Thursday, December 5, 2013

ပစ္စည်းမဲ့ဒေါသ (မင်းသိုက်)

မိတ်ဆွေတို့ သတိထားမိချင်လည်း ထားမိမယ်၊ အမှုမဲ့အမှတ်မဲ့ နေမိချင်လည်း နေမိမယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာမရှိလို့ မသိတာလည်းဖြစ်မယ်၊ ကွေကွင်း ဥပက္ခာပြုထားတာလည်း ဖြစ်ချင်ဖြစ်မယ်။

အဲဒီ ပြဿနာက မသိမသာနဲ့ တဖြည်းဖြည်းကြီးထွားလာတာ သတိထားမိရင်တော့ သိသာလိမ့်မယ်။

ဗမာပြေမှာ အထူးသဖြင့် မဟာရန်ကုန်ရွှေမြို့တော်ကြီးမှာ လူတန်းစားကွာဟလာမှု သိသာလာတာကြာပြီ။ အထူးသဖြင့် အခြေခံလူတန်းစားတွေ မပြေလည်မှုတွေများ လာတာလည်း သိသိသာသာပဲ။ မတ်တတ်စာရုန်းနေရတာ နေ့စဉ် လင်းမိုးချုပ်။ တုံးလုံးစာကတော့ လုံးဝ ဘုံးခနဲတုံးလုံးသွားရင်တော့ ဦးကျော်သူရှိတယ်ဆိုတာလေးနဲ့ ဖြေသိမ့်နေကြရသူတွေ ဒုနဲ့ဒေး။



အဲသလို မပြေလည်မှုတွေကြားမှာ အသိဉာဏ်တွေတိမ်လာ မွဲလာ၊ လူ့အတန်းစားအသီးသီးနဲ့ဝေးလာ၊ ဆင်ခြင်ထုံတရားနိမ့်လာတာတွေဟာ ဘယ်ဘက်ကို ဦးတည်လာသလဲဆိုတော့ ထစ်ခနဲဆို ဖဲ့မယ် ဆော်မယ် တွယ်မယ် တုတ်မယ်ဆိုတဲ့ ရန်ငြိုး ရန်စတွေဘက် တည်လာတယ်။

တစ်နေကုန်လို့ မိုးချုပ်ပြီဆို အခြေခံလူတန်းစားရပ်ကွက်တွေထဲ သွားသတိလာသတိပဲ။ အထီးတွေက ရီတီတီ၊ အမ တွေက ပြီတီတီတွေ သွားမငြိလိုက်လေနဲ့ အစပါပျောက်သွားမယ်။ နယ်ထိန်းလည်း မနိုင်ဘူး၊ အရပ်အုပ်ချုပ်ရေးမှူးပါ ပေါင်းမူးနေတာတွေ နေရာတိုင်းလိုလိုပဲ။ ကိုယ်စိမ်းတဲ့အရပ်ထဲ ကိစ္စရှိလို့သွားမယ်ဆို အဲဒီအပိုင်စား ဇယားကြိုကပ်ထားမှရမယ့်ခေတ် ပြန်လှည့်နေပြန်ပေါ့။

များသောအားဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးရထားတဲ့ အခြေခံလူတန်းစားအရပ်ထဲက ငနဲသားတွေကလည်း ဒီပုတ်ထဲက ဒီပဲဆိုတော့ ဖြစ်ရင် သူ့အရပ်ဘက်ကပဲ ကာမယ်။

အဓိက ကတော့ ဒီပြဿနာတွေဟာ စီးပွားရေးမပြေလည်မှုတွေ၊ အသိဉာဏ်ဆင်းရဲမှုတွေကနေ တစ်စတစ်စ ထွားလာကုန်တာ၊ တဖြည်းဖြည်း ပိုဆိုးလာဖို့ရှိမယ်၊ ဆုတ်သွားဖို့ ဆိုင်းသွားဖို့တော့ မလွယ်ဘူး။ ဒီတော့ ဘဝကို ၁ ရက် ၂ နပ်စာ အဆင်ပြေဖို့ ဘာလုပ်ပေးရမလဲ လူတန်းစားပွားလာတာ ဗမာပြေရှေ့အနာဂတ်အတွက် ကွိုင်အကြီးကြီးပဲ။ ဒီကိစ္စကို ဘယ်လူမှုရေးအသင်းအပင်း၊ လူ့အခွင့်ရေး အဖွဲ့အစည်းကမှ သတိကြီးကြီးနဲ့ကိုင်တွယ်ဖို့ အစီအစဉ်လည်းရှိပုံ မရကြဘူး။

အချိုးအစားအရ အခြေခံလူတန်းစားတွေ မပြေလည်လူတန်းစားတွေ ကြီးထွားလာလေ ရေရှည်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတည်ဆောက်ဖို့ ... ဝေးလေလေပါပဲ .................................................... တွေးမိတာလေးပါ။ ................................................................................................

ကိုယ်ကိုယ်တိုင်ကလည်း ထစ်ခနဲဆို လှစ်ခနဲစိတ်က များများလာနေတာ သိသာလာတယ်။ ။

သူ့ရဲ့ဖေ့ဘွတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

No comments: