Friday, January 24, 2014

ရိဒ်ရေကန်ကို ရှင်သန်ခွင့်ပေးပါ (ကိုညို)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း လွန်ခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က ဖလမ်း ဒေသခံတွေနဲ့တွေ့ဆုံစဉ် ချင်းဌာနေတိုင်းရင်းသားတွေက သူတို့ပြည်နယ်ရဲ့ အလှကျက်သရေဆောင် ရိဒ်ရေကန်ရဲ့ မျက်မှောက်အခြေအနေတွေကို စိုးရိမ်တကြီး ရှင်းလင်းတင်ပြကြပါတယ်။ ရှားရှားပါးပါး နတ်သိကြားတွေက ဖန်ဆင်းပေးထားသလို တောင်ကြားချိုင့်ဝှမ်းထဲက အသဲနှလုံးသဏ္ဍန် ရေကန်ကြီးရဲ့ ထူးခြားတဲ့အလှဟာ နိုင်ငံခြားသားခရီးသည်များအပေါ် ညှို့ယူနိုင်စွမ်းရှိပေမယ့် လက်ရှိအနေအထားမှာတော့ အနီးဝန်းကျင်က တောတောင်တွေ ခုတ်ထွင်ရှင်းလင်းပြီး ရေကန်ပတ်လည်မှာ အိမ်ရာမြေကွက်တွေဖော်ထုတ်ဖို့ လက်ရှိ ချင်းပြည်နယ်ဝန်ကြီးနဲ့အဖွဲ့တွေ စီစဉ်နေတာကို ချင်းပြည်သူတွေက ဝမ်းနည်းကြေကွဲနေပါတယ်။ 

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဖလမ်းမြို့နယ် ဟရန်ထီးယို ဘော်လုံးကွင်းမှာ ချင်းလူထုနဲ့ဆုံတွေ့ခိုက် ရိဒ်ရေကန်ကို ကယ်တင်ပေးဖို့ ရေကန်ရဲ့အလှကို ပညာရှင်များနဲ့ ပြန်လည်ထိန်းသိမ်းအကူအညီပေးဖို့ အားကိုးတကြီး တောင်းဆိုကြပါတယ်။ တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို အမြဲတစေ အလေးအနက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အနေနဲ့ ရိဒ်ရေကန်ကို မရောက်ဖူး မမြင်ဖူးပေမယ့် တန်ဖိုးထားတာကြောင့် ပြည်နယ်ရဲ့ အလှဂုဏ်ဆောင် ရိဒ်ရေကန်ရဲ့ သဘာဝအလှထိန်းသိမ်းရေးကို အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ဂတိကဝတ်ပြုခဲ့ပါတယ်။ ရိဒ်ရေကန်သာကြီးကို ချင်းပြည်သူတွေတွေ ဘာကြောင့်များ တန်ဖိုးထားရတာလဲ၊ ဘာကြောင့် ချင်းပြည်သူတွေရဲ့ ဘဝအစိတ်အပိုင်းတခုလို ချစ်ခင်မြတ်နိုးနေရတာလဲ၊ ရေကန်ကြီးနဲ့ပတ်သက်ပြီး သူတို့ခံစားချက် ဘယ်လိုရှိသလဲဆိုတာ ကျနော်တို့အားလုံး သတိပြုမခင် အဲဒီရိဒ်ရေကန်ကြီးရဲ့အကြောင်းကိုတော့ သိထားဖို့ကောင်းပါတယ်။ 


တဖက်နိုင်ငံသားတွေ သံယောဇဉ်ကြီးတဲ့ ရိဒ်ရေကန် 

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါရ်ဒါမြို့နယ်(အိန္ဒိယ-မြန်မာနယ်စပ်အနီး) မှာရှိတဲ့ တောင်ချိုင့်လွင်ပြင်လေးမှာ သဘာဝအလျှောက် အသဲနှလုံးသဏ္ဍာန်တည်ရှိနေတဲ့ ရိဒ်ရေကန်ကြီး ဘယ်အချိန်၊ ဘယ်ကာလက ဘယ်လို အကြောင်းအကျိုးတွေနဲ့ဖြစ်ပေါ်လာတယ်ဆိုတာ သေချာလေ့လာ သုသေသနလုပ်ထားတဲ့ ရိဒ်ရေကန်ဆိုင်ရာ စာအုပ်စာတမ်းတွေ မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့်လည်း မရှိပါဘူး။ ဒါပေမယ့် ဒဏ္ဍာရီလိုလို တကယ့်သမိုင်းအဖြစ်အပျက်လိုလိုနဲ့ ဘိုးဘွားအစဉ်အဆက် ပြောဆိုမှတ်သားလာခဲ့တဲ့ ရိဒ်ရေကန်ဆိုင်ရာ ထူးဆန်းအံ့သြဖွယ်အကြောင်းအရာတွေကိုတော့ ဒီကနေ့ခေတ် ချင်းကလေးငယ်တွေရဲ့ အိပ်ရာဝင်ပုံပြင်တပုဒ်ဖြစ်နေတဲ့အထိ စွဲမက်စရာကောင်းနေဆဲပါ။

မြန်မာတိုင်းရင်းသား ချင်းပြည်သူတွေမဆိုထားနဲ့ နယ်စပ်ချောင်းခြားနေတဲ့ တဖက်အိန္ဒိယနိုင်ငံက မီဇိုပြည်သူတွေကလည်း ရိဒ်ရေကန်ကို မိမိတို့နဲ့နာမ်ပိုင်းဆိုင်ရာ သက်ဆိုင်မှုတွေရှိနေတယ်လို့ ယုံကြည်နေတုန်းပါ။ နှစ်စဉ် နွေဦးရာသီ မတ်လနဲ့ ဧပြီလတွေဆိုရင် မိုးတွင်းကာလကလို တောင်ပေါ်လမ်းတွေက ရွှံ့နွှံချိုင့်ခွက်တွေနဲ့ ကြမ်းကြမ်းတမ်းတမ်း မဟုတ်တာကြောင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ဘက်က ပြည်သူတွေဟာ နှစ်နိုင်ငံနယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ရိဒ်ရေကန်ကြီးကိုကြည့်ရှုဖို့ ကားကြီး ကားငယ်အသွယ်သွယ်နဲ့ လာရောက်ကြပါတယ်။ ဒီအတွက် ကားတစီး ရူပီး ၁၀၀၊ လူတယောက် ၃၀ ကောက်ခံပါတယ်။ အခုတော့ ဘယ်လောက်နှုန်းထားနဲ့ ကောက်ခံမှန်းမသိတော့ပါ။ (ဒီနေရာမှာ မေးခွန်းထုတ်စရာတခုကတော့ ရိဒ်ရေကန်သွားရောက်လည်ပတ်မယ့် ခရီးသည်တွေဆီက ကောက်ခံရရှိတဲ့ ငွေကြေးတွေကို ရေကန်ကြီးလှပသာယာရေးနဲ့ စိမ်းလန်းစိုပြေရေးအတွက် အသုံးပြုခဲ့ကြသလားဆိုတာပါပဲ)။ 

အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် ရိ - ဇိုခွတ်သာ ကုန်သွယ်ရေးဂိတ်စခန်းကနေ ရိဒ်ရေကန်ဟာ တမိုင်ကျော်သာ ဝေးပါတယ်။ မီဇိုရမ်ပြည်နယ်ဘက်က အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူလေးတွေဟာ ရိဒ်ရေကန်ကို လေ့လာရေးခရီးအဖြစ် လာကြည့်ကြပါတယ်။ အမှတ်တရ ဓာတ်ပုံတွေရိုက်ကြ၊ ရေကန်ထဲ လှေစီးကြနဲ့ ပျော်မြူးနေသလို၊ လူလတ်ပိုင်းတချို့နဲ့ အသက်အရွယ်ကြီးရင့်တဲ့ မီဇိုလူကြီးတွေကတော့ အုပ်စုလိုက် အဖွဲ့လိုက် ကန်ရေပြင်ဘက် မျက်နှာမူပြီး ဆုတောင်းပထနာ ပြုနေကြပါတယ်။ ကွယ်လွန်သွားခဲ့ကြပြီဖြစ်တဲ့ သူတို့ရဲ့ဘိုးဘွားဘီဘင်တွေရဲ့ ဝိဉာဉ်တွေဟာ ဒီရေကန်မှာရှိနေတယ်လို့ တဖက်နိုင်ငံ မီဇိုပြည်သူတွေက မိရိုးဖလာဓလေ့အဖြစ် ယုံကြည်ကြပါတယ်။ 

လက်ရှိ အကျယ်၂ မိုင်ခွဲရှိပြီး ရေအနက် ၅၀ မှ ၆၀ အထိနက်တဲ့ ရိဒ်ရေကန်ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်အထိ ၃ မိုင်ကျော်ကျယ်ဝန်းပြီး နက်ရှိုင်းပြာလဲ့နေတဲ့ ရေအပြည့်ရှိခဲ့ပါတယ်။ အတိတ်ကာလ ဗြိတိသျှ ကိုလိုနီလက်အောက်ခံဘဝက အိန္ဒိယနဲ့မြန်မာ နယ်ခြားသတ်မှတ်ထားတာမျိုးမဟုတ်ဘဲ အင်္ဂလိပ် ကိုလိုနီနိုင်ငံအဖြစ် နေထိုင်ခဲ့ရပါတယ်။ ဒါကြောင့် ယနေ့ မြန်မာပြည် ချင်းပြည်နယ်နဲ့ အိန္ဒိယက မီဇိုရမ်ပြည်နယ်တို့ဟာ နယ်နမိတ်တခုတည်းဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် အင်္ဂလိပ်ကတောင်တွေ မြစ်တွေ၊ ချောင်းတွေကို နယ်ခြားမျဉ်းတွေအဖြစ် သတ်မှတ်ပေးပြီး အိန္ဒိယနဲ့ မြန်မာကို ပိုင်းခြားခဲ့ပါတယ်။ ဒီလိုနဲ့ ရိဒ်ရေကန်ကြီးကို တဖက် မီဇိုရမ်ပြည်နယ်သားတွေက မပိုင်ဆိုင်တော့ပါ။ ဒါပေမယ့် သားစဉ်မြေးဆက်တွေအထိ သူတို့ရင်ထဲမှာတော့ ရိဒ်ရေကန်က ရှိနေဆဲပါ။ 

မီဇိုရမ်ပြည်နယ် ဆဌမတန်း သဘာဝပတ်ဝန်းကျင်ရေးရာ ပြဌာန်းစာအုပ်ထဲမှာ ... 

“ယခင်က မီဇိုရမ်ပြည်မှာ နာမည်ကြီးပြီးလှပတဲ့ ရေကန်ကြီးတခုရှိပြီး အခု မြန်မာပြည်ဘက်မှာ တည်ရှိနေတဲ့အကြောင်း” အစချီပြီး ရေကန်ရဲ့ ထူးခြားမှုတချို့ကို ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တွေနဲ့ ရေးသားဖော်ပြထားပါတယ်။ ဘိုးဘွားဘီဘင်ကတည်းက ရိဒ်ရေကန်အကြောင်း စပ်ဆိုရေးသားထားကြတဲ့ ကျေးလက်တေးကဗျာလေးတွေရှိခဲ့ပြီး တချို့အဖိုးအဖွားအိုတွေ ဒီကနေ့အထိ လွမ်းလွမ်းဆွတ်ဆွတ် သီဆိုနေကြတုန်းပါ။ 

ဒဏ္ဍာရီဆန်ဆန် ရိဒ်ရေကန် 

မီဇိုရမ်ပြည်နယ်ရဲ့ အလယ်တန်းကျောင်းသုံးအဖြစ် ပြဌာန်းထားတဲ့ သဘာဝသိပ္ပံစာအုပ်ထဲမှာတော့ တနှစ်တာလုံး ကြည်လင်နေတဲ့ကန်ရေပြင်ဟာ နှစ်တနှစ်ရဲ့နောက်ဆုံးကာလ ဒီဇင်ဘာ နောက်ဆုံးပတ် (ခရစ်စမတ်ရာသီ)မှာ ပုံမှန်လိုလို ကန်ရေပြင် အနယ်ထလာတတ်တဲ့အကြောင်း၊ ကန်ပတ်လည်မှာ ဂုမ်အာ လို့ခေါ်တဲ့ ငှက်ဖြူလေးတွေကို နှစ်ပေါင်းများစွာကတည်းက ကျက်စားနေထိုင်ကြတာကို တွေ့ရတတ်ပြီး၊ အဲဒီငှက်ဖြူလေးတွေဟာ ကွယ်လွန်သူများရဲ့ ဝိဉာဉ်တွေကို ကိုယ်စားပြုနေတယ်လို့ မီဇို (လုရှိုင်းလူမျိုး) တွေက ဒေသတွင်းတိုင်းရင်းသား အဘိုးအဘွားတွေက ယုံကြည်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ရိဒ်ရေကန် တည်ရှိရာ ရိဒ်ခေါရ်ဒါမြို့လေးမှာ နေထိုင်ကြီးပြင်းခဲ့သူ ကိုဗျားငါက 

“ကျနော်ငယ်ငယ်တုန်းက ရိဒ်ရေကန်မှာ ငါးမျှားလေ့ရှိတယ်၊ မိုးတွင်းဆို နောက်ကျိနေတဲ့ တောင်ကျရေတွေဆင်းလာပေမယ့် ကန်တခုလုံး ရေနောက်နေတာမျိုး တခါမှမဖြစ်ဖူးဘူး။ ထူးဆန်းတာက ဒီဇင်ဘာလရောက်ရင် အချိန်မှန်ဆိုသလို ကန်ရဲ့အလယ်ဗဟိုလောက်ကစပြီး ရေတွေ နောက်ကျိလာတယ်၊ တဖြည်းတဖြည်း နောက်ကျိရေတွေကျယ်ပြန့်ပြီး ကန်တခုလုံးအပြည့် နောက်ကျိသွားတာ မြင်ရတယ်။ ဒါဟာ ဇန်နဝါရီလအထိပါပဲ။ ရိဒ်ရေကန်ရဲ့ အထူးခြားဆုံး ဖြစ်စဉ်လို့ ပြောရမယ်။ ဒီကနေ့အထိ အဲဒီအတိုင်းပဲ” 

ရေပြင်တခုလုံး ဘာကြောင့် တလကြာအောင် အချိန်မှန်နောက်ကျိရတယ်ဆိုတာ သိပံ္ပနည်းကျ သုသေသနပြု စူးစမ်းအဖြေရှာမှုတွေ မတွေ့ရသေးပါဘူး။ ကန်ရေအမြဲပြည့်နေတာကတော့ ကန်ရဲ့ရေအောက်ကြမ်းပြင်အောက်ခြေမှာ တောင်ကြားကိုဖောက်ပြီး လှိုင်ခေါင်းသဏ္ဍာန် ရေဝင်ရေထွက်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုမှုတွေကတော့ ရှိပါတယ်။ ဘိုးဘွားဘီဘင်တွေရဲ့ ဒဏ္ဍာရီဆန်ဆန်ပြောဆိုချက်ကတော့ ရေပြင်တခုလုံး တနှစ်တခါ အနယ်ထတာဟာ ကန်ထဲမှာရှိတဲ့ နဂါးကြီးရဲ့ လူးလွန့်နိုးထမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 

ပါးစပ်ရာဇဝင်တွေအရ... ရိဒ်ရေကန်ဟာ ရေ ဘယ်အခါမှမခမ်းဘဲ တောင်ချိုင့် တောကြီးမျက်မည်းထဲမှာ သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ နက်ရှိုင်းတဲ့ရေကန်ကြီးဖြစ်လို့ တချိန်က ဆင်သင်္ချိုင်းလည်း ဖြစ်ခဲ့ဖူးကြောင်း၊ ဗြိတိသျှ ကိုလိုနီလက်အောက်ရောက်ခဲ့စဉ် ရေကန်ကိုဆယ်ပြီး ဆင်စွယ်တွေတူးဖော်ဖို့ ကြံစည်ခဲ့ပေမယ့် မကြုံဖူးလောက်အောင် မိုးသီး မိုးပေါက်တွေကျပြီး လေကြီးမုန်တိုင်းတိုက်ခတ်လို့ မအောင်မြင်ခဲ့တဲ့အကြောင်းလည်း အိုက်ဇောမြို့မှာနေထိုင်တဲ့ ရှေးမှီနောက်မှီ မီဇို အဘိုးအိုတယောက်က ကျနော့်ကို ပြောပြခဲ့ဖူးပါတယ်။ 

နောက်တခုက ရိဒ်ရေကန်နားက ဓားသွေးကျောက်တွေဟာ တခြားဓားသွေးကျောက်တွေထက် ထူးခြားတဲ့ ဂုဏ်အင်တွေရှိတယ်လို့ ဆိုပါတယ်။ ဒေသခံတွေက အဝေးကလာတဲ့ ဧည့်သည်တွေကို ရေကန်ကြီးနားကရတဲ့ ဓားသွေးကျောက်တွေ လက်ဆောင်ပါးလေ့ရှိပါတယ်။ အဲဒီဓားသွေးကျောက်တွေ အိမ်မှာဆောင်ထားရင် အန္တရာယ် ရန်ကင်းတယ်၊ သူခိုး မလာဘူး၊ မီးမလောင်ဘူးလို့ အယူအဆစွဲရှိကြတယ်။ ဒေသခံ မီဇိုလူမျိုးတွေကတော့ ဒီကနေ့အထိ ရိဒ်ရေကန်ထွက် ဓားသွေးကျောက်တွေကို ဆောင်ထားလေ့ရှိကြတယ်။ 

မနေ့က ရိဒ် နဲ့ ဒီကနေ့ ရိဒ် 

ပြည်ခိုင်ဖြိုးအစိုးရက ရိဒ်ရေကန် စိမ်းလန်းစိုပြေရေးနဲ့ လှပသာယာရေးကို ဦးစားပေးစဉ်းစားရမယ့်အစား ကန်အနီးတဝိုက်က သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး အိမ်ယာမြေကွက်တွေ ဖော်ထုတ်ဖို့ စီမံကိန်းဆွဲ အကောင်အထည်ဖော်နေပါတယ်။ လောလောဆယ် ဒေသခံတွေကို ဖွံ့ဖြိုးရေးမက်လုံးနဲ့ စည်းရုံးနေပါတယ်။ ဒေသတွင်း ပြည်သူတွေကတော့ ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။ အမှန်တော့ အခုလို ရှားပါး သဘာဝအလှရေကန်ကြီးကို ဘေးဒဏ်သင့်စေတဲ့ အလုပ်မျိုးတွေဆိုတာ မကြံမစည်ကောင်းတဲ့အရာတွေပါ။ ထိန်းသိမ်းမွန်းမံမှုမလုပ်ဘဲ အခုအတိုင်းပစ်ထားရင်တောင် ရိဒ်ရေကန်ကြီးဟာ နောင်လာမယ့် နှစ်အနည်းငယ်အတွင်း တိမ်ကောသွားဖို့ရှိပါတယ်။ 

အရင်က ရေကန်နဲ့ ၂ မိုင်အကွာ တောင်ပေါ်မှာရှိတဲ့ ရိဒ်ရွာဟောင်းမှာ အခု စစ်စခန်းတခု ရှိပါတယ်။ အဲဒီတောင်ကုန်းကနေ ရိဒ်ရေကန်ကို လှပကြည်နူးစဖွယ် မြင်ရပါတယ်။ (အရင်က စခန်းတည်ရာ အရှေ့ဘက်ကို ဓာတ်ပုံရိုက်ခြင်း ခွင့်မပြုပါဘူး) စာရေးသူ နယ်စပ်မှာရှိနေစဉ်ကာလက ရေကန်ကို ပြုပြင်ထိမ်းသိမ်းမှု မရှိ၊ သစ်ခုတ် ဝါးခုတ်တာတွေ စည်းကမ်းမဲ့ ပြုလုပ်တတ်တယ်လို့ ရေကန်ကြီးဆီ လည်ပတ်ကြည့်ရှုတဲ့ အိမ်နီးချင်းဧည့်သည်တချို့က စိတ်မကောင်းကြီးစွာ ပြန်ပြောတတ်ပါတယ်။ တဖက်နိုင်ငံသားတယောက်က 

“ရိဒ်ရေကန်ကို ကျနော်တို့ ဘိုးဘွားခေတ်တွေတုန်းက ပိုင်ဆိုင်ခဲ့တဲ့အမွေလို့ ကျနော်တို့ မှတ်ယူထားပါတယ်၊ လွတ်လပ်ရေးရပြီး ဗြိတိလျှက နယ်ခြားသတ်မှတ်လိုက်လို့ မြန်မာဘက်ပါရှိနေပေမယ့် ကျနော်တို့ မီဇိုရမ်ကလူတွေက ဒီနေ့အထိ ကိုယ်နဲ့ ဆက်စပ်ပတ်သက်ခဲ့တဲ့အရာလို့ မှတ်ယူထားပါတယ်၊ ဒီကန်ကြီးကို ကျနော်တို့ ပြုပြင်မွမ်းမံဖို့ ယခင်စစ်အစိုးရခေတ်ကတည်းက ကမ်းလှမ်းခဲ့ဖူးတယ်။ အိန္ဒိယအစိုးရကိုယ်တိုင် ရေကန်ကြီး လှပစိမ်းလန်းရေး အစီအမံအတွက် ထောက်ပံ့ကူညီမယ်လို့ ကမ်းလှမ်းဖူးတယ်၊ ဟိုတုန်းက မြန်မာစစ်ခေါင်းဆောင်တွေ လုံခြုံရေးအကြောင်းပြပြီး ငြင်းပယ်ခဲ့တယ်” လို့ ပြောဖူးပါတယ်။ 

၂၀၀၂ ခုနှစ် ဖေဖဝါရီလက အိန္ဒိယ-မြန်မာ နယ်စပ်ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတခုမှာ အိန္ဒိယဘက်က ရူပီးငွေ သိန်း ၅၀ အကုန်အကျခံမယ့် ရိဒ်ရေကန် မွမ်းမံရေးအစီအမံတွေ ချပြခဲ့ပါတယ်။ အကျိုးအမြတ်ကို နှစ်ဖက် ရာခိုင်နှုန်း မည်၍မည်မျှ ခွဲဝေခံစားမယ်လို့ ဆွေးနွေးညှိနှိုင်းရာမှာ အဆင်မပြေခဲ့ဘူးလို့ သိရတယ်။ 

ယခင်က ကန်ရေပြာပြာနဲ့လိုက်ဖက်တဲ့ သစ်တောစိမ်းစိမ်းတွေ ဝန်းရံနေပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀အတွင်း တောခုတ်မှု၊ တောင်ယာမီးရှို့မှု၊ ကန်အနီးတဝိုက် လယ်ယာမြေ ထွန်ယက်စိုက်ပျိုးမှုတွေကြောင့် ရိဒ်ရေကန်ရဲ့အလှတောင် ပျက်ဆီးစပြုနေပါပြီ။ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန်ရဲ့အရှေ့ဘက်တောင်ကုန်းမှာတည်ထားတဲ့ စေတီက သဘာဝအလှကို အကျည်းတန်စေသလို ရဲရိပ်သာခန်းမနဲ့ လူနေတန်းလျားကလည်း သဘာဝ ရေကန်နဲ့ လိုက်လျောညီထွေမှု မရှိပါဘူး။ တောတောင်တွေပြုန်းလာလို့ ကွယ်လွန်သူတွေရဲ့ ဝိဉာဉ်ကို ကိုယ်စားပြုတယ်လို့ စွဲမှတ်ယူထားတဲ့ ဂုမ်အာငှက်ဖြူလေးတွေလည်း လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက ပျောက်ခြင်းမလှ ပျောက်နေပါပြီ။ လျှပ်စစ်မီးကို စိတ်ကူးတောင်မယဉ်နိုင်တဲ့ တောင်ပေါ်တိုင်းရင်းသားတွေအဖို့ နေ့စဉ် တောခုတ်တောင်ခုတ် မီးသွေးဖုတ်ကြလွန်းလို့ ရိဒ်နယ်က တောလည်း ကြေပြုန်းနေပါပြီ။ 

ရိဒ်ခေါရ်ဒါမြို့လေးရဲ့ အလယ်တန်းကျောင်းမှာ ပညာသင်ခဲ့တဲ့ ကိုဗျားငါ က “ကျနော်တို့ငယ်ငယ်က ရိဒ်ရေကန်ကိုပျံသန်းအခြေချလာတဲ့ ဆောင်းခိုငှက်တွေ အုပ်စုလိုက်တွေ့ရတယ်၊ ဆရာက ဟိုးမှာ ဆောင်းခိုငှက်တွေ လာနေကြပြီ၊ သူတို့ဟာ မိုင်ပေါင်းများစွာ အဝေးကနေ အစာရေစာပေါတဲ့ ဒီနေရာကို လာလည်ကြတာဖြစ်တယ်လို့ ရှင်းပြတယ်၊ အခုနောက်ပိုင်း အဲလို ဆောင်းခိုငှက်တွေ မတွေ့ရတော့ဘူး၊ ကျနော်တို့ငယ်ငယ်က ရိဒ်ကန်အနောက်ဘက်က သစ်တောထူတယ်၊ တခါတခါ ကျားဟိန်းသံတွေ ကြားရတယ်၊ ဘယ်သူမှ တောထဲမဝင်ရဲဘူး၊ အခုတော့ ကျားနဲ့ဆင်တွေ မဆိုထားနဲ့ ယုံနဲ့ ဂျီတောင် မနည်းရှာရမယ်။ ချင်းတောင်ကျားလည်း မျိုးတုံးသွားပြီ”။ 

ရိဒ်ရေကန်ရဲ့ ရေအနက်ဟာ အရင်လောက်မရှိဘူးလို့လည်း ဆိုကြပါတယ်။ “ငယ်ငယ်က ငါးမျှားရင်း ကန်စပ်ကနေ အပ်ချီကြိုးစမှာ ခဲလုံးချီပြီး ရေအောက်ချရင် အပ်ချီကြိုး အတော်လေးကုန်တဲ့အထိ ရေနက်တယ်၊ ခုဆို ကျနော်တို့ငယ်ငယ် ငါးမျှားခဲ့တဲ့နေရာတွေမှာ ကုန်းတွေပေါ်ပြီး လူသွားလမ်းလို ဖြစ်နေတယ်။ ကန်ရေကလည်း နုန်းနစ်နဲ့ နွှံတွေများနေပြီ” ကိုဗျားငါ က သူငယ်ငယ်က ရိဒ်ရေကန်ကို ပြန်မြင်ယောင်ပြောပြခဲ့ပါတယ်။ “မီဇိုရမ်ဘက်က ဧည့်သည်တွေ အများဆုံးလာကြတယ်၊ ကန်ဘေးနားကိုလျှောက်ရင်း လမ်းပေါက်နေပြီ၊ ကန်ရေမှာ ဘဲအမွှေးတွေနဲ့ ညစ်ပတ်နေတယ်၊ ပျော်ပွဲစားလာသူတွေရဲ့ စွန့်ပစ်တဲ့ အမှိုက်တွေ၊ ပလပ်စတစ်အိပ်တွေကလည်း ရိဒ်ရေကန်ကို အရုပ်ဆိုးစေတယ်၊ ကန်ထဲမှာ ငါးလည်း အတော်နည်းသွားပြီ၊ ငါးဖမ်းတာတွေ ခွင့်မပြုသင့်ဘူး၊ ငါးစာတွေကျွေးပြီး အလှကြည့်ဖို့ ငါးတွေ ပြန်မွေးသင့်တယ်၊ သစ်ပင်ခုတ်တာ၊ မီးသွေးဖုတ်တာတွေ ခွင့်မပြုသင့်ဘူး” ကိုဗျားငါက ရိဒ်ရေကန်ရဲ့ အနာဂတ်ကို စိုးရိမ်နေပါတယ်။ 

ရိဒ်ရေကန်ကို ကယ်တင်ပါ 

စာရေးသူ ရောက်ရှိနေထိုင်နေတဲ့ နော်ဝေးနိုင်ငံမှာ လှပတဲ့ သဘာဝအင်းပေါင်း ရာထောင်ချီရှိပါတယ်။ အော်စလိုမြို့တော် အနီးတဝိုက် လူနေရပ်ကွက် အနီးတောတောင်နားတွေမှာ အင်းပေါင်းများစွာ ရှိပါတယ်။ တိုးတက်ခေတ်မီပြီး ချမ်းသာတဲ့နိုင်ငံဖြစ်ပေမယ့် သဘာဝကို သဘာဝအတိုင်း စောင့်ရှောက်ထားပါတယ်။ ကုန်းမြင့်နေရာမှာ အပန်းဖြေသူတွေ ထိုင်နိုင်ဖို့ သစ်သားထိုင်ခုံတန်းလေး အနည်းအကျဉ်း ရိုက်ပေးရုံကလွဲလို့ အင်းအိုင်တွေနားမှာ ဘာအဆောက်အဦမှ မရှိပါ။ အနီးအနားမှာ စားသောက်ဆိုင်တောင် တဆိုင်ထဲ ဖွင့်လှစ်ထားတတ်ပါတယ်။

နွေအခါ အမေရိကားတိုက်က ဘဲငန်းတွေနဲ့ ငှက်မျိုးစုံ လာရောက်ကျက်စားတတ်ပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းရှိသူတွေမို့ သဘာဝအလှကို သဘာဝအတိုင်း ခံစားကြည့်ရှုနိုင်ပါတယ်။ အနောက်ဥရောပသားတွေဟာ သဘာဝအတိုင်း တည်ရှိနေမှုကို တန်ဖိုးထားတတ်ကြပါတယ်။ သဘာဝအလှတွေဟာ လူ့ပယောဂကြောင့် ပျက်စီးကုန်မှာ စိုးရိမ်တတ်ပါတယ်။ 

မိမိတို့နိုင်ငံမှာ အင်းတော်ကြီးအိုင်လို သဘာဝမျိုးစိတ်တွေ ကြွယ်ဝရာဌာနလည်း လူ့ပယောဂကြောင့် ပျက်ဆီးနေသလို၊ အင်းလေးကန်ကြီးလည်း တိမ်ကောတော့မယ့်အထိ အန္တရာယ်ရှိလာလို့ နော်ဝေးနိုင်ငံရဲ့ အထောက်အပံ့ငွေကြေး နည်းပညာတို့နှင့် ဝိုင်းဝန်း စောင့်ထိန်းနေရပါပြီ။ တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်နဲ့ ရတနာတွေကို မတော်လောဘစိတ်မွေးပြီး ပညာဉာဏ်မဲ့စွာ၊ ရေရှည်သားစဉ်မြေးဆက် အကျိုးကိုမငဲ့ဘဲ တစ်မွန်းတည့် စီးပွားရေးမျက်လုံးသက်သက်နဲ့ မကြည့်သင့်ပါ။ အများပြည်သနှင့် နောင်လာနောင်သား မျိုးဆက်များနှင့်ပါသက်ဆိုင်တဲ့ တိုင်းပြည်ရဲ့ရတနာတွေကို မိမိတခေတ်ကောင်းစားရေးသက်သက်နဲ့ ရှုမြင်လုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါပြီ။ 

လှပတဲ့တိုင်းပြည်၊ သာယာတဲ့ သဘာဝကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်တွေကို ငွေရှာရုံသက်သက် လောဘမျက်စေ့နဲ့မဟုတ်ဘဲ တိုင်းပြည်ဂုဏ်သိက္ခာနဲ့ အနာဂတ်ကိုမျှော်တွေးတဲ့ ပညာဉာဏ်မျက်စေ့နဲ့ မြင်တတ် စောင့်ထိန်းတတ်ဖို့ လိုပါတယ်။ ဒါကြောင့် သေအံ့မူးမူးဖြစ်နေတဲ့ ရိဒ်ရေကန်ကို အမြန်ကယ်တင်ပါလို့ တိုင်းပြည်အကျိုးမျှော် နှိုးဆော်လိုပါတယ်။ 

ကိုညို (အော်စလို) 
၁၅ ဇန်နဝါရီ၊ ၂၀၁၄ 

 

No comments: