Thursday, November 28, 2013

ကျွန် (ဆောင်းလူ)

ကျွံဆင်းသွားပြီ ... မရည်ရွယ်ပါဘဲ ... ဥနှောက်ကိုဖောက်စားသူတို့ထံမှာမှ ... ကျွန်ခံဖြစ်သွားတဲ့အဖြစ် ...။ ဆိုးလှသည် ...။ အိုင်ဒီယာမရှိ ...။ အနုပညာမရှိ ...။ ဖြစ်သလိုနှင့် ... ကြုံသလိုလောကကြီးတွင် ... ကျွန်အဖြစ်သို့ ... ဖြစ်သလိုရောက်ရှိသွားသလို ခံစားရသည်။ 

ဗိုက်ပူ နံကား ... ကျွန်လည်းမဟုတ် ..သခင်လည်းမဟုတ်သော ကျွန်တို့သည် တဟီးဟီး တဟားဟားဖြင့် ...။ သူတို့သည် မည်သူ့အတွက် ကျွန်ဘဝတွင်းသို့ သက်ဆင်းနေကြလေသနည်း ...။ ကျွန်ုပ်တို့သည်ကား ... ဟုတ်ကဲ့ ... ဟုတ်ကဲ့နှင့် ဘဝနှင့်ဝါသနာကို စတေးအပ်နှံကာ ပုတ်သင်ညို အရှုံးပေးရလောက်အောင် ခေါင်းညိတ်တတ်လွန်းသော ချိတုံချတုံ တွေဝေသောစိတ်ရှိသည့် ကျွန်များသာ ဖြစ်ပေသည်တကား ..။ 

ကျွန်တို့သည် သူတို့အောက်က ကျွန်များအား .. ဟိန်းဟောက်ကြ၏ ... 
သူတို့အထက်က ကျွန်များအား ဖား ယား ကြ ၏ ... 


ထိုစနစ် ...
ထိုအဖြစ်အတိုင်း ... 
ကျွန်တို့သည် ကျွန်ဇာတ်သွင်းရသည်ကိုကား ခုံမင်ကြ၏ ... 

ထိုစနစ် 
ထိုအဖြစ်တိုင်း 
ကျွန်ယဉ်ကျေးမှုတို့သည် တိုးတက်ထွန်းကားလာကြ၏ ... 

တချို့ကျွန်တို့သည်ကား ဥနှောက်အတွက် ကျွန်ခံကြ၏ ... 
တချို့ ကျွန်တို့သည်ကား စိတ်ဆန္ဒအတွက် ကျွန်ခံကြ၏ ... 
တချို့ ကျွန်တို့သည်ကား နှလုံးသားအတွက် ကျွန်ခံကြ၏ ...
တချို့ကျွန်တို့သည်ကား အတ္တအတွက် ကျွန်ခံကြ၏ ... 
တချို့ကျွန်တို့သည်ကား အမှန်တရားအတွက် ကျွန်ခံကြ၏ ... 
တချို့ကျွန်တို့သည်ကား အမှားတရာအတွက် ကျွန်ခံကြ၏ ... 

ခုတလော ကျွန်ကမ္ဘာ ဂြိုဟ်ပြာကြီးသည် ပြာသထက် ပြာလာသည်ဟု ထင်မိသည်။ 

ခုတလော ကျွန်ုပ်၏ ကျွန်စိတ်တို့သည် အတ္တအရင်းခံသည့် ငွေဝယ်ကျွန်စံနစ်ထဲတွင် လိုလိုလားလား နှလုံးသားအတွက် ကျွန်မခံဖြစ်သည်ကို နင့်နင့်သီးသီးဖြစ်လှ၏ ...။ 

သန်းခြောက်ထောင်ကျော်သော ကျွန်တို့သည်ကား သူတို့အဖြစ်နှင့် သူတို့ ရှိကြလေ၏ ...။ 

ယနေ့မနက်တွေ့လိုက်ရသော ကုတ်ချောင်းချောင်း မျက်နှာပေးနှင့် အူတူတူ အတတ အယောင်ဆောင်ထားသော အနှီကျွန်သည်ကား ... ကာမအတွက် မာဆက်တွင်ပင် အနှိပ်ခံလိုက်သည်ဟု နောက်ဆုံးသတင်းများအရ သိလိုက်ရ၏ ...။ 

ဆောင်းလူ 
နိုဝင်ဘာ ၂၈၊ ၂၀၁၃


 

No comments: