Tuesday, November 26, 2013

ဧည့် စာ ရ င်း မ တို င် တဲ့ က ဗျာ ( မိုး သီး ဇွန် )

ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ် 
ဘယ်နေ့သွားမယ် 
ဘယ်မှာတည်းမယ် 
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ 
ဘယ် ခွေးတကောင် ကြောင်တမြီးကိုမှ ပြောနေစရာ မလိုဘူး။ 

ဒီမြေက ငါ့မြေ 
ဒီလူတွေက ငါ့လူတွေ 
ဒီရေက င့ါရေ 
ဒီသစ်ပင်က ငါ့သစ်ပင် 
ဒီကျွဲက ငါ့ကျွဲ 
ကဲ ...။ 

ငါ့အမျိုးတွေလည်း
ဒီမြေပေါ်မှာနေ 
ဒီမြေပေါ်မှာပဲ ပျော်ပျော်ပဲ 
သေပွဲဆင်ခဲ့ကြရဲ့။ 


အဖိုးသေတယ်လေ
အမေတို့ အမတို့ 
ရိုးရာမပျက်၊ 
ကျွက်ကျွက်ညံ ငိုကြရဲ့ 

အဖေနဲ့ ဘကြီး ဦးစံသိန်း တို့က ချက်အရက်တွေသောက် 
တယောက်တပေါက် ငြင်းခုန် 
ငါ၊ ငါ့ယောက်ဖနဲ့ အပေါင်းသင်းတသိုက်
အော်ကြီးဟစ်ကျယ် ဖဲရိုက်ကြတယ် 
တညလုံး ...။ 

ရပ်နီး ရပ်ဝေး
ဧည့် တရုန်းရုန်း၊ 
ငါ့ ခွေး တီလုံးခမြာ နေရာ မရ။ 

အုံးအုံးကျွက်ကျွက်နဲ့ အသုဘ။ 
အားရပါးတရ ရှိလှရဲ့..။ 

“အဘ ရေ ထ ကြည့်စမ်း ဗျ” လို့  ဒို့ ဟစ်ကြွေး ကြ 

အေး ... 
ဒို့ ဘယ်သူမှ ဧည့်စာရင်း မတိုင်ကြဘူး။ 

ငါဟာ လူသား၊ 
လွတ်လပ်စွာ သွားချင်ရာသွားခွင့် ရှိနေတယ် 
လင်းယုန်တကောင်လို တိမ်လွှာကိုခွဲပြီး 
ဤခရီးကို သွားမယ်။ 

မွေးမြူရေးခြံထဲက 
တိရစ္ဆာန်တွေလို 
ဒီနေ့ ဘယ်နှကောင်ပျောက်၊ 
ဘယ်နှကောင်တိုး 
(ဒီမှာ .. ရိုးရိုးလေး ပြောမယ် ) 
အစစ်ဆေးခံနေစရာ င့ါမှာ အကြောင်းမရှိ။ 

မိတ်ဆွေ ငဲ့ … 
သင့်မှာလည်း အကြောင်းမရှိဘူး 
ငါဟာ လွတ်လပ်တဲ့ လူသား 
ပညတ်တော်ဆယ်ပါးမှာ ဧည့်စာရင်း တိုင်ကြလို့ မပါဘူး 
မဂ္ဂင်ရှစ်ပါးမှာ ဧည့်စာရင်းတိုင်ကြလို့ မပါဘူး။ 

ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား 
ဘယ်လာလာ ဘယ်သူ့ကိုမှ သံတော်ဦး တင်စရာ မလို။ 
ဧည့်စာရင်း တိုင်စရာလည်း မလိုဘူး။ 

မိန်းမ ရေ 
အထုပ်အပိုးတွေပြင် 
ငါ့ မယ်ဒလင် ယူခဲ့။ 

လာ ဒို့ ခရီးထွက်မယ်
လှေပေါ်တက် 
ရွက်လွင့်မယ်။ 

မိုးသီးဇွန် 

ပန်းချီ - စစ်ငြိမ်းအေး


 

No comments: