Tuesday, January 21, 2014

ကော်လိုရာဒို (သို့) အပြာရောင်တိမ်နတ်သမီးတွေက ကြိုးသီတဲ့ပြည်နယ် (တာရာမျိုး)

မှန်ပြတင်းမှတဆင့် ကျောင်းရှေ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရာသီဥတုက သာသာယာယာရှိလို့၊ လွန်ခဲ့တဲ့နှစ်ရက်ခန့်ကကျထားတဲ့ စနိုးပွင့်ဖြူလွလွများက ဟိုဒီနားပြန့်ကျဲ နေရာယူဆဲရှိသေးတယ်။ အိမ်ခေါင်မိုး၊ အိမ်ရှေ့လမ်းဘေးဝဲယာမှာ စနိုးပွင့်ချပ်များကို စံပယ်ပန်းများသဖွယ် လှပင်လှနေသေး၊ အစာတောင်းနေကြ ရှဥ့်ငပေါလေးတွေကလည်း ပြတင်းတံခါးနား ရစ်သီကာဝဲလို့ပေါ့၊ ဝမ်းစာအတွက် ခမျာတို့လည်း တောင်းနေတာလေ၊ ဗုဒ္ဓဒေသနာမှာတော့ ရှိပါတယ်၊ ဆိုးနေတဲ့ကံကို ကုသိုလ်ငါးမျိုးနဲ့ ချေဖျက်လို့ရတယ်လို့ ဟောကြားထားပါတယ်။ 

ဒါန၊ သီလ၊ ဂုဏ်တော်၊ မေတ္တာ၊ သမထဝိပဿနာစတဲ့ ကုသိုလ်များပြုပေးရင် ကောင်းကံများရနိုင်ပါတယ်တဲ့၊ အစာအတွက် ဘီစကစ်မုန့်များ ချကျွေးရင်း ကိုယ်နေတဲ့ပြည်နယ်လေးရဲ့အကြောင်းကို အတွေးများဖြန့်ကျက်နေမိပါတယ်။ အပြာရောင်နတ်သမီးများက ကြိုးသီတာလို့ တင်စားရမလိုပင်၊ ကော်လိုရာဒိုပြည်နယ်ရဲ့ကောင်းကင်က အမြဲလိုလို အပြာရောင်တိမ်တိုက်များခြယ်သကာ အလှစခန်းဖွင့်နေတတ်ပါတယ်။ 


ဒါကြောင့်လည်း (Blue sky) လို့ ခေါ်ကြသလို (Colorado State) ကမ္ဘာကျော် ရော့ကီးမောင်တိန်း ရေခဲတောင်ကြီးကို အစွဲပြုပြီးတော့လည်း (Rocky Mountain State) လို့လည်း ခေါ်ကြပါတယ်။ ပြည်နယ် ၅၀ ထဲမှာ ၈ ခုမြောက် အကြီးဆုံးပြည်နယ်ဖြစ်ပြီးတော့ ၂၇ ခုမြောက် လူဦးရေ အထူထပ်ဆုံးပြည်နယ်ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် စာရင်းကောက်ချက်အရ ပြည်နယ်အတွင်းနေထိုင်သူ လူဦးရေ ၅ သန်းကျော်ရှိပါတယ်။ 

ပြည်နယ်မှထွက်ရှိတဲ့ပစ္စည်းများကတော့ သဘာဝဓာတ်ငွေ့၊ ရွှေမိုင်းများ၊ အမဲသား၊ ဂျုံ၊ နို့ထွက်ပစ္စည်း အပါအဝင် ပြောင်း၊ ကောက်ရိုး စတာတို့ ဖြစ်ပါတယ်။ ကော်လိုရာဒိုပြည်နယ်ဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့အထက် တစ်မိုင် (၅၂၈ဝ) ပေရှိပြီးတော့ (Milehige city) လို့ ခေါ်ကြပါတယ်။ အလှတရားနဲ့ သဘာဝတရားတို့ကလည်း ပြည်နယ်အတွင်းနေထိုင်သူအများစုကို ဆိုးဝါးတဲ့ ရာသီဥတုဒဏ်မခံရအောင် ကာကွယ်ပေးထားပါတယ်။ 

ပြည်နယ်ရဲ့အကြီးဆုံးမြို့ကတော့ ဒန်ဗာ (Denver)ဖြစ်ပြီးတော့ လူဦးရေ ၆ သိန်းခန့် နေထိုင်ကြပါတယ်။ ကော်လိုရာဒိုလို့ နာမည်ခေါ်ရတဲ့အကြောင်းကတော့ စပိန်လူမျိုး (Rio Colorado) ရီယိုကော်လိုရာဒိုကိုအစွဲပြီး ခေါ်ဝေါ်တာဖြစ်ပါတယ်။ ထိုသူမှ ၁၈၇၆ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၈ ခုမြောက်ပြည်နယ်အဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ 

ပြည်နယ်ရဲ့မြောက်ဘက်မှာ (Wyoming) ဝိုင်အိုး(ယိုး)မင်းပြည်နယ်၊ ပြီးတော့ အနောက်ဘက်မှာ (Nebraska) နီဘရားစကားပြည်နယ်နဲ့ (Kansas) ကန်းဆက်ပြည်နယ်တို့ ရှိကြပါတယ်။ တောင်ဘက်မှာတော့ (New Mexico) နယူးမက္ကဆီကိုပြည်နယ်နဲ့ (Oklahoma) အိုကလားဟိုးမားပြည်နယ်ရှိပြီးတော့ အနောက်ဘက်မှာ (Utah) ယုထပြည်နယ်နဲ့ (Arizona) အရီဇိုးနားပြည်နယ်တို့ရှိကြပါတယ်။ 

ကော်လိုရာဒိုပြည်နယ်ရဲ့အမြင့်ဆုံးတောင်မှာ (Monunt Elbert) မောင့်အဲလ်ဘတ်တောင်ဟု ခေါ်ပါတယ်။ အမြင့်ပေကတော့ (၁၄၄၄၀)ပေ ရှိပါတယ်။ လေ့လာစရာ၊ လည်ပတ်စရာများစွာရှိတဲ့ ပြည်နယ်ကြီးတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး ၁၃ ခုမြောက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုထဲမှာဆိုရင် ၄ ခုမြောက် အကြီးဆုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ(International Airport) ခရီးသည် အဝင်အထွက်အများဆုံးရှိတဲ့ လေဆိပ်ကြီးတစ်ခုလည်း ရှိပါတယ်။ 

ထင်ရှားတဲ့ လေ့လာစရာ၊ လည်ပတ်စရာများစွာထဲမှ အနည်းငယ်ရေးပြရရင်တော့ Rocky mountain ရေခဲတောင်ကြီးနဲ့ Vail ski Resort၊ A spen ski Resort နှင်းလျောစီးရန်နေရာများလည်း ရှိပါတယ်။ Denver Art Museum၊ Garden or the Gods တို့နဲ့အတူ တောင်ဘက် Royal Gorge နဲ့ Royal Gorge Bridge-ကြိုးတံတားနဲ့ အဆမတန် နက်ရှိုင်းတဲ့ချောက်ကမ်းပါးကို တမျိုးတဖုံ ရင်သပ်ရှုမောအံ့သြဘွယ် အလှထူးစွဲမက်ဖွယ်ရာအဖြစ် လေ့လာလည်ပတ်နိုင်ပါတယ်။ 

မြောက်ဘက်မှာလည်း Cheyenne Mountain Zoo လည်းရှိသလို ဒန်ဗာမြို့အနောက်ဘက် ၁၀ မိုင်အကွာဝေးမှာ ရှေးနှစ်ပေါင်းများစွာ ရေအောက်မျက်နှာပြင် တိုက်စားခံရပြီး နှစ်ကာလကြာမြင့်ချိန်မှာ ရုပ်ကြွင်းအဖြစ်ကျန်ရှိသော ကျောက်ဖျာကြီး၊ ကျောက်တံခါးကြီးများကို ပြင်ဆင်ပြီး လူထောင်ပေါင်းများစွာ ကြည့်ရှုနိုင်သော စတိတ်စင်အဖြစ်ထားရှိကာ ကမ္ဘာကျော် အဆိုကျော်များစွာ ဖြေဖျော်ဆိုသောနေရာတစ်ခုလည်း ရှိပါတယ်။ 

အလှများစွာ စွဲမက်ဖွယ်ရာတွေပြည့်နေတဲ့ ကော်လိုရာဒို၊ အပြာရောင်နတ်သမီးတွေ ကကြိုးသီတဲ့ ကော်လိုရာဒို၊ အထက်တန်းကြကြ မျက်နှာပန်းလှတဲ့ ကော်လိုရာဒို၊ အထူးခြားဆုံးကတော့ အဲဒီပြည်နယ်ထဲက ဒန်ဗာမြို့နဲ့ အော်ရိုရာမြို့မှာနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာမိသားစု တစ်ထောင်ကျော် ဖွဲ့စည်းတည်ထောင်ထားတဲ့ ထေရဝါဒသာသနရက္ခိတအသင်းကြီးရဲ့ ထောက်တည်ရာ ဓမ္မပါလ ကျောင်းတော်ကြီးနဲ့အတူ ...

နှစ်စဉ်ကုသိုလ်ပွဲတော်များ စည်ကားစွာကျင်းပနိုင်ခြင်း၊ ဓမ္မဒူတကြွလာကြသော နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးနဲ့အတူ တိပိဆရာတော်များ၊ အကျော်အမော်ဓမ္မကထိကဆရာတော်များရဲ့ ဓမ္မတေးအလှဓမ္မရသတို့နဲ့အတူ ဘယ်သူနိုင်နိုင် အလှပြိုင်နေကြတဲ့ ဗုဒ္ဓဘာသာ တိုင်းရင်းမြန်မာတို့ရဲ့ စေတနာဝေဖြာတဲ့အပြုံးများက နှလုံးသားမှာ အမုန်းများကင်းပပြီးတော့ ဘဝအမော သောကတောမှာ နွမ်းမောတာတွေ ဖြေဖျောက်ပေးနိုင်သော အလှနဲ့အယဉ်ပေါင်းဖက်ကာ လှချင်တိုင်းလှနေသော စေတနာအလှ၊ သဒ္ဓါအလှတို့ကသာ ပိုလို့သာမယ်လို့ တင်စားပြောလိုက်ချင်ပါတော့တယ်။ ။ 

တာရာမျိုး (ကော်လိုရာဒို)

No comments: