇော်သက်ထွေး 

Tomorrow သတင်းဂျာနယ်မှ ဆောင်းပါး။ 

 

No comments: