Monday, November 25, 2013

ဂေါက်သီး (ဆောင်းလူ)

ခုတလော .. ဂေါက်သီး ..ဂေါက်နေသည် ...။ အိမ်တွင်ရှိသော .. ဂီတာလေးအား တသသလုပ်ကာ.. ဟိုကဒေါင် ဒီဂယောင်ဖြင့် .. ဂေါက်သီးတယောက် ဂဏှာမငြိမ် ...။

ခုနောက်ပိုင်း ပိုပို၍ဂေါက်လာသည်ဟု ဂေါက်သီး ထင်မိသည် ...။ ဂေါက်သီးလက်က နာရီတို့သည် .. သံပတ်ပေးမှ သွားသည် ...။ ပင်နယံတို့သည် .. အချောထည်တိုင်းမဟုတ်တော့ ...။ ခွေးသွားစိတ်တွေမှာ စိတ်တွေပဲ့နေသည်လို့ ဂေါက်သီး ထင်မိသည်။

ဂေါက်သီးရင်ဘတ်က နှလုံးသားတို့တွင် ချောဆီမရှိသည့်အတွက် .. တကျီကျီဖြင့် အော်သံအား နေ့စဉ်နှင့်အမျှ ကြားနေရသည် ...။ ဂေါက်သီး ချောဆီ ထည့်လိုလှသည် ..။ ချောဆီဖိုးကား ဈေးကြီးလှသည် ...။


ဂေါက်သီးခေါင်းပေါ်တွင် အထွေးလိုက်ရှိနေသည့်ဥနှောက်တို့တွင် ပွစိ ပွစိဖြင့် ... ဝါယာကြိုးတမျှင် ပြတ်သည်ကို တပျစ်တောက်တောက် လုပ်နေကြ၏ ...။

ဂေါက်သီး ... လွန်ခဲ့သော နှစ်များဆီ လွမ်းမိ၏ .. တမ်းမိ၏ .. တမိ၏ ...

ဂေါက်သီး မှတ်မိနေသေး၏ ...ဒုက္ခသည်ပေါများရာအရပ်ဆီက ဒုက္ခသည် ဘော်ဒါဘော်ကျွတ်တွေဆီက မုန့်ကို မီးခိုးမွှန်အောင် ကပ်ရပ်ပြီး ညာတုတ်ခဲ့ဖူး၏ ...။

ဂေါက်သီး မှတ်မိနေသေး၏ ... ဒုက္ခသည် ဘော်ဒါဘော်ကျွတ်တွေ တလိုက် (အတိုင်းအတာ) ငွေ လေး ငါး ခြောက်ရာ ရသော ကိုင်းရှင်းပွဲဆီသို့လိုက်ကာ ပြောင်းလိပ် .. ပြောင်းခုတ်နှင့် ပျော်ပါးခဲ့ဖူး၏ ...။ သဲပွတ် (ဒုက္ခသည်အခေါ်အဝေါ်) တို့သည် စိမ်းစိမ်းခါးခါး စိုက်ကြည့်နေလေ၏ ...။ ဂေါက်သီး သင်္ဘောစီးရသည်အား ပျော်မိ၏ ...။ ဂလူး .. ဂလဲ နှင့် ... ဝါးစိမ်းနံ့လေး သင်းသည့် သင်္ဘောခုတ်ခြင်းသည် .. ဂေါက်သီးအား အမှတ်ရနေစေ၏ ...။

ထို့နောက် ဂေါက်သီးအား .. ဧည့်သည်တော်သဖွယ် ခေါ်ဝေါ်ကျွေးမွေးရှာသည့် ဘော်ဒါဘော်ကျွတ်တို့၏ အမဲသားနှပ်ချက်အား .. မုန့်ကွဲ၍ တဟီးဟီး တဟားဟားနှင့် တဝတပြဲတုတ်ကာ .. ပါဆယ်ပင် ထုတ်လိုက်သေး၏ ...။

ခုတော့ .. ထိုထို ၏၏ ကိစ္စတို့သည် အတိတ်တွင်ပင် ကျန်ခဲ့လေ၏ ...

ဂေါက်သီး၏ အနာဂတ်သည်ကား .. မရေရာ .. မသေချာ ...

ဂေါက်သီး၏ နှလုံးသား ပင်နယံတို့သည် .. သံချေးကိုက် အိုမင်း ရွတ်တွကုန်၏ ...

ဂေါက်သီး၏ စိတ်တို့သည် မပျော် ...။

မြင်မြင်သမျှသော မျက်နှာတို့တွင် ...
မြင်မြင်သမျှသော နှလုံးသားတို့တွင် ...
မြင်မြင်သမျှသော အပြုံးတို့သည် ...
မြင်မြင်သမျှသော မျက်လုံးတို့သည် ...

ခုချိန်တွင် .. ဂေါက်သီး .. ဆင်ကျွေးတော့ အရိုင်းတုံးတို့အား တမ်းတလျှက်ရှိ၏ ....။ ဂေါက်သီး ရောက်ရာအရပ်က ခိုတကောင် တမြန်မနေ့က ဝိုင်တခွက်သောက်ရင် .. အကင်ခံလိုက်ရ၏ ...။

ဂေါက်သီး၏ မျက်မှာပြင်သည် အပြောင်းအလဲနှင့် ...
ဂေါက်သီး၏ နှလုံးသား သွင်ပြင်သည် .. အပြောင်းအလဲနှင့် ...
ဂေါက်သီး၏ စိတ်အစဉ်သည် ... ဂေါက်သီး၏ အပြုံးသွင်ပြင်သည် ...

ဂေါက်သီး ထပ်မံဂေါက်ရန် ကြိုးစားရဦးမည် ...။

ဆောင်းလူ
နိုဝင်ဘာ ၂၅၊ ၂၀၁၃


 

No comments: