Thursday, January 3, 2013

ပေါ်ပြူလာနိုင်ငံရေး နှင့် အာဏာနိုင်ငံရေး

“ဒီနေ့ကာလမှာ ကိုယ့်ကိုဝန်းရံနေတဲ့ ပြည်သူတွေကို ‘ရရင် ရ - မရရင် ချ’ ဆိုတဲ့ အတွေးအခေါ် တပ်ဆင်ထားနိုင်ရင် အောင်ပွဲနဲ့ နီးပါတယ်။ ‘ပေးမှ ယူမယ်’ ဆိုရင်တော့ အာဏာနဲ့ ဝေးပါမယ်။ အရင်းရှင် ဒီမိုကရေစီနိုင်ငံတွေမှာ စဉ်းစားသလို၊ လုပ်သလို စဉ်းစားလုပ်ဆောင်နေလို့ကတော့ ပြည်သူတွေ အောင်ပွဲစော် မနံနိုင်ကြောင်း …” 

(၁) 

ဗမာပြည်နိုင်ငံရေးမှာ ကောင်းတဲ့အစဉ်အလာတွေ ရှိခဲ့သလို မကောင်းတဲ့ အစဉ်အလာတွေလည်း ရှိခဲ့တယ်။ လူထုအားကို အခြေခံပြီး ဒီမိုကရေစီနည်းကျ စည်းရုံးယှဉ်ပြိုင်တာမျိုး တချို့က မလုပ်ချင်ကြဘူး။ မလုပ်နိုင်ကြဘူး။ လူပုဂ္ဂိုလ်တဦး ရှေ့တန်းရောက်လာ ပေါ်ပြူလာဖြစ်လာရင် ဘယ်လိုဆွဲချပစ်ရမလဲ၊ ဘယ်လိုရှင်းပစ်ကြမလဲ စဉ်းစားသူတွေရှိခဲ့တယ်။

ဒီကောင် လူတွင်ကျယ် လုပ်နေတယ်၊ ရှင်းပစ်ဆိုတဲ့ အတွေးအခေါ်တွေ၊ လုပ်ဟန်တွေ ထွန်းကားလာခဲ့တာ လွတ်လပ်ရေး အကြိုကာလကတည်းက ဖြစ်တယ်။ ဒီလိုနဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရေတိမ်နစ်ခဲ့ရတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွတ် ဗုံးခွဲလုပ်ကြံတာ ခံခဲ့ရတယ်။


လွတ်လပ်ရေးရပြီးတော့ ဒီလုပ်ဟန်မျိုး ပိုများလာတယ်။ ဆိုရှယ်လစ်တွေ အများဆုံးလုပ်ခဲ့တယ်။

စစ်အုပ်စု စစ်အာဏာရှင်စနစ် ကျင့်သုံးလာတဲ့ ၅၈-၆၂ စစ်အစိုးရတွေလက်ထက်ကျတော့ အထွတ်အထိပ် ရောက်သွားခဲ့တယ်။

မဆလခေတ်ဝန်ကြီး ဒေါက်တာညီညီရဲ့ လုပ်ရည်ကိုင်ရည်ကို သတိပြုမိပြီး အာရှရဲ့ ထွန်းသစ်စခေါင်းဆောင်တဦးလို့ ပြည်ပမီဒီယာတခုက ချီးပင့်ရေးလိုက်မိရာက သူ့ခမျာ ဂြိုဟ်စီးဂြိုဟ်နင်းမလွတ် ဂြိုဟ်မွှေခံရပြီး အဖြုတ်ခံထိသွားပါတယ်။

ကုလအတွင်းရေးမှူး ဦးသန့်၊ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြား အလေးစားခံရတာကြောင့် ၇၄/၇၅ အရေးအခင်းကို ဖြစ်ပေါ်စေခဲ့တယ်။

မှန်တယ်ထင်ရင်လုပ်တတ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကိစ္စ - ဆံပင်ရှည်လူငယ်တွေကို စစ်တပ်ကဖမ်းပြီး ဆံပင်တိုပစ်တဲ့ လှုပ်ရှားမှုတခုမှာ ဗိုလ်နေဝင်းသား ပါသွားတယ်။ ဒါကို နတ်နေကိုင်းမချန် အာဏာပြိုင်လာတယ်လို့ ယူဆခံရတယ်။ လူထုကြားမှာ ‘ဗိုလ်ချုပ်ကြီးတင်ဦး သက်တော်ရှည်ပါစေ’ လို့ အော်ဟစ်လာတဲ့အထိ ပေါ်ပြူလာဖြစ်လာတာတွေကြောင့် စစ်ဦးစီးချုပ်ရာထူးကနေ အဖြုတ်ခံရဖို့ ကြမ္မာငင်ခဲ့တယ်။ ဒါကြောင့် ဗိုလ်နေဝင်းလက်ထက်မှာ အကြောင်းသိသူတွေက ပေါ်ပြူလာအဖြစ် မခံကြပါဘူး။

၅ဝ-၆၂ မှာ ဦးနုခေတ်ဖြစ်တယ်။ ‘ဦးနုမှ ဦးနု’ ဖြစ်လာတယ်။ ဒါ့အရင် ဖဆပလကိုဖြိုခွဲပစ်လည်း သူ ဘာမှမဖြစ်ခဲ့ဘူး။ ၅၈ အာဏာအသိမ်းခံရလည်း ခဏပဲ။ ‘ပစ်တိုင်းထောင်’ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ အခွင့်ကောင်းစောင့်နေတဲ့ စစ်အုပ်စုဒဏ်ကိုတော့ သူ မခံနိုင်။ နောက်ဆုံးတော့ ထောင်ထဲရောက်ခဲ့ရတယ်။ လွတ်လာပြန်တော့ လက်နက်ကိုင် တော်လှန်ရေးကို တူးတူးခါးခါး ဆန့်ကျင်ပါတယ်ဆိုတဲ့ ဦးနု တပ်တောင်ကာ ဗိုလ်ထုလူစုပြီး သူပုန်ထခဲ့ရတယ်။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားကျော်ကြား ပေါ်ပြူလာဖြစ်တဲ့ခေတ် ရောက်နေပါတယ်။ အဝန်းအဝိုင်းက ကျယ်ပါတယ်။ ပြည်တွင်းသာမက ပြည်ပအထိ ပေါက်ရောက်ပါတယ်။

စစ်အုပ်စုခေါင်းကိုင်ဖခင် (ဂေါ့ဖားသား) ကြီး ဗိုလ်နေဝင်း၊ နောက် ဗိုလ်အောင်ကြီး၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ အဆက်ဆက် သတ်မနိုင်လို့ လွှတ်ထားရတာ ...

ဒါပေမဲ့ သူတို့ လက်လျှော့လိုက်ကြပြီလား။

သူတို့က နိုင်ငံရေးကို စစ်ရေးလိုသဘောထားပြီး လုပ်ကိုင်နေကြတယ်ဆိုတာ မမေ့သင့်ဘူး။

(၂) 

အကြောင်းဆက်စပ်ပြီး ဥက္ကဋ္ဌ သခင်ဗသိန်းတင် ကျွန်တော်တို့ကို ပြောပြခဲ့တာတခု သတိရမိတယ်။

“ရဲဘော်မော်စီတုန်း တခါက ပြောဖူးတယ်။ ရဲဘော်ဗသိန်းတင် စစ်တိုက်တယ်ဆိုတာ မခက်ပါဘူး။ ဒီနေရာတိုက်မရရင် ဟိုနေရာ ပြောင်းတိုက်ပေါ့။ ဒီနည်းနဲ့မရရင် ဟိုနည်းနဲ့ တိုက်ပေါ့ဗျ” … တဲ့။

စစ်အုပ်စုအနေနဲ့ ဒီစကား ကြားဖူးမကြားဖူးတော့ မပြောတတ်ပါ။ “ကျုပ်တို့လည်း ဥက္ကဋ္ဌမော်စစ်ရေးကျမ်းတွေကို ဖတ်ပါတယ်။ လိုသလိုလည်း အသုံးချပါတယ်” လို့ စစ်ဗိုလ်တချို့ ပြောတာတော့ ကြားဖူးမှတ်ဖူးပါတယ်။

ဒီနှစ်ကိုယ်ကြား ပြောတဲ့စကားကိုတော့ ဥက္ကဋ္ဌက အလျဉ်းသင့်တုန်း စစ်ရေးဆောင်ရွက်မယ့် ပါတီတွင်း ရဲဘော်တချို့ကို ပြောတာပါ။ စစ်အစိုးရ စစ်အုပ်စုသိစရာ အကြောင်းမရှိပါ။

ဒါပေမဲ့ ဒီနည်းနဲ့ မရလို့ ‘ဟိုနည်း’ ပြောင်းသုံးလာတာ တွေ့ရတယ်။ ဒီနေရာမှာ ‘အလိုလိုက် အကြိုက်ဆောင်တဲ့နည်း’ လို့ သုံးပါ့မယ်။ (တိုက်ရိုက်ဝေါဟာရ သုံးလိုက်ရင် အခံရခက်ကုန်မှာ စိုးလို့ပါ)။

“တို့ခေါင်းဆောင်တွေလုပ်တာ အားလုံးမှန်တယ်၊ အတိုက်အခံတွေကို ကိုင်တွယ်တာ (တခုပဲ) မှားတယ်။ ဒီနည်းကို ခုမှ သုံးရသလား။ စောစောကသုံးရင် ကျုပ်တို့တပ်မတော်လည်း ဒီလောက်နာမည်မပျက်ဘူး။ လူထုလည်း ဒီလောက်မနာဘူး” လို့ ပြောတဲ့အသံ ထွက်လာတယ်။

(၃) 

မြင်ရတာကတော့ ‘အပေးအယူ လုပ်ကြတာပဲ’ (တို့အကျပ်အတည်းလည်း မင်းတို့ ကူဖြေရှင်းပေး၊ တို့ကလည်း မင်းတို့ လုပ်ချင်တာတွေ ထောက်ထားသမှုပြုမယ်) ဆိုတဲ့ နားလည်မှုဖြစ်လာတယ်။

အရပ်သားစကားနဲ့ပြောရရင် လူရေးပြခွင့်ရလို့ အတိုက်အခံတွေ စိတ်လွတ်ကိုယ်လွတ် ဖြစ်လာတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကတော့ “၂ဝဝ၈ အခြေခံဥပဒေ တည်စေ - မြဲစေ၊ ဦးပိုင်ကုမ္ပဏီ တည်စေ - မြဲစေ …” ဆိုတာပဲ။

ဒီနားလည်မှုကြောင့် ပြည်တွင်းက ဗမာပြည်သူတွေရဲ့ဘဝ ပြောင်းလဲကုန်ကြပြီလား။ လူမျိုးစုတိုင်းရင်းသား ပြည်သူတွေရဲ့ဘဝ တိုးတက်စည်ပင်လာကြပြီလား။ သူတို့နယ်မြေတွေ ငြိမ်းချမ်းသာယာနေကြပြီလား။

မြင်ရတာက နအဖ တိတ်တိတ်ကလေးလုပ်ထားတဲ့ လူဆိုး (Black List) စာရင်းဝင် လူတချို့ကို အမည်ပျက်စာရင်းက ပယ်ဖျက်ပေးလိုက်တယ်။ အပြန်အလှန်အားဖြင့် အမေရိကန်ပြုစုထားတဲ့ ‘ငို့ဘ’ စာရင်းဝင် တပ်နဲ့ အစိုးရအရာရှိတချို့၊ အစိုးရနဲ့ စားဖော်စားဖက် ခရိုနီတချို့ ထူးခတ်ထားတာ ဖြုတ်ပေးပြီး အမေရိကန်သို့ ‘ဝင်စေ - ထွက်စေ’ ဖြစ်လာတယ်။ သမ္မတဖြစ်သူက ပဏာမငြိမ်းချမ်းရေးနိုဘယ်ဆု စာရင်းဝင်ဖြစ်လာတယ်။

ခုတော့ အမေရိကနဲ့ ဥရောပကုမ္ပဏီကြီးတွေ လာကြပြီ။ သူတို့က အမြတ်မထွက်ဘဲ မလာကြဘူး။ ပြည်တွင်းမှာတော့ ခရိုနီတွေကပဲ ‘စား’ သွားမလား၊ ပြည်သူတွေပဲ ‘ပြား’ သွားမလား - စောင့်ကြည့်ပါ့မယ်။

(၄) 

၂ဝ၁၅ ရွေးကောက်ပွဲ ၃ နှစ်ပဲ လိုပါတော့တယ်။ ဘာတွေ ဖြစ်လာမလဲ။ ရင်ခုန်နေမိပါတယ်။ အဓိကပြောချင်တဲ့ ပေးချင်တဲ့ သတင်းစကားက ဒါပဲဖြစ်ပါတယ်။

ခုတလော ပြင်ပမီဒီယာ တချို့က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တယ်လို့ နှပ်ကြောင်းပေး တစ်ကြိုခန့်မှန်းချက်တွေ ထုတ်ပေးနေပါတယ်။

ပြည်သူမဲနဲ့ ဖြစ်လာရင်တော့ (ခုစစ်တပိုင်း အစိုးရနဲ့စာရင်) ကောင်းတာပေါ့။ ရင်လေးနေမိတာဟ ဒီအချက်ပဲ။ ဖြစ်မလား၊ မဖြစ်ဘူးလား။

ဒေါ်အောင်ဆန်းစုကြည်လည်း စိုးရိမ်စိတ်ရှိတဲ့သဘော တွေ့ရတယ်။ အိန္ဒိယခရီးစဉ် အတွင်းမှာပဲ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်မပေးရင် မဖြစ်နိုင်ဘူးဆိုတဲ့သဘော ပြောထွက်လာပါတယ်။

နအဖကတော့ သူ့တပ်သူ ပြင်ထားလိုက်ပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ ကြံ့ဖွံ့ပါတီညီလာခံမှာ ဗဟိုအလုပ်အမဆောင် ၄၄ ဦးရဲ့စာရင်း ထုတ်ပြန်ခဲ့တယ်။ လူစာရင်းကြည့်လိုက်တော့ အပျော့ဆွဲသမားတွေပါသလို ‘ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေရအောင်သာ ယူခဲ့’ ဆိုတဲ့သူတွေ ပါနေတာ တွေ့ရတယ်။

အပျော့ဆွဲသမားတွေနဲ့ပတ်သက်လို့ကတော့ ‘ကိုယ် အ,ရင် ကိုယ်ခံပေါ့’ လို့ ပြောရမှာပဲ။ ဒီလိုပြောလို့ သူတို့အန္တရာယ်ကို လျှော့တွက်တာ မဟုတ်၊ ပါတီတွေ ကွဲတာပြဲတာ ပဲ့ထွက်ကုန်ကြတာတွေမှာ သူတို့ရဲ့လက်ရာတွေ တော်တော်လေး ပါ,ပါတယ်။

ခုဗမာပြည် (အထူးသဖြင့်) ပြည်မနိုင်ငံရေးမှာ အဓိက ၂ ပါတီပဲ ပြိုင်ရမှာပါ။ အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားချင်သူတွေ ကျင့်သုံးနိုင်တဲ့နည်းလမ်းတွေကတော့ -

(၁) ဖဆပလ ဆိုရှယ်လစ်တွေရဲ့ မင်းလှ ၄ လောင်းပြိုင်နည်း၊ ငါန်းဇွန် ၆ လောင်းပြိုင်နည်း၊ နိုင်နိုင် - ရှုံးရှုံး - နိုင်ရမယ်ဆိုတဲ့နည်း

(၂) ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီနည်း၊ မဆလနည်း၊ ဗိုလ်စောမောင်-ဗိုလ်ခင်ညွန့် နဝတနည်း၊ ဗိုလ်သန်းရွှေ-ဗိုလ်ခင်ညွန့်တို့ရဲ့ နအဖနည်း

(၃) (အာဏာလက်မလွှတ်ရရင်) နိုင်ငံရေးကစားချင်ကြတဲ့သူတွေကတော့ ဦးသိန်းစိန် - ဦးရွှေမန်းနည်းကို ကြိုက်နိုင်ကြတယ်။

ဒါပေမဲ့ သူတို့ထဲမှာ အဆုံးအဖြတ်ပေးမယ့်လူတွေကတော့ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကို ကိုင်ထားတဲ့ ကာ/လုံ (သို့မဟုတ်) အကလ ပဲဖြစ်ပါတယ်။ ဒီအထဲမှာ အဓိကကျသူက ဗိုလ်မင်းအောင်လှိုင်ဆိုတာ သတိရှိရပါမယ်။

ဒီတော့ ပေါ်ပြူလာနိုင်ငံရေးနဲ့ အာဏာနိုင်ငံရေး အားပြိုင်တဲ့ပွဲမှာ ဦးနုရဲ့ ပေါ်ပြူလာနိုင်ငံရေး ကျဆုံးသလို ဒေါ်အောင်ဆန်းစုကြည် ကျဆုံးသွားနိုင်သလား။

မန်ဒဲလားရဲ့ ပေါ်ပြူလာနိုင်ငံရေး အောင်ပွဲခံသလို ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံနိုင်မလား။ တွက်ကြည့်ကြပါ။

အရာအားလုံးဟာ နိုင်ငံရေးလမ်းစဉ်နဲ့ ဆိုင်ပါတယ်။

ဒီနေရာမှာ မန်ဒဲလားရဲ့ ANC နဲ့ ဒေါ်စုရဲ့ NLD တူသလား၊ စဉ်းစားပါ။ (စောစောပိုင်းမှာ တူသလိုလိုရှိပေမယ့် နောက်ပိုင်း မတူဘူး ထင်ပါတယ်)။

ဦးနုရဲ့ ပထစနဲ့ ဒေါ်စုရဲ့ NLD တူသလား။ (ဟုတ်ကဲ့ - တူပါတယ်) လူထုထောက်ခံမှုရတာချင်း တူပါတယ်။ လစ်ဘရယ်ဒီမိုကရေစီ ကိုင်စွဲတာ တူပါတယ်။ ရွေးကောက်ပွဲနိုင်တာချင်းလည်း တူပါတယ်။

ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတာက ဒီမိုကရေစီ အထိုက်အလျောက်ရှိတဲ့နိုင်ငံ၊ ပြည်သူတွေက ကိုယ့်ဒီမိုကရေစီကို ကိုယ်ကာကွယ်တဲ့နိုင်ငံ၊ စစ်အာဏာရှင်တွေ အုပ်စိုးမထားတဲ့နိုင်ငံတွေမှာသာ ရွေးကောက်ပွဲနိုင်တဲ့ ပါတီတွေ အာဏာရကြပါတယ်။

ဒီနေ့ကာလမှာ ကိုယ့်ကိုဝန်းရံနေတဲ့ ပြည်သူတွေကို ‘ရရင် ရ - မရရင် ချ’ ဆိုတဲ့ အတွေးအခေါ် တပ်ဆင်ထားနိုင်ရင် အောင်ပွဲနဲ့ နီးပါတယ်။ ‘ပေးမှ ယူမယ်’ ဆိုရင်တော့ အာဏာနဲ့ ဝေးပါမယ်။ အရင်းရှင် ဒီမိုကရေစီနိုင်ငံတွေမှာ စဉ်းစားသလို၊ လုပ်သလို စဉ်းစားလုပ်ဆောင်နေလို့ကတော့ ပြည်သူတွေ အောင်ပွဲစော် မနံနိုင်ကြောင်း ပြောလိုပါတယ်။

ဘုရားတရား ကြည်ညို၊ အကြမ်းဖက်တော်လှန်ရေးကို အမြဲရှုတ်ချခဲ့တဲ့ ဦးနု - ‘ပုတီးတကုံး ဗုံးတလုံး’ နဲ့ သေနတ် စွဲကိုင်ခဲ့ရတဲ့ဘဝ ရောက်သွားတာကို သင်ခန်းစာယူသင့်ပါတယ်။ ။

ပြည်သူ့အာဏာ ဂျာနယ်၊ အမှတ် (၃၅) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: