Thursday, January 17, 2013

ရန်ကုန်လည်ပြန် (မောင်လွမ်းဏီ)

ခြင်္သေ့ရုပ်တုတွေ
မျက်စောင်းခဲနေတဲ့ ဆူးလေဘုရား
ခိုပြာ ခိုနက်ကလည်း လူလန့်စာစား။

ဗန္ဓုလ ကျောက်တိုင်လား
ဓားလွတ်တောင် မထောင်နိုင်။

အမှိုက်က စ
ပြဿဒ်မီးလောင်ပဲ ကြားဖူးပါတယ်
အမှိုက်မသိမ်းလို့
ကာရာအိုကေယိမ်းက
အမှိုက်ပုံဘေးမှာ
တော်သလင်း အိမ်ယာဖြစ်သတဲ့။


လေလံသာပစ်
ဘာဖြစ်ဖြစ်၊ ဖြစ်တဲ့ခေတ်လို့
အရေးတော်ပုံ ၂၄ နှစ်သား
နိုင်ကျဉ်းကျောင်းသားတယောက်က ခနဲ့တယ်။

ရေးတတ်ရင် ဝတ္ထု ဖြစ်သလို
ဝတ်တတ်ရင် ပေါ်ပင်ဖြစ်မှာပါ
ဆင်ဆာမဲ့ မီဒီယာခေတ်ဦး
အသစ်ဖူးတွေနဲ့ တဝေဝေ ဆိုသူက ဆို။

ပြည်တော်ပြန်
အသံတချို့က
ညှီစော်နံသတဲ့၊ ဆိုမဲ့ ပြောမဲ့သူတော့ ရှိသေး။

သင်းခွဲရတာ၊ ထင်းခွဲရတာလောက်
မခက်ပါဘူး ကိုယ့်လူရာ ဆိုပါလား
မီဒီယာမှာ ကြားမိတာ။

အဲလို ကောင်စားတွေကိုများ
နင့်မေကလွှား၊ မင်းတို့မို့
လက်ဖဝါးချင်းထပ်၊ ပါးချင်းကပ်ကြရတယ်လို့။

မောင်လွမ်းဏီ 
၁၅ - ၁ - ၂၀၁၃


 

No comments: