Wednesday, January 8, 2014

နားဝယ်ခါးခါး၊ ကောလဟဠလား (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်ခမျာလည်းဗျာ။ အိုနာကျိုးကန်းဘဝ၊ မှန်းသိရမ်းသိ၊ တိုင်းရေးပြည်ရာ ကမ္ဘာကြည့် မကြည့်နိုင်၊ ဗမာကြည့် မကြည့်နိုင်။ ဇရာကြည့်၊ မရဏကြည့်သာ ကြည့်နိုင်တော့သဗျာ။ ဒါကြောင့်ပဲ ထင်ပါရဲ့။ သေခါနီးကြီး မျက်စိလည်ရုံမက ခေါင်းပါလည်ရော့ လဟယ်လို့များ အကြံဆိုးကြလေရော့လား မသိပေါင်ဗျာ။ ယုတ်တမ်းရမ်းတုတ် လံကြုတ်သတင်းတွေချည်း ကျုပ်ဆီ ရောက်လာနေကြပါရော့လား။ 

သတင်းတွေကလည်း ပေါက်ကရပါဗျာ။ ဒီချုပ်ကတဲ့။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကိုတဲ့၊ ဝင်ကိုဝင်မှာတဲ့။ 

နေဦးဗျ။ သတင်းက ဆိုလေကဲလေ၊ မန်းလေပြဲလေဗျ။ နှစ်နှစ်ကြီးများ တောင်ဝေးသေးတဲ့ ရွေးကောက်ပွဲကြီးကို ဒီချုပ်က ဝင်ကိုဝင်မှာတဲ့။ စကားကြီးက ယုံကောင်းနိုင်သေးရဲ့လား။ ဒါပေမယ့်တဲ့။ ဒီချုပ်ရွေးကောက်ပွဲဝင်မယ်ဆိုတာ တကယ်တဲ့။ မယုံခါမှနေရော။ ကောလာဟလက သူ့ထက်ကဲ၊ ရွှေပြည်စိုးဗျ။ ၂၀၀၈ အခြေခံဥပဒေပြင်သည်ဖြစ်စေတဲ့၊ မပြင်သည်ဖြစ်စေတဲ့။ ဒီချုပ်ကတော့ ရွေးကောက်ပွဲကြီးမှာ ဝင်ကိုဝင်မှာပဲတဲ့။ အစောကြီးကတည်းက ဆုံးဖြတ်ပြီးသားတဲ့။ အခြေခံဥပဒေပြင်မှာ မပြင်မှာက ဘယ်မှာနေမှန်း မသိသေး။ ရွေးကောက်ပွဲဆိုတာကြီးကိုကလည်း ဘယ်မှာနေမှန်းမသိသေး။ ကိုင်း- ယုံချင်ယုံ၊ မယုံချင်နေ။ 


သတင်းက အင်တာနက်တွေမှာလည်း ပြန့်လို့၊ ပြည်တွင်းစာနယ်ဇင်းတွေမှာလည်း ဂယက်ဒီလှိုင်းရိုက်လို့။ အရပ်ထဲမှာလည်း တတွက်တွက်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကွမ်းယာဆိုင်တွေမှာလည်း တပြွတ်ပြွတ်။ 

ကျုပ်ကတော့ အိုနာကျိုးကန်းလေဗျာ။ ဘာသိမှာလဲ။ ကြားတာ ကြားရတာပေါ့။ ဟုတ်တာ မဟုတ်တာ တစ်ကိစ္စ။ ဒီလို ကောလာဟလကြားရတာ အသဲနာသကွယ်လို့ ငိုကြီးချက်မနဲ့ ညည်းချင်းချမိတာပေါ့ဗျာ။ ပြီးတော့လည်း ပြီးတာပေါ့။ ပြီးတော့မှ နာစရာကို လွမ်းစရာနဲ့ဖြေဆိုတဲ့စကားအတိုင်း အတိတ်ကို ပြန်လွမ်းနေလိုက်တာပေါ့။ 

ဒီချုပ်က ၂၀၀၈ အခြေခံဥပဒေကို အတော်ခါးခါးသီးသီးဗျ။ ၂၀၀၉ ဧပြီ၊ ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်မှာရော၊ ၂၀၁၀ မတ်လ၊ ဗဟိုကော်မတီ ဆုံးဖြတ်ချက်မှာပါ ပြတ်ပြီးသားဗျ။ ရွေးကောက်ပွဲဝင်ဖို့၊ ပါတီမှတ်ပုံတင်ဖို့ လာမပြောနဲ့။ ၂၀၀၈ အခြေခံဥပဒေပြင်မှ ဝင်ဖို့၊ တင်ဖို့ စဉ်းစားမယ်။ ဒီလိုကို ယတိပြတ်ချမှတ်ခဲ့တာဗျ။ အလွယ်ပြောရရင် ပါတီလိုင်းက ‘ပြင်+ဝင်’ပေါ့ဗျာ။ ၂၀၀၈ ပြင်ရင် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်။ ဒါပဲ။ 

သို့သော်လည်း အဲပေါ့လေ။ ၂၀၁၁ နိုဝင်ဘာရောက်တော့ ပါတီဗဟိုကော်မတီက ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် ပါတီရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်သုံးရပ်တောင် ချမှတ်လိုက်သေးတယ်။ ပါတီလိုင်းက ‘ဝင်+ပြင်’ ဖြစ်သွားတယ်။ လွှတ်တော် ဝင်မယ်၊ ပြီးမှ အခြေခံဥပဒေကြီး ပြင်မယ်။ ကျုပ်ကတော့ နိုင်ငံရေးလည်း ပတ်ပတ်နပ်နပ် နားလည်လှတာတော့ မဟုတ်ပါဘူး။ အဲဒီ့ဆုံးဖြတ်ချက်ကို နိုင်ငံရေးခံတွင်းမတွေ့ဘူးဗျ။ ထောင်ကျင့်ပါနေတော့ စစ်အစိုးရတစ်ဖြစ်လဲ၊ ဦးထုပ်ချွတ်၊ ခေါင်းပေါင်းစွပ်တွေ ခင်းတဲ့လမ်းဆို လှမ်းချင်စိတ်ရှိလှတာ မဟုတ်ဘူးဗျို့။ ဒါပေမယ့် ကျုပ်တို့က ဒီချုပ်သာ အမိ၊ ဒီချုပ်သာ အဖ သစ္စာခံတွေလား။ ပါတီခင်းတဲ့လမ်း ညီညီလှမ်းကြတာပေါ့။ မြစ်ချောင်းတွေကျော်၊ မှော်ရုံတွေ တိုးကြပေါ့။ လွှတ်တော်ထဲလည်းရောက်ရော ကျမ်းသစ္စာဆိုတာကြီးနဲ့တိုးရော။ အခြေခံဥပဒေကြီးကို ကာကွယ်ပါမည်၊ စောင့်ရှောက်ပါမည်လို့ ကျမ်းကျိန်ရတာနဲ့ ထိပ်တိုက်တိုးပါကရောလား။ 

ဒီနိုင်ငံရေးဒဏ္ဍာရီလေးက လွမ်းစရာမကောင်းဘူးလားဗျာ။ ဟော… ကျုပ်တို့ကာကွယ်ပါမည်၊ စောင့်ရှောက်ပါမည်လုပ်ထားတာကြီးကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ မချွတ်မလွဲ ပါဝင်ဆင်နွှဲအံ့ဆိုတဲ့ ကောလာဟလ ကြားရပြန်ပြီလေ။ ကျုပ်ကတော့ ဒီအသည်းနာစရာကြီးကို ၂၀၀၉၊ ၂၀၁၀ ဗဟိုကော်မတီခေတ် နိုင်ငံရေးဒဏ္ဍာရီ လွမ်းစရာနဲ့ ဖြေလိုက်သဗျို့။ ဟား… ဟား… ဟား။ 

အဲဒီ့သတင်းဆိုတာတွေကလည်း ကျုပ် တကယ်ကြားတာလား။ နားကြားလွဲတာလား မသိပါဘူး။ ကျုပ်က နေ့အိပ်ညအိပ် မျက်စိတစ်မှတ်ထဲ မှိတ်နေရသူဆိုတော့ ဆောင်းညအိပ်မက် ကယောက်ကယက်လည်း ဖြစ်နိုင်သပေါ့ဗျ။ တစ်နှစ်ကူးနေပြီလေ။ ဇန်နဝါရီဆောင်းတွင်းကြီး မဟုတ်လား။ 

“အခြေခံဥပဒေပြင်ပြင်၊ မပြင်ပြင် ဒီချုပ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲဝင်မှာပဲ” ဆိုတဲ့ စကားကြီးတော့ အိပ်အိပ်ကြားကြားလည်း နားခါးသဗျာ။ နိုးနိုးကြားကြားလည်း နားချဉ်သဗျာ။ 

ဒီချုပ်က အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့သဘောထားခံယူပွဲတွေ ပြည်လုံးကျွတ်လုပ်နေတာ မဟုတ်လား။ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဆိုတာဆီ ပြည်သူ့ဆန္ဒသဘောထားနဲ့အညီ ပြင်ဆင်ရန် အကြံပြုချက် ၁၆၀ ကျော် စာတမ်းကြီး ပို့ထားတယ်မဟုတ်လား။ 

အခြေခံဥပဒေပြင်ဆင်ရေး ကြီးလေးကြီး တွေ့ဆုံ ဆွေးနွေးညှိနှိုင်းဖို့ ဒေါ်စု ကမ်းလှမ်းထားတာလည်း ရှိသေးမဟုတ်လား။ 

အခြေခံဥပဒေကြီး ပြင်ပြီးပြီဆိုတောင် အရိုးများသလား၊ ချေးခါးသလား စောကြောသင့်သေးတာပေါ့ဗျာ။ တကယ်ပြင်၊ အဟုတ်ပြင် မျက်မြင်ကိုယ်တွေ့သိမှ ဒီစကားမျိုးပြောကြတာပေါ့ကွယ်။ 

အဲဒါတွေပြီးတဲ့အချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲဝင်ကို ဝင်မယ်ဟေ့ဆိုတဲ့ကြုံးဝါးသံဖြစ်ဖြစ်၊ လူမမာ အမဲခြောက်တောင်းသံဖြစ်ဖြစ်၊ နန့်ကြောဆွဲသံဖြစ်ဖြစ် ကျုပ်ကတော့ မကြားချင်ပေါင်ဗျာ။ ကြားလာရင်လည်း ချောက်အိပ်မက်စကားလို့ပဲ အသေမှတ်လိုက်မှာပဲဗျို့။ ဟား… ဟား… ဟား။ 

ဟံသာဝတီ ဦးဝင်းတင် 
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၃) အမှတ် (၁)

No comments: