Saturday, January 5, 2013

အကြောင်းနဲ့အကျိုးကင်းမဲ့တဲ့ အတွေးဟောင်း၊ ဓလေ့ဟောင်းတွေ အလိုမရှိ (ကိုညို)

ဘာဆိုင်လို့လဲ … ရွှေတိဂုံစေတီပေါ် လင်းတခိုနားတာနဲ့ အန္တရာယ်ကင်းကမ္မဝါတွေ ရွတ်ဖတ်ကြတယ်ဆိုတော့ … ဘယ်လို အကြောင်းအကျိုးဆက်စပ်နေလို့လဲ..။ အသားနဲ့ အပုတ်စားတဲ့ ငှက်သတ္တဝါက သူ့သဘာဝနဲ့သူပဲ။ မြန်မာတွေက လင်းတကို လာဘ်မရှိဘူး၊ ကျက်သရေယုတ်တယ်လို့ အယူရှိပေမယ့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ လင်းတဆိုတာ လာဘ်တပါးပဲ။

နယူးဒေလီက အစိုးရအဆောက်အဦနဲ့ လွှတ်တော်အဆောက်အဦ၊ သမတအိမ်တော်နဲ့ မြို့ထဲက တိုက်တွေပေါ် လင်းတတွေ နားလေ့ရှိတာ မကြာခဏ မြင်ဖူးတယ်။ အဲလိုလင်းတနားလို့ မြို့နာတာတွေ၊ သမတကြီး အကြီးအကျယ်ဖျားနာတာတို့၊ အစိုးရဝန်ကြီးတွေ လာဘ်ပိတ်ကုန်တယ်ဆိုပြီး သတင်းစာထဲလည်း မတွေ့ဖူးဘူး၊ အရပ်ထဲလည်း မကြားဖူးဘူး။ ဘယ့်နှယ် ငှက်က အတောင်ညောင်းလို့ သူ့သဘာဝအတိုင်း အမြင့်မှာနားတာနဲ့ လူတွေက မဆီမဆိုင် သေပေးရမှာလား၊ လာဘ်ပိတ်ရမှာလား။


အဲ … တခုတော့ရှိတယ်၊ Bird-Flu (ကြက်ငှက်တုတ်ကွေး) ပိုးရှိရင်တော့ ကျန်းမာရေးအရ ကြိုတင်ကာကွယ်ကြပေါ့။ ကမ္မဝါရွတ်တာနဲ့တော့ မဆိုင်ဘူးထင်တယ်။ တခုတော့ ရှိတယ်၊ လင်းတက တန်ခိုးကြီးပြီး ထမီခြုံလို့ ရုပ်ပြောင်း နာမ်ကွာဖြစ်သွားတဲ့ စုန်းမကြီးဆိုရင်တော့ မပြောတတ်ဘူး။ ဒါမျိုး မောင်ညိုတို့လည်း တသက်နဲ့တကိုယ် မမြင်ဖူးဘူး။

ကျုပ်တို့ဗမာတွေ မဟုတ်တဲ့နေရာ အယူသီးလွန်းလို့ တရားစစ်၊ ဓမ္မစစ်နဲ့ဝေးပြီး အလိမ်ခံရပေါင်းလည်း များပြီ။ အဲလို အယူသီးပြီး မဟုတ်တဲ့ အတွေးအခေါ်ကို မျိုးစေ့ချပေးတာက နိုင်ငံတော်ခေါင်းဆောင်ဆိုတဲ့၊ ပြည်သူကို အယုံအကြည်မရှိတဲ့၊ ပြည်သူကလည်း မယုံကြည်တဲ့ ဗာလာနံတွေနဲ့ ဗုဒ္ဓတရားတော်အစစ်ထက် ရှေးရိုးစွဲ အယူမှားတွေနဲ့ ယဉ်ပါးနေတဲ့ သံဃာတွေတချို့ပဲ ဖြစ်တယ်။ အဲဒီကြားထဲ ပြည်သူတွေက အယူမှား၊ အတွေးမှားတွေဝင်ပြီး အိုးနင်းခွင်နင်းဖြစ်နေကြတာ။

ဒီနေရာမှာ အဖြစ်အပျက်တခု ကိုယ်တွေ့ကြုံခဲ့တာ ပြောရအုံးမယ်။ ၁၉၉၆ လောက်က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ ဗမာပြည်က ဘုရားဖူးတွေနဲ့ တွေ့တယ်။ မဟာဗောဓိပင်အောက်ပင်စည်မှာ အင်္ဂလိပ်လိုစာတမ်းတခု ရေးချိတ်ထားတယ်။

“ဒီနေရာက မြေကြီးတွေ မခွာပါနဲ့၊ ညောင်ပင်ပင်စည်က အခေါက်ခွာတာ၊ အကိုင်းချိုးတာ၊ အရွက်ခူးတာလည်း မလုပ်ပါနဲ့” လို့ မဟာဗောဓိစေတီတော်ကြီး ထိမ်းသိမ်းစောင့်ရှောက်တဲ့ ဂေါပကအဖွဲ့က မေတ္တာရပ်ခံထားတာပါ။

ကျနော် အရင်လည်း ဒီနေရာကို ၂ ခေါက် ၃ ခေါက် ရောက်ဖူးတယ်။ မတွေ့ခဲ့ဘူး။ အနီးက သီရိလင်္ကာဘုန်းကြီး ဂေါပကကို “ဒီ ဆိုင်းဘုတ်ကြီး ဘာလို့ကပ်ထားတာလဲ အရင်က မမြင်ပါဘူး” လို့ လျှောက်ထားကြည့်တော့ … “ဘုရားဖူးတွေ မြေတွေတူးပြီး ပလပ်စတစ်အိပ်လေးတွေနဲ့ ယူသွားကြတာ မြေကြီးတောင်ချိုင့် ဖြစ်လာတယ်။ ညောင်ပင်အခေါက်တွေခွာ၊ အရွက်တွေခူးနဲ့ဆိုတော့ ဗောဓိညောင်တောင် ပျက်စီးသွားမှာ စိုးရိမ်လို့ပါ” လို့ ဖြေတယ်။

သိပ်မကြာဘူး၊ မြန်မာဘုရားဖူးတသိုက် ရောက်လာတယ်။ အမျိုးသမီးတွေက အများစု။ ဒီထက်ပို တိတိကျကျပြောရရင် စစ်တပ်ဗိုလ်ချုပ်တွေ၊ အရာရှိတွေရဲ့ ဇနီးမယားမိသားစုတွေပါ။ (အဲလိုသိရတာက ... မြန်မာစစ်ခေါင်းဆောင်အဖွဲ့တွေ ဗုဒ္ဓဂါယာမှာ ဘုရားဖူးရောက်နေတယ်လို့ မြန်မာကျောင်းတိုက်က သံဃာတပါးပြောပြထားလို့ပါ။

ချိတ်ထမီကြီးတွေနဲ့ ပုဝါတွေခြုံပြီး လက်ဝတ်တံဆာတွေအပြည့်နဲ့ ခေါင်းတခါခါ လည်တခါခါ ဗိုလ်ကတော် ခါးတုတ်တုတ် ဗိုက်ခေါက်ထူတွေ ဗုဒ္ဓဂေါတမ သဗ္ဘေညုတ ရွှေဉာဏ်တော်ရရှိခဲ့တဲ့ ရွှေပုလ္လင်တော်ရှေ့ ဘုရားစာတွေ အသံကျယ်ကျယ် ရွတ်ဆိုနေကြတယ်။ ကျနော်လည်း သူတို့အမူအရာတွေကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာ။

ထားပါတော့ ...။ ဘုရားရှစ်ခိုးအပြီး သူတို့အဖွဲ့ ဟိုကြည့်ဒီကြည့်နဲ့ ညောင်ပင်ရင်းက မြေကြီးတွေ ခွာတော့တာပဲ။ ကျနော် အံ့သြသွားတယ်။ စာရေးထားတာကြီးလည်း ပြူးနေတာ ... သူတို့ သတိမထားမိလို့နဲ့ တူတယ်။ ဒါနဲ့ မဖြစ်ချေဘူး၊ မြန်မာပြည် သိက္ခာကျတယ်ဆိုပြီး အနားက မျက်မှန်နဲ့ သနပ်ခါးတွေ ဖွေးနေအောင်လူးထားတဲ့ အဒေါ်ကြီးဆီကပ်သွားပြီး “အန်တီ … ဟိုမှာ စာရေးထားတယ်၊ မြေတွေခွာနေတာ သွားသတိပေးလိုက်ပါအုံး၊ အခုနလေးတင် ဂေါပကအဖွဲ့ လှည့်ထွက်သွားတာ” လို့ သတိပေးလိုက်မှ သူတို့အချင်းချင်း တတွတ်တွတ်လုပ်ပြီး ခပ်သုတ်သုတ် ထွက်သွားကြတယ်။

ကျနော်တို့ဗမာတွေက အဲလို ...။ မသိတာလည်း မဟုတ်၊ ရတနာသုံးပါးသာ အမြတ်ဆုံးကိုးကွယ်ရာဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိရဲ့သားနဲ့ အလွဲကြီး လွဲနေကြတယ်။ အပိုအလုပ်တွေကို ငွေကုန်ကြေးကျခံ လုပ်နေကြတယ်။

အခုလည်း ရွှေတိဂုံပေါ် ဟိမဝန္တာက ဆောင်းခိုငှက်တွေ အပူပိုင်းကျတဲ့ဘက် ဆင်းလာရင်း (လင်းတတွေလည်း အတောင်ညောင်းလို့) ထုံးစံအတိုင်း အပင်မြင့်မြင့်၊ အဆောက်အဦမြင့်မြင့်တွေမှာ လားနားခိုကြတာပါ။ လင်းတငှက်ဆိုတာ လူစုစုနဲ့ ကွင်းပြင်တွေ၊ အမှိုက်သရိုက် အနံ့အသက်နဲ့ သူတို့အတွက် စားစရာရှိမယ်ထင်တဲ့နေရာ နားချင်နားမယ်၊ ဝဲချင်ဝဲမယ်၊ ခိုချင်ခိုမယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုရှိတတ်တာပဲ။

ကျုပ်တို့လူမျိုးကိုက အကဲပိုတာ၊ အယူသီးတာ၊ မယောင်ရာဆီလူး လုပ်ချင်ကြတာ။ ဒီလို အတွေးဟောင်း၊ အယူဟောင်း၊ ဓလေ့စရိုက်ဟောင်းတွေ မပြင်နိုင်ရင် မြန်မာဟာ ကမ္ဘာမှာ ခေတ်နောက်ကျကျန်နေဦးမှာပဲ။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာတွေ၊ ရှေးဟောင်းအမွေအနှစ်တွေကိုတော့ တန်ဖိုးထားရမှန်းမသိဘဲ၊ ကိုယ့်အတွက်ရော၊ ကိုယ့်လူမှုပတ်ဝန်းကျင်အတွက်ရော၊ ကိုယ့်မျိုးဆက်တွေအတွက်ရော သဘာဝယုတ္တိ၊ အာဂမယုတ္တိမရှိတဲ့ တလွဲဆံပင်ကောင်း အကျင့်တွေ၊ ယုံကြည်မှုတွေ အမြန်ဆုံး ဖယ်ရှားသုတ်သင်သင့်ပါပြီ။

ဒါဟာ ကျနော်တို့သွားချင်တဲ့ ဒီမိုကရေစီ အတွေးအခေါ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးကို အနှောက်အယှက်ပေးပါတယ်။ လူမျိုးရော၊ တိုင်းပြည်ရော အရှက်ရစေပါတယ်။ ကိုးကွယ်ယုံကြည်ရာ အစစ်ရှိတာကိုသိပေမယ့် မသိချင်ယောင်ဆောင် စိတ်ထင်ရာလုပ်ရင်းက စုံလုံးကန်းသွားတတ်ပါတယ်။ အကြောင်းနဲ့အကျိုး ဆက်စပ်မှုမရှိတဲ့လုပ်ရပ်တွေဟာ အချီးနှီးပါပဲ။ ဒီစာရေးလို့ ကျနော့်ကို ဆဲချင်ဆဲ၊ အပြစ်တင်ချင်တင်၊ ကျနော်ကတော့ မှန်တဲ့အရာကို ပြောတန်ပြော၊ ရေးတန်ရေးမှာပဲ။ ဒီလိုပြောဖို့ ရေးဖို့ဆိုတာ ... သတင်းသမားတွေရဲ့ အလုပ်တခုပါပဲ။

သတင်းထောက် ကိုညို


 

No comments: