Thursday, August 29, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၄) - မင်းကျော်ခိုင်

လှည်းတန်းဘက်ကနေလာရင် ခရမ်းပြာ အဆောင်မရောက်ခင် ပြောရရင် အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်က ပတ္တမြားခြံရှိတယ်။ အဲဒီမှာ IFL(French) တက်နေတဲ့ ကျောင်းသားတယောက်ရှိတယ်၊ သူ့နာမည်က ကိုငွေဝင်း။ သူကလည်း အမြဲတခုခုတော့ကောင်းနေတာပဲ။ သူ့ဆီလာလည်နေကျက ဖိုးချို။ ဖိုးချိုနဲ့ကလည်း ကျနော် ကိုနေဝင်းနဲ့ပတ်သက်ပြီး ခင်တာ။ ဖိုးချိုက အဲဒီအချိန် သူ့အခွေ ပိုင်စိုးမှုဧကရီနဲ့ ပေါက်ထားတဲ့အချိန်။ ခင်တော့ခင်တယ် ဒါပေမယ့် တခါတခါ ကျနော်နဲ့ အယူအဆမတူတဲ့အခါ ခဏခဏ ငြင်းကြရတယ်။

သူနေတဲ့ လမ်းမတော် ညောင်ပင်လေးဈေးနားက အပေါ်ထပ် သူ့အိမ်ခန်းကိုအလည်ခေါ်လို့ လိုက်လည်ဖူးတယ်။ သူကလည်း သူ့အနုပညာမာနနဲ့ပဲ။ သိပ်အောင်မြင်ချင်လွန်းတဲ့ဆန္ဒတွေ များတယ်။ နောက်တခုက သူကောင်းတာက များလွန်းတယ်။ အလွန်အကျွံကောင်းနေတာ၊ ဒါတွေလည်းပါတယ် သူစောစောနဲ့ ကြွေခဲ့ရတဲ့အကြောင်းက။ ကျနော့်အမြင်ပြောရင် သူက အောင်မြင်ခြင်းရဲ့ဒဏ်၊ ကျော်ကြားမှုရဲ့ဒဏ် သူ မခံနိုင်ခဲ့တာပဲ။ အောင်မြင်ကျော်ကြားမှုအပေါ် သာယာမှုလွန်ကဲသွားခဲ့တာလို့ပဲ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက သီရိဆောင်ရဲ့ကျောင်းသူတွေ နှုတ်ဆက်ညစာစားပွဲမှာ သီချင်းဆိုပေးဖို့ သူ့ကိုပြောတော့ သူတောင်းတဲ့ဈေးက မတရားများနေတယ်။ ဖိုးချို ဒါ ကျောင်းသူတွေရဲ့အဆောင် သူတို့က လက်မှတ်ရောင်းပြီး စီးပွားရှာတာမဟုတ်ဘူး၊ ရံပုံငွေနဲ့လုပ်ကြတာလို့ ပြောပေမယ့် မရဘူး...။


သီရိဆောင်ရံပုံငွေ Fan Fair အကြောင်းပြောမှ ရှင်းမှာ။ ၁၉၈၁ ခုနှစ်မှာ သီရိဆောင်က Hall Tutor ဒေါ်ချိုချို (မမချို)ကနေ သူငယ်ချင်း ကျော်ညွန့်အောင်ကနေတဆင့် အကူအညီတောင်းလို့ သူတို့အတွက် ရံပုံငွေရှာပေးဖူးတယ်။ ဘယ်လိုရှာလဲဆိုတော့ ရန်ကုန်သားပီပီ လောင်းကစားပေါ့ဗျာ။ သီရိဆောင်ရဲ့ နောင်နှမအဆောင်က ရွှေဘိုဆောင်၊ ဥပဒေကျောင်းသား/ ကျောင်းသူတွေမောင်နှမဆောင်ပေါ့။ သူတို့က ဘူးသီးကြော်၊ ငှက်ပျော်ကြော်၊ မုန့်ဟင်းခါးတို့ ရောင်းတာ။ ကျနော်က ၃ ပေပတ်လည် သံဇကာတချပ်ဝယ်ပြီး ပင်ပေါင်ဘောလုံး (Table Tennis Ball) ၃ လုံးနဲ့ သံဇကာပေါက်ထဲ ဝင်အောင်ပစ်၊ ပင်ပေါင်ဘောလုံး ၃ လုံး ၁ ကျပ်၊ တလုံးဝင်ရင် တဆ လျော်မယ်၊ ၃ လုံးစလုံးဝင်ရင် ၃ ဆ လျော်မယ်ပေါ့။ ဒါက ဟန်ပြ။

တကယ်ကစားမှာက အဲဒီ ပင်ပေါင်ဘောလုံး ၃ လုံး ၁ ကျပ်ဆိုတဲ့ ပိုစတာကို ပြောင်းပြန်ပြန်လှန်လိုက်ရင် Lucky Seven အံစာ ၂ တုံးနဲ့ အကွက်ချထားတဲ့ဇယား။ အလယ်အကွက်က နံပါတ် ၇ တလုံးထဲ၊ ဘေးဘက် ဘယ်နဲ့ ညာမှာက ဘယ်ဘက်မှာဆိုရင် ၂ ကနေ ၆၊ ညာဘက်မှာက ၈ ကနေ ၁၂၊ ဘယ်ဘက်အကွက်နဲ့ ညာဘက်အကွက်ကျရင် ၁ ဆစီ လျော်မယ်၊ အလယ် ၇ ကျရင် ၇ ထိုးတဲ့သူကို ၃ ဆ လျော်မယ်။ အဲလို ကစားတာ။ ပွဲမစခင်ကတည်းက ဆရာမ မမချိုကို တောင်းထားတာက အရင်းငွေ ၂ဝဝ ကျပ်၊ နောက် ငွေသိမ်းပေးဖို့ သီရိဆောင်ရဲ့ အချောဆုံး ကျောင်းသူနှစ်ယောက်၊ ဆရာမကလည်း သဘောတူတယ်။ အဲတော့ မင်းကျော်ခိုင်တို့ဘေးမှာ အချောဆုံး ကျောင်းသူအလှပဂေးနှစ်ယောက် ခြံရံလျက်ပေါ့ဗျာ...။

အဲဒီတော့ သူတို့ကိုပိုးနေကြတဲ့ ရွှေဘိုဆောင်ကကောင်တွေက ကျနော့်ကို မျက်စောင်းတခဲခဲပေါ့။ ပွဲစလို့မှ မကြာသေးဘူး ဘေးကမရွှေချောနှစ်ယောက်ပြာလာပြီ။ ပြာဆို အံစာတုန်းက သေသလားမမေးနဲ့၊ အသေးအကွက် ၂ နဲ့ ၆ ကြားချည်းပဲကျနေတော့ သူတို့ လှိမ့်လျော်နေရတယ်။ မင်းကျော်ခိုင် ကြည့်လုပ်အုန်း၊ အရင်း ငွေ ၂ဝဝ ကုန်တော့မယ်။ ကျနော်ကလည်း အေးပါ မပူပါနဲ့ အေးဆေးပါ ဆိုပြီး ကြံဖန်ရတော့တာပေါ့၊ လောင်းကစားသမားတွေ ငွေလျော်ငွေစားကို အာရုံစိုက်နေကြတုန်း ကျနော်က အံစာခွက်ကို မခလောက်တော့ဘဲ အံစာတုန်း ၂ ခုပေါင်း နံပါတ် ၇ လုပ်ထားလိုက်တယ်၊ ပြီးမှ ကဲ အားလုံး လက်ရှောင်ကြ၊ အိုကေ... နောက်တပွဲ စမယ်ဆိုပြီး အံစာခွက်ကို အသာချထားလိုက်တယ်။

ထိုးသား မောင်ကျောင်းသားတွေကလည်း ဟေး ဒီတခါ အသေးပဲကွ၊ တချို့ကလည်း အကြီးကျမှာကွနဲ့ ထိုးကြပါလေရော။ ကျနော်က ခပ်တည်တည်နဲ့ အိုကေ နံပါတ် ၇ ဘယ်သူမှ မထိုးဘူးလား ဖွင့်တော့မယ်နော်ဆိုပြီး အံစာတုန်းကာထားတဲ့ခွက်ကို အပေါ်တဲ့တဲ့ဖြည်းဖြည်းလေးမ ပြီးမှ ညာဘက် အသာလေးဆွဲဖွင့်လိုက်၊ ထိုးသားတွေအတွက်က အသည်းတယားယားပေါ့ဗျာ။ ဟာ... ... နံပါတ် ၇၊ အဲဒီမှာ သူတို့ထိုးထားတာတွေ အကုန်စားတော့ပဲ။ အဲလိုမျိုး ၃ ခါ တခါလောက် ဆင်ပြီးကစားတော့ ဒိုင်စားပေါ့။ အံမယ် ကျနော့် အလှပဂေးနှစ်ယောက်များမြူးလို့ ...။

နေ့လည်ထမင်းစားချိန်နားတော့ မမချိုက မှာထားတယ်၊ ဂျပ်ဆင် Canteen မှာ အတူစားကြမယ်တဲ့။ ကျနော့်မရွှေချောတွေက နိုးဝေးပဲတဲ့၊ မြတ်တယ် ဒီတော့ ကုက္ကိုင်က တရုတ်ဘုံကျောင်း စားသောက်ဆိုင်မှာ သွားစားကြမယ်ဆိုပြီး ၃ ယောက်သား လေးဘီးတက္ကစီငှားပြီး သွားစားကြတာ ၁၅၀ ကျပ်ကျတယ်။ မမချို မျက်လုံးပြူးသွားတော့၊ မမရယ် ... သမီးတို့ ၂ ထောင်ကျော်တောင်မြတ်နေတာ ဒီလောက်တော့ စားရမှာပေါ့ဆိုတော့ ငြိမ်သွားတယ်။ ညနေပွဲသိမ်းတော့ မရွှေချောတွေက မင်းကျော်ခိုင် နင် ငါတို့ကို ဂျပ်ဆင် Canteen ကြံရည်ဆိုင်မှ စောင့်နေဆိုလို့ စောင်နေခဲ့တယ်။ အံမယ် သူတို့က ပိုက်ဆံသိမ်းတဲ့ လွယ်အိတ်အထဲမှာ အတွင်းဇစ် လုပ်ထားတာကိုး။ ဇစ်ပိတ်ပြီး ပိုက်ဆံတွေ လွယ်အိတ်ကိုခါချပြပေမယ့် ဇစ်အိတ်ထဲက ဒိုင်ထားတဲ့ပိုက်ဆံတွေက မကျဘူးလေ။ ရော့ နင့်အတွက်ခွဲတမ်း ၅ဝဝ ကျပ်၊ နင် ဘယ်သူ့မှ လျှောက်မပြောရဘူးနော်ဆိုပြီး နှုတ်ပိတ်သွားသေးတယ်။ ပွဲက ၂ ရက်ဆိုတော့ တယောက် တထောင်စီပေါ့ဗျာ။ လ္ဘက်ရည်တခွက် ၁ ကျပ်ခေတ်နော်၊ မှန်းကြည့်။

အဆောင် Dinner မှာ ကျနော့်ကို အဆောင်က ဂုဏ်ပြုလက်ဆောင် ၅ ကျပ်တန် လက်ကိုင်ပဝါနှစ်ထည် ပေးပါသဗျာ... အမှတ်တရပေါ့။ ဒါပေမယ့် နောက်နေ့မှာ ကျောင်းသားတွေက မော်ကွန်းထိန်းကို သွားတိုင်ကြတယ်၊ သူတို့ အိမ်ကပို့လိုက်တဲ့ ကျောင်းလခတွေ၊ စာအုပ်ဖိုးတွေ သီရိဆောင်ဈေးရောင်းပွဲမှာ ကျနော့် အံစာကစားဝိုင်းကြောင့် ကုန်ပါပြီဆိုပြီး...။ ဒါတော့ သူတို့ကို ဘယ်သူမှ လာကစားပါလို့ မခေါ်ခဲ့ပါဘူး၊ သူတို့ဖာသာ သူတို့လောဘနဲ့ လာကစားတာကိုး...။ ကျနော့်အတွက်တော့ ကျောင်းထဲ ဦးချစ်ဆိုင်သွားတဲ့အခါ အဆောင်က မောင်ကျောင်းသားများရဲ့ သြဘာပေးမှုကိုခံရပါတယ်။ လူလိမ်ကြီး တဲ့... ...။

အဲဒီဈေးရောင်းပွဲက ရံပုံငွေတွေအားလုံးပေါင်းပြီး ညစာစားပွဲအတွက် တီးဝိုင်းနဲ့ အဆိုတော်တွေငှားဖို့ ကျနော့်ခေါင်းပဲ ကျပါတယ်။ မမချိုက မင်းကျော်ခိုင်က ကိုရဲလွင်တို့နဲ့ ရင်းနှီးတယ်ဆိုပြီး အဆောင်ကျောင်းသူတွေ ဂျီကျတာခံရပါတယ်။ ဖိုးချို၊ ကိုင်ဇာ၊ စိုးပိုင်၊ ပလေးဘွိုင်သန်းနိုင် ခေါ်ပေးဆိုပြီးလုပ်ကြလို့ ကျနော်လည်း ကိုရဲ နဲ့ မိုးကျော်ပဲ အကူအညီတောင်းရတော့တာပေါ့။ အဲဒီအချိန်က ကိုင်ဇာ၊ မေဆွိ၊ ဖိုးချို နံမည်ကြီးနေချိန်။ ကိုင်ဇာက ကျနော့်ထက် RC 2 မှာ တနှစ်စောရောက်တယ်၊ မသိကြဘူး။ မိုးကျော်နဲ့လည်း မရင်းဘူး။ သူ့နဲ့ဆက်သွယ်ပြီး သီရိကျောင်းသူအဆောင်အတွက်ပါဆိုတော့ သူကလည်း ဖိုးချိုအတိုင်းပဲ ဈေးက Play Boy တီးဝိုင်းထက်တောင် များနေတယ်။ အဲဒီမှာ သူ့ Success တီးဝိုင်းမှာ Organ တီးတဲ့ သိန်းဆွေ၊ သိန်းဆွေညီမ ချစ်ချစ်ကတော့ ကျနော့် သူငယ်ချင်းပါပဲ။ သိန်းဆွေနဲ့ ဂျပ်ဆင် Canteen မှာ တခါမှ မတွေ့ဖူးကြပဲ ချိန်းပြီး ဈေးစကားပြောတော့လည်း အဆင်ကမပြေ။ ဒါနဲ့ပဲ မြန်မာပြည်အကောင်းဆုံးတီးဝိုင်းဖြစ်တဲ့ သမန်းကျားတီးဝိုင်းပဲ ငှားပေးလိုက်တော့တယ်၊ သမန်းကျားကိုမြင့်၊ ရုပ်ရှင်သရုပ်ဆောင် အရှည်ကြီး (ဘေ့စ်)၊ သူတို့ ဝိုင်းပေါ့ဗျာ။

ကိုစိုးပိုင်ကိုသွားဖိတ်ဖို့ ကိုရဲကို အကူအညီတောင်းရတယ်။ သူနဲ့က ဟိုး E Machine မှာကတည်းက သူငယ်ချင်းတွေကိုး။ ဒါနဲ့ ကျနော်နဲ့ကိုရဲ ကိုစိုးပိုင်နေတဲ့ ကျောက်မြောင်းရပ်ကွက်ထဲ လိပ်စာမသိဘဲ သွားရှာကြတာပေါ့။ ကိုစိုးပိုင်အိမ်မတွေ့ဘဲ ရိုင်းတဲ့ဇင်ယော် သီချင်းဆိုခဲ့ဖူးတဲ့ အောင်ဘိုဘိုနဲ့ သွားတွေ့တယ်။ အောင်ဘိုဘိုကလည်း ကိုရဲကို နာမည်နဲ့တင် လေးစားနေတဲ့သူဆိုတော့ သူ့အိမ်အတင်းခေါ်၊ ပြုစုပြီးမှ ကိုစိုးပိုင်ဆီ လိုက်ပို့ပေးခဲ့တယ်။ ကိုစိုးပိုင်အိမ်ရှိတဲ့ လမ်းနာမည်တော့ မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကိုစိုးပိုင်အိမ်က ပျဉ်ထောင်နှစ်ထပ်အိမ်၊ သူက အပေါ်ထပ်မှာနေတယ်၊ သူ့ဇနီးက မညို အရမ်းသဘောကောင်းတယ်၊ ကိုရဲကိုတွေ့တာနဲ့ ရဲကြီး ဘယ်ကဘယ်လိုရောက်လာတာလဲဆိုပြီး ဝမ်းသာအားရ ဧည့်ခံတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျနော် ကြည်နူးခဲ့ရတယ်။ သြော်... သူငယ်ချင်းဆိုတာကို ပြောတာပါ... ... ကိုရဲက လူချစ်လူခင် များတယ်...။

ဆက်ပါဦးမည်။

မင်းကျော်ခိုင်


 

No comments: