Monday, August 26, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၂) - မင်းကျော်ခိုင်

ဒေသကောလိပ်တွေမှာ သင်္ချာနဲ့ ဇီဝဗေဒ အဓိကမေဂျာ နှစ်ခုပဲရှိတယ်။ ဆေးကျောင်းသွားချင်ရင် ဇီဝဗေဒကိုယူ၊ အင်ဂျင်နီယာကျောင်းသွားချင်ရင် သင်္ချာကိုယူ။ ဒေသကောလိပ် ၂ မှာ ကျနော်က သင်္ချာယူထားတော့ မနက် ၇ နာရီ ကျောင်းတက်ရတယ်၊ မနက်ပိုင်းမတက်ဖြစ်တာ များပါတယ်။ အတန်းထဲမှာ သူငယ်ချင်းအသစ်တွေ ရလာတယ်။ ဗဟန်းကနေကျောင်းလာတက်တဲ့ ဂစ်တာတီးတဲ့ မိုးကျော်၊ တောင်ကြီးက ညီညီ(ကွယ်လွန်)၊ ပုသိမ်က ခင်မောင်စိုး၊ မြင်းခြံက မောင်နီ ...။

နောက်ပိုင်း မိုးကျော်ပါ အဆောင်မှာ ဂစ်တာလာလာတီးတယ်။ သူနဲ့ကျနော် ကျောင်းမှာ အတွဲများလာတယ်။ သူ ညဘက် အင်ကြင်းဆောင်ကို ဂစ်တာလာတီးရင် ကိုဗစ်(ကိုဆလိုင်းဇာလျမ်း) ပါ တခါတခါ ပါလာတတ်တယ်။ အဲလိုညမျိုးဆို ဘေ့စ်ဂစ်တာသမားနှစ်ယောက် ကိုရဲနဲ့ ကိုဗစ်တို့ ဆုံကြတဲ့ညတွေ၊ သူတို့လက်သွေးကြတာတွေ နားထောင်မဝခဲ့ဘူး။ မိုးကျော်က လိဒ်ဂစ်တာသမားပီပီ ဂစ်တာကို ဆလိုက်ဒ်ဆွဲပြီး တီးတတ်တယ်။ တိတ်ဆိတ်တဲ့အဆောင်ညတွေမှာ ဂီတသံစဉ်တွေနဲ့မူးယစ်ကြတဲ့ အမှတ်တရညတွေပါ။ 



 
ကိုရဲ ၆ မိုင်က ခရမ်းပြာလို့ လူသိများလာမယ့် ရတနာမြိုင်အဆောင်ကိုပြောင်းပြီးလာနေတော့ ကျနော်နဲ့အတူ မိုးကျော်လည်း လိုက်လိုက်လည်တတ်တယ်။ ဒါပေမယ့် ကိုရဲတို့နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြပါဘူး...။ မိုးကျော်က အဲဒီအချိန် တေးပန်းချီ (The Aces) မှာ တီးနေပြီ။ မေ စတူဒီယိုမှာ တီးဖြစ်တာ များတယ်၊ တဂျူတီကို ၇၅ ကျပ် သူ ရတယ်၊ လ္ဘက်ရည်တခွက် ၁ ကျပ်၊ ဒူးယား ၃ လိပ် ၁ ကျပ်ခေတ်။ 

ရတနာမြိုင်အဆောင်က ရှေ့မျက်နှာစာက နှစ်ထပ်တိုက်ကြီး။ နောက်က သွပ်မိုး၊ ဝါးကျူထရံကာနဲ့ နှစ်ထပ်ဘော်ဒါဆောင်မှာ ကိုရဲက အောက်ထပ်က တခန်းမှာနေတယ်။ အဆောင်အပေါ်ထပ် ညာဘက်အစွန်းခန်းမှာ ကျောက်ပန်းတောင်းက ဂစ်တာသမား ကိုဇော်ဇော် နေတယ်။ အောက်ထပ် ညာဘက်အစွန်အခန်းမှာ ရုပ်ရှင်သရုပ်ဆောင် မဲဇာ၊ နောက် ဘယ်ဘက် ကပ်ရက်အခန်းတွေဆက်သွားရင် ရုပ်ရှင်သရုပ်ဆောင် ကိုမျိုးသန့်(သမန်းကျား)၊ ခုတော့ ကွယ်လွန်သွားရှာပြီ။ နောက်ခု ရုပ်ရှင်ဒါရိုက်တာလုပ်နေတဲ့ ကိုဟိန်းစိုး၊ နောက် ကိုနေဝင်းနဲ့ ကိုမောင်မောင်တို့အခန်း၊ ပြီးရင် ကိုရဲနဲ့ ကိုတိုးတို့အခန်း...။ တိုက်ကြီးအပေါ်ထပ်မှာက ကိုထီး (စိုင်းထီးဆိုင်)တို့ နေကြတယ်။ ကိုထီးနဲ့ ကျနော် မရင်းပါ။ ဘေ့စ်တီးတဲ့ ကိုဂျက်(စောဂျက်ဆင်)၊ လိဒ်တီးတဲ့ ကိုမျိုးတို့ကျ ပြောမနာ ဆိုမနာ ရင်းနှီးတယ်။ အဆောင်မှူးက ဒေါ်ပြုံး၊ အားလုံးနဲ့ တရင်းတနှီးရှိကြတယ်။ 

၁၉၈ဝ ထဲမှာပဲ ရတနာမြိုင်အဆောင်ကို ဘိုတင့်(ရာပြည့်)၊ ရစ်ချတ်(သက်နိုင်ဦး) တို့ မကြာမကြာ ရောက်လာကြတယ်။ ဘိုတင့်(ရာပြည့်)က သူနဲ့ သက်နိုင်ဦး နှစ်ယောက်ပေါင်းထုတ်မယ့်အခွေ ကြယ်ကြွေချိန် ညလေးတည အတွက် လုံးပမ်းနေတဲ့အချိန်။ 

အဆောင်မှာ ကျနော်က အမြဲသူတို့နဲ့နေနေတော့တာ။ အိမ်နီးပေမယ့် အိမ်လည်း ပြန်ချင်မှပြန်တာ။ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမမှာအိပ်တဲ့အခါ အိပ်တယ်။ ကိုတိုး၊ ကိုရဲ၊ ကိုမောင်တို့နဲ့ တချို့ရက်တွေဆို ငှက်ပျောသီးတလုံးနဲ့ လ္ဘက်ရည်တခွက်ဟာ တနေ့လုံးအတွက်ပဲ။ တခါတလေ သင်္ဘောသားတချို့ သားသမီးတွေက ကိုရဲတို့အုပ်စုကို လေးစားလွန်းလို့ဆိုပြီး သူတို့အိမ်ကို သူတို့ကားနဲ့ အလည်ခေါ်ပြုစုတတ်တဲ့အခါတွေလည်း ရှိတယ်။ အဲလိုနေ့ဆို သူတို့က ကျနော့်ကိုပါ ကိုရဲတို့နဲ့ရောပြီး တလေးတစား ဂစ်တာတွေ ထိုးထိုးပေးတတ်ကြတယ်။ မတီးတတ်ပေမယ့် ခပ်တည်တည် ရောရောင်နေလိုက်ရတဲ့အကြိမ်ပေါင်းလည်း မနည်းတော့။ ကိုရဲ၊ ကိုတိုး၊ ကိုမောင်၊ ကိုနေဝင်းတို့က ကျနော့်အပေါ် ညီငယ်လိုဆက်ဆံကြတာလည်း ပါပါတယ်။ ဘယ်တော့မှ မင်းနဲ့ ငါနဲ့ မပြောကြဘူး၊ ကိုယ်တို့သွားကြမလို့ မင်းကျော်ခိုင် လိုက်ခဲ့ပါလား... ဘာဘာညာညာပေါ့၊ အဲလို ကျနော့်အပေါ် ဆက်ဆံကြတဲ့သူတွေပါ။ တခါတော့ ကိုရဲက မိုင်ကျော်ခင်း ဂစ်တာတီးသင်ရင် ကောင်းမယ်ဆိုပြီး ပြောလာတော့ ကျနော်ကလည်း ဒါဆို ကိုရဲ နောက်သီချင်းရေးရင် ကော့ဒ်လွယ်လွယ်နဲ့ သံစဉ်ထည့်ပေး၊ ဒါဆို ဂစ်တာတီးသင်မယ်ဆိုတော့ တကယ်ပဲ နဒီမင်္ဂလာသီချင်းနဲ့ ကျနော့်ကို သင်ပေးခဲ့ပါတယ်။ 

အဆောင်မှာ ကိုမောင် သီချင်းတပုဒ်ရေးနေတာ တော်တော်ကြာပြီ။ ဂစ်တာကို Classic တီးကွက်တွေ စမ်းစမ်းပြီးရှာရင်း မေရယ်... အနားလာပါကွယ်... အရိုးသားဆုံးပြောရရင်... (အဲဒီအချိန် သီချင်းခေါင်းစဉ် မသိသေးဘူး) နောက်မှ ဒဏ္ဍာရီ လို့ သူ ခေါင်းစဉ်ပြောပြတာ။ ကိုမောင် ကျနော်ကြည့်နေတာ ဒီသီချင်းရေးနေတာ တော်တော်ကြာပြီ၊ အရိုးသားဆုံးပြောရရင်ကနေကို ဆက်မတက်တော့ဘူးလို့ သူ့ပြောတော့ ရယ်ပြီး သီချင်းကောင်းတပုဒ်ဆိုတာ ဒီလိုပဲ... တဲ့။ အဲဒါကို ကိုနေဝင်းကြားတော့ မင်းကျော်ခိုင်ရေ... ကိုယ် ပြောပြမယ်၊ အတတ်ပညာနဲ့ အနုပညာဆိုတာရှိတယ်၊ အတတ်ပညာဆိုတာက နိုင်ငံခြားသီချင်းတပုဒ်ကို ကော်ပီသီချင်းလုပ်မယ်ဆိုရင် သူ့သံစဉ်ရှိပြီးသားမို့ ကိုယ်တတ်ထားတဲ့ စကားလုံးကြွယ်ဝမှုတွေကို သံစဉ်အတိုင်း လိုက်ထည့်သွားတာပဲ၊ ကြာလှ နာရီဝက်ပေါ့ သီချင်းတပုဒ်ကို။ ဒါပေမယ့် ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားနဲ့ကျတော့ တရက်ကြာချင်ကြာမယ်၊ တနှစ်ကြာချင်ကြာမယ် အချိန်ကာလ သတ်မှတ်လို့မရဘူးလေ၊ တန်ဖိုးလည်းဖြတ်လို့ မရဘူး.. အဲဒါ အနုပညာပဲ လို့ ရှင်းပြတယ်။ 

ဒီလိုနဲ့ တရက် ကိုရဲတို့အခန်းမှာ ကျနော်တို့ စုထိုင်နေကြတုန်း မိုးကျော်က သူ့မိတ်ဆွေတယောက်နဲ့ ရောက်လာတယ်။ ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်တို့နဲ့ မိတ်ဆက်ပေးတယ်။ သူကတော့ တခြားသူမဟုတ်။ တချိန်မှာ အောင်မြင်တဲ့တေးသံရှင်၊ တော်လှန်ရေးဂီတသမားဖြစ်လာမယ့် မွန်းအောင် (Dennis) ပါပဲ...။ 

ဆက်ပါဦးမည်။


မင်းကျော်ခိုင်


 

No comments: