Tuesday, November 19, 2013

ဗိုလ်မှူးကြီးက ဘယ်ညာဘယ်ညာနင်း၊ ပွဲခင်းပရိသတ်က တဝါးဝါးဟား (ဟံသာဝတီ ဦးဝင်းတင်)

ဆောင်းကလေး ဝင်လာလို့များလား မသိပါဘူးဗျာ။ အိပ်မက်တွေက ကယောက်ကယက်။ တယ်ပြီးတော့ အနေမသာလှဘူးဗျို့။ ကျုပ်က ရှစ်ဆယ်ကျော် သူငယ်ပြန်တဲ့အရွယ်။ ဒီလိုပဲ ဖြစ်မှာပေါ့။ ကျုပ်ကတော့ အသာနေနိုင်အောင် ကြိုးစားပါတယ်ဗျာ။ နိုင်ငံရေးလေးစိတ်ဝင်စားတာ တစ်ခုပါပဲ။ ကျုပ်ရဲ့ အိမ်နီးချင်း ဟိုအဘိုးကြီးလိုပေါ့ဗျာ။ ဟဲဟဲဟဲ။ 

မနေ့ညကတော့ ဗိုလ်မှူးကြီး လှအောင်ကို သွားသတိရတယ်။ ဗိုလ်မှူးကြီးက ခြေလျင်တောင်တက်အသင်း ဥက္ကဋ္ဌတို့၊ ဘာတို့လုပ်တယ်။ ကျောင်းသားလူငယ်တွေကို ရေခဲတောင်တက်ခိုင်းတယ်။ မီးပင်လယ် မဖြတ်ခိုင်းရုံတစ်မယ်။ တိရစ္ဆာန်ရုံ ဥက္ကဋ္ဌလည်း လုပ်တယ်။ တစ်နေ့တော့ တိရစ္ဆာန် ယဉ်ကျေးလိမ္မာ ပြပွဲကြီး လုပ်တယ်ဗျာ။ 

ဗိုလ်မှူးကြီးက ရှေ့ဆုံးက ရင်ကော့ချီလာတယ်။ ဘောင်းဘီတိုနဲ့။ ဂျိမ်းတုတ်တုတ်၊ ဂျိမ်းတုတ်တုတ် ဂျိမ်းဆိုင်းချက်နဲ့။ သူ့နောက်က ဝက်ဝံလေးတွေ၊ ကျားပေါက်လေးတွေ၊ မျောက်ကလေးတွေ၊ ငန်းကလေးတွေ ချီလာကြတယ်။ အစီအစဉ်ကြေညာသူက `ဧည့်သည်တော်များ ခင်ဗျာ။ ဗိုလ်မှူးကြီးလှအောင်ဟာ အဟိတ် တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း´ … (နောက်တစ်ကျော့) …`ဖြစ်ငြားသော်လည်း..´။ (နောက်တစ်ကျော့)။ နှစ်ကျော့၊ သုံးကျော့ အော်နေတယ်။ ပရိသတ်က တဝါးဝါး။ တဟားဟား။ ဗိုလ်မှူးကြီးက ဘယ်ညာဘယ်ညာ။ ဆိုင်းချက်က ဂျိမ်းတုတ် ဂျိမ်းတုတ်။ … အတော်ကြီးကြာမှ `ယဉ်ကျေးလိမ္မာအောင် သင်ပြပေးနိုင်ပါတယ်ခင်ဗျား´လို့ စကားဆက်တယ်။ ပရိသတ်ကတော့ တဝါးဝါး။ ဗိုလ်ချုပ်ကြီးကလည်း ဘယ်ညာ ဘယ်ညာ။ ဆိုင်းချက်ကလည်း ဂျိမ်းတုတ်ဂျိမ်းတုတ်။ ဟဲ့… ဟဲ့ တိရစ္ဆာန်က ဘယ်သူလဲ။ 


ကျုပ်စိတ်တွေ ဟိုရောက်ဒီရောက်နဲ့ ဟိုတွေးဒီတွေး လုပ်နေမိတယ်။ နားထဲမှာလည်း အသံမျိုးစုံကြားနေတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း… ဟုတ်ပေါင် ယောင်လို့။ ကြံ့ခိုင်ရေးပါတီ ဝမ်းအင်ဟဖ် ဥက္ကဋ္ဌကြီး ဦးဌေးဦးက လူထုကို အရူးတွေလို့ ပြောတယ်ဆိုပြီး မီဒီယာတွေက ရေးသလို လူ့တပူးရိုင်း ဖြစ်ငြားသော်လည်း တိုင်းသူပြည်သားများကို စည်းကမ်းသေဝပ်စွာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အောင် အပစ်အခတ် အဲလေယောင်လို့ ပစ်စလက်ခတ် အလွယ်လေး သွန်သင်ပေးနိုင်ပါတယ်ခင်ဗျား။ အဲဒီ့အသံချည်း နားထဲ ပဲ့တင်ထပ်နေတယ်။ 

ကျုပ်က ဒီချုပ်ခေါင်းဆောင်ကြီး ဒေါ်စုရဲ့နောက်လိုက်ဆိုတော့ တပ်မတော်ချစ်တဲ့စိတ်တွေ တော်တော်ကိုသည်းတာပေါ့ဗျာ။ ကျုပ်လည်း ဒေါ်စုလိုပဲ သူ့ဖခင်ရဲ့ တပ်မတော်ကို တိုင်းသူပြည်သားတွေက ကြည်ညိုမြတ်နိုးကြစေချင်တယ်လေ။ ဗိုလ်ချုပ်က တပ်မတော် ဗိုလ်ချုပ်ရာထူးကို ငြင်းပယ်တယ်။ တပ်မတော်က နှုတ်ထွက်၊ နိုင်ငံရေးလုပ်ခဲ့တယ်။ ဒါကို ကျုပ် လူလားမြောက်စကတည်းက ကြားခဲ့၊ သိခဲ့တာဗျ။ ဒါကြောင့် ကျုပ်လည်း တပ်မတော်ခေါင်းဆောင်တွေကို ဒေါ်စုလိုပဲ ကြည်ညိုရင်းစွဲရှိတာပေါ့။ 

ဒီချုပ်ရောက်တော့ စစ်ဗိုလ်ကြီးတွေနဲ့ ကျုပ် နိုင်ငံရေးအတူလုပ်ရတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးဗျာ။ နိုင်ငံရေး ခိုင်မာတယ်၊ ပါတီအပေါ်သစ္စာရှိတယ်။ စည်းရုံးရေးညက်တယ်။ ရဲဘော်စိတ်ထက်သန်တယ်၊ ဉာဏ်ရည်ဉာဏ်သွေး၊ လုပ်ရည်ကိုင်ရည်ကတော့ ပြောစရာ မလို။ စစ်ခေါင်းဆောင်ပဲဗျာ။ အဲဒါတွေ အလျှံပယ်ပြည့်ဝပြီးသားပေါ့။ သူကို ပါတီဝင်တွေကရော၊ လူထုကပါ ချစ်တယ်။ သူ့လိုပဲ တပ်မတော်ခေါင်းဆောင်ဟောင်းကြီးတွေ ဒီချုပ်ထဲမှာ အလွှာလွှာပါဝင်နေတယ်။ ပါတီဥက္ကဋ္ဌကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ်အောင်ရွှေဗျာ။ ၁၉၉၀ ရွေးကောက်ပွဲမှာ တာဝန်ယူအောင်ပွဲဆင်သွားတဲ့ ဗိုလ်မှူးကြီးဦးကြည်မောင်ဗျာ။ ကျုပ်လိုပဲ ပါတီအတွင်းရေးမှူးလုပ်သွားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးချစ်ခိုင်ဗျာ။ သန်းခေါင်စာရင်းကောက်သလို တစ်ယောက်ချင်းစီ ရုပ်လုံးဖော်နေရရင် ဆုံးနိုင်မှာ မဟုတ်ဘူး။ ဒေါ်စုခေါင်းဆောင်မှုအရရော၊ ပါတီမူဝါဒအရပါ ဒီချုပ်ဟာ တပ်မတော်အပေါ်မှာ အများကြီးသံယောဇဉ်ရှိတယ်။ 

ဒီလိုသံယောဇဉ်ကြီးတာ ဗမာကြည့်ကြည့်တဲ့အမြင်၊ ကမ္ဘာကြည့်ကြည့်တဲ့အမြင်တွေပေါ်မှာ အခြေခံတယ်။ တစ်လောကပဲ ကွယ်လွန်သူ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျုပ် လွမ်းမိခဲ့သေးတယ်။ ရွေးကောက်ပွဲပြီးရင် သူက နိုင်ငံရေးကို စွန့်ခွာမယ်၊ တပ်ကိုပြန်မယ်။ နိုင်ငံရေးပါတီတွေ အခြေခံဥပဒေ ဆွဲကြတဲ့။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျုပ်တို့ ဆည်းကပ်ရမှာပေါ့။ ကျုပ်တို့ငြင်းတာ စစ်တပ်မဟုတ်ဘူးလေ။ ကျုပ်တို့မုန်းတာ စစ်သားမဟုတ်ဘူး။ ကျုပ်တို့ မုန်းတာ၊ ငြင်းတာ စစ်အာဏာရှင်စနစ်ဗျ။ စစ်အာဏာရှင်ဂိုဏ်းဗျ။ 

ရှင်းရဲ့မဟုတ်လား။ ကမ္ဘာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလိုပဲ စစ်တပ်ကို ကျောခိုင်းပြီး နိုင်ငံရေးထဲဝင်ခဲ့တဲ့သူတွေ မနည်းဘူးလေဗျာ။ ကောက်ခါငင်ကာပြောရရင် အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါတို့၊ ပြင်သစ်ဗိုလ်ချုပ်ကြီး ဒီ့ဂေါတို့၊ ဖိလစ်ပိုင်ချုပ်ကြီး ရာမို့စ်တို့၊ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီး ဆူဆီလိုဘန်ဘန်တို့လို ပုဂ္ဂိုလ်တွေဗျာ။ တပ်ရာထူးကိုစွန့်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်ဗျာ။ နိုင်ငံကို ခေါင်းဆောင်ခဲ့ကြတယ်လေ။ 

ဒီနေ့ လူထုက ဘာတွေတောင်းဆိုနေကြသလဲ။ 

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ တပ်မတော်လက်ဆုပ်ဖြည်ကြပါတော့။ ပါဝင်ပတ်သက် စိုးမိုးချယ်လှယ် ဖိနှိပ်အုပ်စီးမှုတွေ စွန့်လွှတ်ကြပါတော့။ 

ထိုးစစ်တွေရပ်ကြပါတော့။ တိုက်ပွဲတွေတော်ကြပါတော့။ နယ်မြေစိုးမိုးမှုတွေ ဆုတ်ကြပါတော့။ 

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ရှုကြပါတော့။ ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး စီမံကြပါတော့။ 

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ပြည်သူ့လှုပ်ရှားမှုတွေမှာ ဝိုင်းဝန်းကူညီကြပါတော့။ 

အမျိုးသားပေါင်းစည်းညီညွတ်ရေး ပြည့်သူ့လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲကြပါတော့။

ပြည်သူတွေရဲ့ နိုင်ငံရေးတောင်းဆိုချက်က ဒါပါပဲ။ 

ဒါပါပဲဆိုပေမယ့် ပြည်သူတွေ ပြောချင်တဲ့ စကားအများကြီး ကျန်ပါသေးတယ်။ တစ်ပုံကြီးပါပဲ။ ပြောချင်တဲ့စကားအားလုံးကို လိပ်ပတ်လည်အောင် မပြောတတ်လို့ အသံတိုးတိုးပဲကြားနေရတာပါ။ အာခေါင်ပဲ့အောင် မပြောတတ်လို့ အသံကျယ်ကျယ် မထွက်တာပါ။ 

ပြည်သူတွေရင်ထဲ အောင်းထားတဲ့စကားတွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေပြောချင်တဲ့ စကားအများစုက တပ်မတော်နဲ့ တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်နေတယ်။ အဲဒီ့စကားတွေက စစ်အာဏာရှင်ဟောင်းတွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်မှုတွေ၊ အာဏာအလွဲသုံးမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေနဲ့ ပတ်သက်နေတယ်။ 

ကျုပ်ကို ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ပြောခဲ့တဲ့စကားရှိတယ်။ `ပြီးတာတွေ ထားလိုက်ပါတော့´တဲ့။ ဒီလို ဆင်သေ ဆိတ်ရေဖုံး လက်လွတ်စပယ်စကားမျိုးလောက်နဲ့တော့ ဒီကိစ္စက မပြီးပြေနိုင်ဘူး။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် ဒီလိုပြောရမယ် ထင်တယ်။ 

ပြည်သူလူထုကြီး ခင်ဗျား။ ဆောရီးဗျာ။ ပြည်သူတွေ ခွင့်လွှတ်တော်မှုကြပါ။ တောင်းပန်ပါတယ် ဆိုတဲ့ စကားမျိုးကို လူသိရှင်ကြား၊ ဗမာကြား၊ ကမ္ဘာကြားပြောရမယ်။ အစိုးရနဲ့ တပ်မတော်က ဒီကိစ္စတွေကို တရားဥပဒေနဲ့အညီ တံမြက်လှည်းရမယ်။ အမှိုက်ရှင်းရမယ်ပေါ့။ ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုတွေရှိရင်တော့ တရားဥပဒေအရ ဖြေရှင်းရမယ်ဗျ။ အားလုံးပြီးပြတ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပေးရပေးမှာပေါ့လေ။ 

ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက စကြဝဋ္ဌာသံတံတိုင်းကြီး ကာတယ်။ ဒီတော့ အခြေခံဥပဒေပြင်ဆင်ရေးကိုလည်း မဖြစ်မနေလုပ်ရမှာပဲ။ တပ်မတော်ကလည်း ဝိုင်းကူရမှာပဲပေါ့ဗျာ။ 

တပ်မတော်ဂုဏ်ရောင် ထွန်းပြောင်ပါစေ။ 

ဟံသာဝတီ ဦးဝင်းတင် 
ဒီလှိုင်းဂျာနယ်။ အတွဲ (၂)၊ အမှတ် (၄၅)


 

No comments: