Friday, August 30, 2013

ပုလိပ်ဖျင်းတော့ လယ်သူမတွေကိုရိုက်တယ် (ရဲဘော် ဖိုးသံချောင်း)

လက်ပန်တောင်းတောင်မှာ သံဃာတွေကို ဖော့စ်ဖရပ်စ် မီးလောင်ဗုံးတွေနဲ့ပစ်ခတ်တဲ့ ရက်စက်မှုကြီးဖြစ်ပွားပြီးလို့ သုံးလမပြည့်သေးဘူး မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုက ဆန္ဒပြလယ်သမားတွေကို စစ်အစိုးရရဲ့ပုလိပ်တွေက ရက်ရက်စက်စက်ရိုက်နှက် ဖြိုခွဲတဲ့ကိစ္စကြီး ပေါ်ထွက်လာပြန်ပါပြီ။ အေးချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုကို သုံးလခြားတခါ ရက်ရက်စက်စက်ဖြိုခွဲနေတဲ့ အစိုးရကို ဘယ်လိုအစိုးရလို့ပြောမလဲ။ 

ဒီနေ့ဗမာပြည်ရဲ့အနေအထားဟာ စစ်အုပ်စုနဲ့သူတို့ရဲ့ခရိုနီတွေက အာဏာအသုံးပြုပြီး ပြည်သူလူထုရဲ့မြေတွေကို လုယက်၊ ဒါကိုပြည်သူလူထုက ဆန့်ကျင်ရင် အာဏာကိုပဲအသုံးပြုပြီး ဖြိုခွဲနှိပ်စက်ဆိုတဲ့ သံသရာထဲရောက်နေတာပါ။ ဒီတခါမြေလုခံရတယ်ဆိုတာ နည်းနည်းနောနော မဟုတ်ပါဘူး။ မအူပင်နဲ့ ညောင်တုန်းမြို့နယ်အထိစပ်နေတဲ့ ကျေးရွာတွေက လယ်မြေဧက ၅၃၀၀ ကျော် ဖြစ်ပါတယ်။ ဒါကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ညောင်တုန်းမြို့နယ် စစ်မှုထမ်းဟောင်းဖွဲ့၊ အော့ချာဒ်၊ ဇာတိမာန်၊ ဝါဝါဝင်း စသည့် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက သိမ်းယူခဲ့ကြတာဖြစ်ပါတယ်။ ပြီးတော့မှ အဲဒီလယ်သမားတွေကိုပဲပြန်ပြီး တလ ကျပ် ၅၀၀၀၀ နဲ့ သီးစားချပေးပါသတဲ့။ ဒီထက်ယုတ်မာတာ ဘာများရှိပါသေးသလဲ။ ကိုလိုနီခေတ်က ချစ်တီးတွေထက် အဆပေါင်းများစွာ ပိုဆိုးပါတယ်။ 


ဒီကိစ္စမှာ ဆန္ဒပြလူထုဘက်ကအကြမ်းဖက်လို့ ပုလိပ်တယောက်သေရပါတယ်ဆိုပြီး ပုလိပ်အရာရှိတယောက်ရဲ့ မျက်ရည်ခံထိုးသံကိုလည်း ကြားလိုက်ရပါတယ်။ တဖက်သားကို သူတို့က ဦးအောင်အပြစ်တင်တာပါ။ သနားစရာ ကောင်းလိုက်ပါဘိပေါ့။ ဒီနေရာမှာ အရပ်စကားနဲ့ပဲ တုံးတိတိ မေးလိုက်ဖို့ ကောင်းပါတယ်။ အဲဒီနေ့က ဘယ်သူကစပြီး ရိုက်တာလဲ လို့။ 

တရားတဘောင်သဘောအရ မြေလုခံရသူတွေ မမှားဘူးဆိုတဲ့အချက်ကိုထားဦး၊ လက်နက်မဲ့ ဆန္ဒပြနေသူတွေကို မတရား ဝင်ရိုက်တာဘယ်သူတွေလဲ။ ဗမာပြည်သားတွေရဲ့အလေ့အထ အစဉ်အလာကိုသိသူတဦးအနေနဲ့ ဗမာပြည်သားတွေဟာ ဆန္ဒပြရာမှာ ဒီလိုလုပ်လေ့မရှိတာကို သတိထားမိ၊ မှတ်မိပါတယ် (အာဏာပိုင်တွေဘက်ကချည်း အကြမ်းဖက်ခဲ့တာပါ)။ ရှစ်လေးလုံးလိုကာလမှာ စစ်ထောက်လှမ်းရေးတွေက အလံရှူးလုပ်ပြီး မြှောက်ပင့်ပေးမှသာ ကြမ်းကြမ်းတမ်း တမ်းတုံ့ပြန်တာမျိုး ဖြစ်တတ်တာပါ။ အခုဒီမှာ ပုလိပ်တယောက်သေအောင်ပြန်လုပ်တယ်ဆိုတဲ့ လူထုရဲ့ဒေါသဟာ ဘာကြောင့် ဒီလိုပေါက်ကွဲတယ်ဆိုတာကို အစက အသေအချာမသိပါဘူး။ အံ့သြသလိုလိုလည်းဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာကင်တားနားကြည့်ရတယ်ဆိုတဲ့ ပုလိပ်တွေက အမျိုးသမီးတွေကိုရိုက်တာတွေပါတဲ့ ဗီဒီယိုကလစ်ကိုကြည့်လိုက်တော့ ငါဆိုရင်ကော ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ပါ့မလားလို့ တွေးမိပါတယ်။ လက်နက်မဲ့ အမျိုးသမီးတွေကို တုတ်ရှည်တွေနဲ့ ရိုက်နှက်နေတာကို ဘယ်သူမှ ရပ်ကြည့်မနေနိုင်(သင့်)ပါဘူး။ ကိုယ်ကျင့်တရားသဘောအရပြောမယ်ဆိုရင် ဒီလိုကိစ္စမျိုးမှာ လက်ပိုက်ကြည့်နေသူဟာ မတရားမှုကျူးလွန်တာကို အားပေးကူညီရာမြောက်တယ်လို့ ထင်ပါတယ်။ 

အခုတော့ စစ်အစိုးရဟာ လယ်သမားတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ဥပဒေအရအရေးယူမယ်တဲ့။ ဒါပေမဲ့ ပုလိပ်တွေကိုတော့ အရေးယူမယ်၊ စစ်ဆေးမယ် တခွန်းမပြောပါဘူး။ ဆန္ဒပြတာထဲမှာ လုံးဝမပါတဲ့ အမျိုးသမီးတွေကို မြေပေါ်တွန်းလှဲပြီး အသားလွတ်တုတ်နဲ့ရိုက်တဲ့ (ဗီဒီယိုကလစ်ထဲမှာ သိပ်ရှင်းပါတယ်) ပုလိပ်အရာရှိကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ တကယ်ကျတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာကိုက ယခင့်ယခင်က အုပ်စိုးသူတွေ မတော်မတရား လုပ်တာမှန်သမျှကို အရေးယူခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာပါ။ လက်ရှိအာဏာရှိနေသူဆိုရင် (ဓားပါတဲ့ ကုလားက စားတာပဲဆိုတဲ့ခေတ်မှာ) ပိုလို့တောင်မှ ကင်းလွတ်ခွင့်တွေရနေတာ မဆန်းပါဘူး။ 

ဒီနေရာမှာ “ကြားကဖြန်ဖြေတယ်” ဆိုတဲ့လူတွေနဲ့ ပတ်သက်လို့လည်းနည်းနည်း ပြောချင်ပါတယ်။ လက်ပန်တောင်း တောင်ကိစ္စတုန်းကရော၊ ရမည်းသင်း မိုးမိမိုးထိတောင်ကိစ္စတုန်းကရော အဲဒီ “ကြားကဖြန်ဖြေသူ” တွေဟာ ဆန္ဒပြသူတွေကိုပဲ နောက်ဆုတ်ဖို့နားချကြပါတယ်။ စစ်အစိုးရကိုနောက်ဆုတ်ဖို့ မပြောကြပါဘူး။ ရည်ရွယ်သည်ဖြစ်စေ၊ မရည် ရွယ်သည်ဖြစ်စေ၊ သူတို့လုပ်တာဟာ လူနှစ်ယောက်ရန်ဖြစ်ရာမှာ တယောက်ကိုဝင်ဆွဲပေးထားသလို ဖြစ်နေပါတယ်။ ကျန်တယောက်က စိတ်ကြိုက် ထိုးပေရော့၊ ရိုက်ပေရော့ဆိုတာမျိုး ဖြစ်နေပါတယ်။ အခုကိစ္စမှာ လယ်သမားတွေက ဆုတ်ပေးလိုက်ရပြီး ပုလိပ်တွေက မင်းမူသွားတဲ့အခြေဆိုက်ခဲ့ပါတယ်။ 

ဒီလိုပြဿနာပေါ်ပြီးတဲ့နောက်မှာ အာဏာပိုင်တွေက “ကျေးရွာအုပ်စုမှာလည်း လယ်သမားတွေပြောတာ မှန်ရင် သူတို့ မြေတွေကိုပြန်ပေးမယ်” ဆိုတဲ့ အသံပေးလာတာ ကြားရပါတယ်။ စောင့်တော့ကြည့်ရဦးမှာပေါ့။ ဒါပေမယ့် ဒီနေရာမှာ ထောက်ပြစရာရှိတာက အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်အစိုးရဟာ မြစ်ဆုံကိစ္စကိုလည်း (ယတိပြတ်အဖြေ မပေးသေးပေမယ့်) “ယာယီ ရပ်ဆိုင်းထားတယ်” လို့ ယာယီ “ဖြေရှင်း” ထားပါတယ်။ နောက်ပြီး တခြားတခြားသော အလားတူ လူထု ဆန္ဒပြပွဲတွေကိုလည်း စကားနဲ့ပဲနှစ်သိမ့်ထားပါတယ်။ ဒါနဲ့ပြောင်းပြန် ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်လို့ကတော့ အဲဒီလို လေသံမျိုးတောင် တခွန်းမဟတဲ့အပြင် တနေ့ကပဲ အဲဒီနေရာကို စစ်သားတွေ၊ ပုလိပ်တွေထောင်ချီပို့ပြီး ပိတ်ဆို့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ သေချာတာက စစ်အုပ်စုထိပ်သီးတွေဟာ ခရိုနီတွေရဲ့ လုပ်ငန်းတွေကို ထိုးကျွေးတန်ရင် ထိုးကျွေးဖို့ သူတို့မှာ သဘောထားရှိပေမယ့် သူတို့စစ်အုပ်စုပိုင် ဦးပိုင်ကုမ္ပဏီနဲ့ပတ်သက်လို့ကတော့ လူဘယ်နှစ်ယောက်ပဲ သတ်ရ၊ သတ်ရ တလှမ်းမှ နောက်မဆုတ်ဘူးဆိုတဲ့ သဘောထားတာပါပဲ။ သေချာတာကတော့ “အငြိမ်းစား” ဗိုလ်ချုပ်ကြီးတို့ရဲ့အစိုးရဟာ ရှေ့မှာလည်း လူထုရဲ့မြေယာတွေကိုလုဦးမယ်၊ ဒါကို ဆန့်ကျင်ရင် ပြင်းပြင်းထန်ထန်ပြန်ဖိနှိပ်မယ်လို့ တပြည်လုံးကို ရာဇသံပေးနေပါတယ်။ 

စစ်အုပ်စုရဲ့ မူလထိပ်သီးကြီး ဗိုလ်နေဝင်းကတော့ ဒီလိုပြည်တွင်းမှာ လူထုကိုသတ်တာတွေ၊ ရက်ရက်စက်စက် နှိမ်နင်းတာတွေလုပ်တော့မယ်ဆိုရင် ပြည်ပကိုထွက်သွားလေ့ရှိတာမို့ ဒီတခါမှာလည်း ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် နိုင်ငံခြားကိုသွားနေခိုက်မှာ အခုလိုဖြစ်ပေါ်တာဟာ တိုက်ဆိုင်တာလား၊ တမင်လားဆိုတာ မစဉ်းစားဘဲမနေနိုင်ပါဘူး။ ပြည်သူလူထုအတွက်လည်း စိုးရိမ်ပူပန်မိတာ အမှန်ပါ။     ။

ရဲဘော် ဖိုးသံချောင်း


 

No comments: