Tuesday, June 4, 2013

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြဿနာ (မောင်ဝံသ)

၁၉၄၈ ခုနှစ်ကစတင်ခဲ့တဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့များအပြင် ၁၉၆၂ ခုနှစ်နောက်ပိုင်း ထပ်မံပေါ်ထွက်လာတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့သစ်တွေပါ ပါဝင်ဆင်နွှဲလာခဲ့ကြတဲ့ လွတ်လပ်ရေးရဲ့ ဖွားဖက်တော် ပြည်တွင်းစစ်ကြီးဟာ ယနေ့အထိ မပြီးဆုံးသေးပါဘူး။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်မှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရခဲ့ပေမယ့် အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ကေအင်ယူနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်လို့ အစိုးရက ပြောနေတဲ့ကြားက အစောပိုင်း ကချင်ပြည်နယ်မှာ၊ အခုနောက်ပိုင်း ရှမ်းပြည်နယ်က တချို့နေရာတွေမှာ သေနတ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ တိုင်းသိပြည်သိ ကမ္ဘာသိ ဖြစ်ပါတယ်။ 

စစ်မှန်တဲ့ ဖက်ဒရယ် တောင်းဆိုချက်

ပြည်ထောင်စုကနေခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်လိုတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ ရှိကောင်းရှိနိုင်ပေမယ့် မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်အဖွဲ့အများစု (အားလုံးလိုလို) တောင်းဆိုနေတာက မြန်မာ အပါအဝင် လူမျိုးစုအားလုံးမှာ တန်းတူရည်တူ အခွင့်အရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါတယ်။ အာဏာရအစိုးရ အဆက်ဆက်က 'ပြည်ထောင်စု' ဆိုတဲ့ ဝေါဟာရကိုသုံးနှုန်းပြီး အုပ်ချုပ်ခဲ့ပေမယ့် အဲဒါဟာ သူတို့လိုချင်တဲ့ ပြည်ထောင်စုမျိုး မဟုတ်ဘူးဆိုတဲ့အချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြချင်တဲ့သဘောနဲ့ နောက်ပိုင်းမှာ လက်နက်ကိုင်ရော လက်နက်မကိုင်တဲ့ လူမျိုးစုံတွေကပါ 'ဖယ်ဒရယ် ပြည်ထောင်စု' အစား 'စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု' ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ ပြောင်းလဲတောင်းဆိုလာခဲ့ကြပါတယ်။ 


လူမျိုးစုတွေရဲ့ လိုလားချက် 

လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အစိုးရအဆက်ဆက်ကို တစ်လျှောက်လုံး တောင်းဆိုလာခဲ့ကြတာက ဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပါတယ်။ အဲဒါကို တည်ဆောက်နိုင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကတစ်ဆင့် တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးပြုလုပ်ရမယ်၊ အဲဒီအတွက် အရင်ဆုံးလုပ်ရမှာက တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။ အဲဒီတောင်းဆိုချက်ဟာ ကျိုးကြောင်းဆီလျော် တရားမျှတတဲ့ တောင်းဆိုချက်ဖြစ်ပေမယ့် ဖက်ဒရယ်ဆိုတဲ့အသံကြားရုံနဲ့ တီကောင်ကိုဆားနဲ့တို့လိုက်သလို တွန့်ခနဲ ဖြစ်သွားတတ်တဲ့ အင်အားစုများရဲ့ သဘောထားရပ်တည်ချက်ကြောင့် အဲဒီ တောင်းဆိုချက်ဟာ ဘယ်တုန်းကမှ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေကို ကမ္ဘာက ကြိုဆိုထောက်ခံရလောက်အောင် ခြေလှမ်းသွက်သွက်နဲ့လုပ်ပြနေတဲ့ လက်ရှိအစိုးရလက်ထက်မှာတောင် အဲဒီ တောင်းဆိုချက်ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖြည့်ဆည်းပေးနိုင်သေးတာကို တွေ့နေရပါတယ်။ 

တစ်ပြိုင်တည်း ပြဿနာနှစ်ခု 

အခု ကျွန်တော်တို့နိုင်ငံမှာ တပြိုင်တည်း ပေါ်ပေါက်နေတဲ့ ပြဿနာ နှစ်ခုက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ ပြသနာနှစ်ခုစလုံးဟာ အနှစ်သာရအရ လွတ်လပ်ရေးနဲ့အတူ မွေးဖွားပေါ်ပေါက်လာတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။ အခုမှ အသစ်ပေါ်ထွက်လာတဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ခေါင်းစဉ်နှစ်ခုစလုံးဟာ နိုင်ငံရေးပြဿနာချည်း ဖြစ်ပါတယ်။ 

အဲဒီပြဿနာနှစ်ခုဟာ ဖြေရှင်းပြေလည်သွားခဲ့တာမဟုတ်ဘဲ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့တဲ့ခေတ်တစ်လျှောက်လုံး ရေပြင်အောက် ငုပ်လျှိုးနေခဲ့ပြီး အခု ပေါ်လို့ရတဲ့အချိန်မှာ ပြန်လည်ပေါ်ထွက်လာတာသာ ဖြစ်ပါတယ်။ ဒါကြောင့် အပြီးအပြတ် ပြေလည်အောင် မရှင်းနိုင်မချင်း အဲသလိုပဲ ငုပ်လိုက် ပေါ်လိုက်သာ ဖြစ်နေဦးမယ်ဆိုတဲ့အချက်နဲ့ အဲဒီပြသနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်မချင်း ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ဆိုတာတွေဟာလည်း 'တံလျှပ်' သဖွယ်ပဲ အမြဲတမ်းဖြစ်နေမယ်ဆိုတဲ့အချက်ကို တာဝန်သိသူတိုင်း သတိပြုကြရမှာ ဖြစ်ပါတယ်။ 

ဘယ်ဟာကို အရင် ဖြေရှင်းမလဲ 

ဒီတော့ ဒီပြသနာနှစ်ခုမှာ ဘယ်ဟာကို အရင်ဖြေရှင်းမလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ တစ်ချို့ နိုင်ငံရေးသမားတွေက လက်ရှိ အခြေခံဥပဒေဟာ ပြင်လို့မရလောက်အောင်လုပ်ထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ ပြင်ဆင် ပြောင်းလဲဖို့ သိပ်ကို ခက်ခဲတယ်လို့ ပြောနေကြပါတယ်။ မရည်ရွယ်ဘူးလို့ ယူဆရပေမယ့် သူတို့စကား အသွားအလာအရ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို အခုအချိန်မှာ မတို့မထိနဲ့ဦး။ ဖယ်ဒရယ်ကိစ္စပဲ အရင် ဖြေရှင်းကြတာပေါ့လို့ဆိုလိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်နေပါတယ်။ 

လူမျိုးစုတွေရဲ့ အဓိက လိုလားချက် 

တကယ်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုနေကြတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ တစ်လျှောက်လုံး ရပ်ခံလာကြတဲ့အနေအထားကို လေ့လာကြည့်ရင် ဒီကိစ္စက နည်းနည်းကလေးမှ ရှုပ်ထွေးစရာမလိုတဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့က သူတို့ဟာသူတို့ လူမျိုးစုရဲ့ အခွင့်အရေးတွေကို လက်နက်ကိုင်ပြီး ကာကွယ်စောင့်ရှောက်ဖို့ မလိုတော့တဲ့တစ်နေ့ (တစ်နည်း) အဲဒီအခွင့်အရေးတွေကို အခိုင်အမာ ကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ အခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာတဲ့တစ်နေ့မှာ ကိုင်ထားတဲ့လက်နက်တွေကို စွန့်လွှတ်မှာ ဖြစ်တယ်။ အခုအထိတော့ အဲသလိုမျိုး အခြေခံဥပဒေ ပေါ်ထွက်မလာသေးဘူး။ အဲသလို ရပ်ခံနေခဲ့ကြတာ ဖြစ်ပါတယ်။ 

ရေပေါ် အရုပ်ရေးသလိုဖြစ်မယ် 

ဒီတော့ အဖြေက ရှင်းပါတယ်။ ဖယ်ဒရယ်ကိစ္စ ပြေလည်ချင်တယ်ဆိုရင် အခြေခံဥပဒေကိစ္စ အရင်ရှင်းရမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေခံဥပဒေကိုမပြင်ဘဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် အဲဒါဟာ ရေပေါ်မှာ အရုပ်ရေးတာပဲ ဖြစ်ပါလိမ့်မယ်။ 

လက်ရှိ အခြေခံဥပဒေဟာ ပြင်လို့မရနိုင်လုနီးပါးဖြစ်အောင် လုပ်ထားတဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော် သဘောတူပါတယ်။ တိုင်းပြည်ကို နှစ်နှစ်ဆယ်ကျော်အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရတစ်ခုက စစ်အာဏာ လွှမ်းမိုးကြီးစိုးရေးစနစ် တည်တံ့နိုင်သလောက် တည်တံ့ခိုင်မြဲရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုတဲ့အချက်ကို အများနည်းတူ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ 

အားတက်စရာ နမူနာတွေ 

 ဒါပေမယ့် ကျွန်တော်တို့ 'ခက်တယ်' 'မလွယ်ဘူး'ဆိုပြီး ညည်းနေလို့ချည်း မဖြစ်ပါဘူး။ သူများတွေ ခက်ခဲနက်နဲ သိမ်မွေ့တဲ့နိုင်ငံရေး ပြဿနာတွေကို ဘယ်လို အဖြေရှာခဲ့ကြသလဲ။ ဘယ်လို ကျော်လွှားခဲ့ကြသလဲ။ ပြည်တွင်းပြည်ပ အတွေ့အကြုံတွကို ကျွန်တော်တို့ စေ့စေ့စပ်စပ် လေ့လာကြရပါမယ်။ တောင်တန်းဒေသတွေကို ချန်ထားပြီး လွတ်လပ်ရေးပေးဖို့ ကြိုးစားတဲ့ နယ်ချဲ့ဆီက တစ်ပြည်လုံး လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေ ဘယ်လို စည်းရုံး စီစဉ်ဆောင်ရွက်ခဲ့ကြသလဲ။ 

တစ်လျှောက်လုံး လူဖြူတွေက လူမည်းတွေအပေါ် ဖိနှိပ်အုပ်ချုပ်လာခဲ့ပြီး လူဖြူတွေကို တစ်ဖက်သတ် အသာစီးပေးထားတဲ့ အခြေခံဥပဒေတစ်ခု တည်ရှိရာ တောင်အာဖရိကနိုင်ငံမှာ လူမည်းသမ္မတတစ်ဦး ပေါ်ထွက်လာအောင် ခေါင်းဆောင်တွေ ဘယ်လို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသလဲ။ 

စစ်အာဏာရှင်က ရေးဆွဲပြဌာန်းခဲ့တဲ့ အခြေခံဥပဒေကိုပဲ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းအရောက်မှာ ပြည်သူအများစုလက်ခံတဲ့ ပြင်ဆင်မှုတွေပြုလုပ်နိုင်အောင် အင်ဒိုနီးရှား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေ ဘယ်လိုကြိုးပမ်းခဲ့ကြသလဲ။ 

စစ်အာဏာရှင်က ရေးဆွဲပြဌာန်းခဲ့တဲ့ အခြေခံဥပဒေကိုပြင်ဆင်ပြီး ပြည်သူလူထုတိုက်ရိုက်ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးစနစ် ဖြစ်ပေါ်လာအောင် တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားက ပြည်သူတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ဘယ်လို တွန်းအာပေးခဲ့ကြသလဲ။ ကျွန်တော်တို့မှာ လေ့လာစရာတွေ တစ်ပုံကြီး။ အားတက်စရာတွေလည်း တစ်ပုံကြီးပါ။ 

နိုင်ငံရေးဆန္ဒ အရေးကြီးပါတယ် 

အရေးကြီးတာက အခက်အခဲ အတားအဆီး အနှောင့်အယှက်တွေ မဟုတ်ပါဘူး။ အဲဒါတွေကို ကျော်လွှားသွားချင်တယ်ဆိုတဲ့ နိုင်ငံရေး ဆန္ဒ (Political Will)နဲ့ မဖြစ်မနေ ကျော်လွှားသွားမယ်ဆိုတဲ့ နိုင်ငံရေး ပိုင်းဖြတ်ချက် (Political Determination)သာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံရေးဆန္ဒနဲ့ နိုင်ငံရေးပိုင်းဖြတ်မှုကြောင့်ပဲ စစ်အာဏာရှင်စနစ်ကို အလျှော့မပေးစတမ်း အာခံဖီဆန်တိုက်ပွဲဝင်လာခဲ့တဲ့ အတိုက်အခံပါတီကြီးဟာ လက်ရှိ အခြေခံဥပဒေဘောင်ထဲမှာပဲ ပါတီမှတ်ပုံတင်ခဲ့တယ်။ ပါတီ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ လွှတ်တော်ထဲရောက်သွားတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီလုပ်ရပ်တွေရဲ့ ဦးတည်ချက်တစ်ခုက ပြည်သူလူထု အများစုကြီးလက်ခံတဲ့ အခြေခံဥပဒေပေါ်ပေါက်လာအောင် ကြိုးစားသွားဖို့ဖြစ်တယ်လို့ တိုင်းပြည်ကို တင်ပြခဲ့တယ်။ 

ထီးလိုမင်းလို အချိန်ကောင်း 

ဒီအချက်အပေါ်မှာ အာဏာရပါတီကြီးရဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားကလည်း လွန်ခဲ့တဲ့ တစ်နှစ်လောက်ကနဲ့ မတူတော့တာ တွေ့ရတယ်။ အရင်ကဆိုရင် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲစရာမလိုပါဘူးလို့ တွင်တွင်ကြီး ပြောနေခဲ့တာကလား။ ခုတော့ အာဏာရပါတီကြီးကပဲ ကမကထပြုပြီး အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ သဘောထားအမြင်တွေကို စုဆောင်းနေပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ ထီးလို မင်းလို လူလို နတ်လို အချိန် ဖြစ်ပါတယ်။ ခေတ်သစ် မြန်မာ့သမိုင်းကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်လာမယ့် ၂၀၁၅ မတိုင်မီ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ ဖြစ်နိုင်စရာ လုံးလုံးမရှိတဲ့ကိစ္စ မဟုတ်ပါဘူး။ အားလုံး ပြိုင်တူတွန်းရင် ရွေ့ကို ရွေ့ရမှာပါ။ 

'ပြင်းပြသော ဆန္ဒရှိသူများအတွက် လောကမှာ မဖြစ်နိုင်သော အရာဟူသည် မရှိ' ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဟောကြားချက်တစ်ခုကို အခုအချိန်မှာ ကျွန်တော် သတိရနေမိပါတယ်။ 

၀၂၊ ၀၆၊ ၂၀၁၃ 
maungwuntha@gmail.com 

ပြည်သူ့ခေတ်ဂျာနယ် ၀၆၊ ၀၆၊ ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။


 

No comments: