Saturday, January 5, 2013

NLD ရှေ့ရေး - ဗကပ အတွေး

(၁) ဤဆောင်းပါးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) နာယက ဦးတင်ဦးက “ဒေါ်အောင်ဆန်းစုကြည်ကို အမြဲအားကိုးနေလို့ မဖြစ်” ဟုပြောတာကို ဖတ်ရလို့ ရေးလို့ရပြီဆိုပြီး ရေးခြင်းဖြစ်သည်။

(၂) ဒေါ်စုတယောက် လွှတ်တော် ပြေးတက်လိုက်၊ အိမ်ပြန်ပြီး တညလောက်အိပ်၊ ကော့မှူးကိုထွက် လုပ်နေရတာ၊ ဒီကြားထဲ နိုင်ငံခြားထွက်တာတွေတွေ့ပြီး ဒီ ၆၇ နှစ်အရွယ်နဲ့ ဘယ်လောက်ကြာကြာလုပ်နိုင်မှာလဲလို့ စဉ်းစားမိသည်။ သူ ဗမာပြည်နိုင်ငံရေးထဲ ဝင်လာတော့တောင် အသက် ၄ဝ ကျော်နေပြီ။ သူ့အဖေလို လူငယ်ခြေတက်ဘဝနဲ့ လုပ်ရတာ မဟုတ်။

ဒါထက် အရေးကြီးတာက …


* ပါတီဥက္ကဋ္ဌလုပ်နေသူက ပါတီလုပ်ငန်း မလုပ်နိုင်ဖြစ်လျှင် ပါတီစည်းလုံးရေး ပျက်ပြားတတ်သည်။ ကြားနေရတဲ့ သတင်းတွေက မကောင်းပါ။ ၁၉၆၂ အာဏာသိမ်းပွဲ ပြီးစက သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်အောင်ကြီးက “ဦးနုက ကိုယ့်ပါတီကိုပင် မထိန်းသိမ်းနိုင်တော့လို့ သူတို့စစ်အုပ်စုက တိုင်းပြည်ကို ဝင်ထိန်းဖို့ အာဏာသိမ်းရတာ” ဟု ပြောခဲ့သည်။ (ဒီချုပ် ခေါင်းဆောင်များ သတိပြုကြဖို့ပါ။)

* စစ်တပ်အာဘော်ဂျာနယ်မှာတော့ ဒေါ်စုကို ဒီချုပ်ခေါင်းဆောင်မလုပ်ဘဲ (stateman) ပဲ လုပ်ဖို့ ဗြောင်ရေးနေပြီ။

(၃) ကြုံကြိုက်လို့ ရေးခွင့်ပြုပါ။

* ဒေါက်တာမောင်မောင် သမ္မတလုပ်တုန်းက ပါတီစုံရွေးကောက်ပွဲ လုပ်ပေးမည်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် ဖွဲ့ပေးသွားသည်။ ထိုအခါက မိမိတို့ငြင်းပယ်ခဲ့သည်။ ဘာကြောင့်လဲ ‘၁၉၇၄ အခြေခံဥပဒေ’အောက်ကို ဆွဲသွင်းနေလို့ ဖြစ်သည်။ သူ ဖျက်ပေးတာက အဲဒီအခြေခံဥပဒေထဲက ပုဒ်မတခုနဲ့ပတ်သက်တာတွေကိုပဲ ဖျက်ပေးတာ ဖြစ်သည်။ တခြားပုဒ်မတွေကို မဖျက်သိမ်း။

* နဝတ က ‘၁၉၉ဝ’ ရွေးကောက်ပွဲလုပ်ပေးတော့ ‘ရွေးကောက်ပွဲကော်မရှင်’ က ဒေါက်တာမောင်မောင် ဖွဲ့ပေးတဲ့ ကော်မရှင်ပါပဲ။ (ဒါပေမဲ့) ‘၁၉၇၄ အခြေခံဥပဒေ’ ဖျက်သိမ်းပြီး ဖြစ်သည်။ ဒါကြောင့် ‘ဗကပ’ က ‘ရွေးကောက်ပွဲ သပိတ်မမှောက်နဲ့ … ဒီချုပ်ကို ပုံအောပြီး မဲပေးကြ’ လို့ ဆော်သြခဲ့သည်။

(၄) ‘၂ဝ၁၅ ရွေးကောက်ပွဲ’ ကို ‘၂ဝဝ၈ အခြေခံဥပဒေ’ အရလုပ်မှာဖြစ်သလို ရွေးကောက်ပွဲကော်မရှင်ကလည်း အခုလက်ရှိ ကော်မရှင်က လုပ်မှာဖြစ်သည်။ ဒါကြောင့် ‘ဗကပ’ က ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြမည်။

* ပြီးခဲ့တဲ့အတွေ့အကြုံအရဆိုလျှင် မိမိတို့အနည်းစု ဖြစ်နိုင်သည်။ ကိစ္စမရှိ။ (ဗကပ ရဲ့ကြံဆချက် ‘ဒီမို ၂ဝဝ၆’ ကို တင်ပြတုန်းက (လမ်းပြမြေပုံ RM (၇) ချက်စလုံး အဆင့်တိုင်း တိုက်ဖျက်မည်ဟု လောဘတကြီးပြောခဲ့သူများက နောက်ဆုံးတော့ ဘာမှ မတိုက်ဖျက်နိုင်ခဲ့တဲ့ အတွေ့အကြုံကို ‘ဗကပ’ ရထားပြီ ဖြစ်သည်။)

* အခု ပိုခက်လိမ့်မည်။ ‘၂ဝဝ၈ အခြေခံဥပဒေ’ ကို လက်ခံနေကြပြီ။ ‘၂ဝ၁၅’ ကို မျှော်နေကြပြီ။ ၁၉၄ဝ ကာလတုန်းကလည်း ရာခိုင်နှုန်းအများစု တပြည်လုံးဆိုပါစို့ ဂျပန် မျှော်ကြသည်။ ‘ဗကပ’ မပါခဲ့ပါ။

* ‘၂ဝဝ၈ အခြေခံဥပဒေ’ အောက်ကို ခေါင်းငုံ့ဝင်ဖို့ ‘ဟ’ ပေးတဲ့ အပေါက်ထဲ တိုးဝင်မိရင် ‘စည်းကမ်းပြည့်ဝ’ တဲ့ ဒီမိုကရေစီရဲ့ အနိုင်ကျင့်တာခံရလိမ့်မည်။ ဒီချုပ် လစ်ဟင်းလို့ ကျမ်းကိုင်ခဲ့ရပြီ။

(၅) ဦးတင်ဦးရဲ့ ‘ညည်းချင်း’ ကြားခဲ့ရပြီ။ အခု ကိုယ့်ကိုယ်ကို ဝေဖန်ရေးသဘောတွေ့ရလို့ ရေးလိုက်ပြီ။

* ဒီချုပ်သက်တမ်း ရှည်စေချင်လို့

* ဒီတခါက ‘၁၉၉ဝ အလံ’ ကို စွန့်လိုက်တာမျိုး၊ ‘ရွှေဂုံတိုင် ရပ်တည်ချက်’ စွန့်လိုက်တာမျိုးမဟုတ်ဘဲ ဗမာ့နိုင်ငံရေးမှာဖြစ်လေ့ရှိသလို ပုဂ္ဂိုလ်တဦးရဲ့ ခေါင်းဆောင်မှုလည်းမရှိရော တပါတီလုံး ဆန်ကွဲကြဲသလိုအဖြစ်မျိုး ဒီချုပ် မတိုးစေချင်လို့ စေတနာနဲ့ ရေးပါသည်။ ။

(၂၉ - ၉ - ၂ဝ၁၂)

ပြည်သူ့အာဏာ ဂျာနယ်၊ အမှတ် (၃၅) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: