Thursday, December 20, 2012

ကြေးနီစီမံကိန်းကိစ္စ တရုတ်မကျေနပ်လို့ KIA ကို မြှောက်ပေးတယ်ဆိုတာ ဝါဒဖြန့်မှုသာဖြစ်

လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်း ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့အပြီး ယခုလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA အဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ ကြေးနီစီမံကိန်း ကန့်ကွက်မှုများအပေါ် တရုတ်ပြည်မှ မကျေနပ်သဖြင့် KIA အဖွဲ့ကို ထောက်ခံအားပေးနေ၍ဖြစ်ကြောင်း ပြည်သူလူထုအကြား သတင်းများထွက်ပေါ်နေသည့် အခြေအနေနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

မေး - လက်ပန်တောင်းတောင်ကိစ္စအပြီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေပိုဖြစ်လာတာပေါ့နော်၊ ဘာကြောင့် တိုက်ပွဲတွေဖြစ်လာသလဲဆိုတာ အရင်ပြောပေးပါ။

ဖြေ - လက်ပန်တောင်းတောင်ကိစ္စအပြီး တိုက်ပွဲတွေ ပိုများလာတာဆိုတဲ့ကိစ္စက အောက်တိုဘာလကုန်ပိုင်း ရွေလီ ဆွေးနွေးပွဲအပြီးမှာ အစိုးရဘက်က Target ပြောင်းသွားတယ်လို့ ယူဆရတယ်။ မူလက အဲဒီငြိမ်းချမ်းရေး မလုပ်ခင် မြင်နေရတာက ချွေစစ်သဘောမျိုး အမြဲမပြတ် ထိတွေ့ပြီး ချုံ့ထားတဲ့ အနေအထား၊ နေရာအနှံ့ သေနတ်သံမြည်နေအောင် လုပ်ထားတာပေါ့။ ပိုင်းဖြတ်ချက်ရှိတဲ့ စစ်ပွဲလက္ခဏာမျိုး မတွေ့ရဘူး။ တပ်တွေ အများကြီးသုံးမယ်၊ ဖြန့်ထားတယ်၊ ထိတွေ့မှုယူတယ်၊ အမြောက်ကြီးတွေနဲ့ပစ်တယ်၊ အနှောက်အယှက်လုပ်တယ် အဲလိုပေါ့ တိုတိုပြောရရင် ချုံ့ငင်တဲ့ စစ်ပွဲတစ်ခုကို ဖန်တီးထားတာ။


ဒီလိုတိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတဲ့အခါကျတော့ အရာရာတိုင်းမှာ ဖိအားရှိနေတယ်။ ဒီအကျပ်အတည်းတွေထဲကနေ ပြည်သူနဲ့ ကေအိုင်အေတပ်၊ အထက်နဲ့အောက် သွေးကွဲအောင် ဖန်တီးထားတာ ဖြစ်တယ်။

အဲဒီနောက်ပိုင်းမှာ ဗမာတပ်ဘက်က စဉ်းစားချက်ပြောင်းသွားပုံရတယ်။ ကေအိုင်အေနဲ့တိုက်ခဲ့တဲ့ စစ်ပွဲကာလမှာ သူ့ဘက်က အဆုံးအရူံးက များတယ်။ နောက်တစ်ခေါက် နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် အပေါ်စီးရတဲ့ ဆွေးနွေးမှုမျိုးလိုချင်တယ်။ အဲဒီတော့ အစိုးရဘက်က လုပ်နိုင်တဲ့ဟာ နှစ်ခုရှိတယ်။ တစ်ခုက ကေအိုင်အေ ဗဟိုကို ထိန်းချုပ်တာရယ်၊ ဗဟိုနဲ့ အောက်မှာရှိနေတဲ့ တပ်တွေကို ပြတ်သွားအောင် ကြိုးစားတာရယ်ပေါ့။

မေး - အဲဒီစစ်ပွဲအနေအထားကို ထင်သာမြင်သာရှိအောင် ပြောပြပေးပါ။

ဖြေ - အခုလတ်တလော လဂျားယန်မှာဖြစ်သွားတဲ့တိုက်ပွဲတွေမှာ သိပ်သိသာတယ်။ MI 24 ကို အဓိကကျတဲ့ နှစ်နေရာမှာ ရည်မှန်းချက်ရှိတဲ့ နှစ်နေရာကို ပစ်တယ်။ ဘွန်လွယ်ကို ပစ်တယ်။ တကယ်လို့ ဘွန်လွယ်ကိုရသွားရင် ကေအိုင်အေ ဗဟိုဒေသကို ထိန်းချုပ်နိုင်မယ်လို့ ယူဆပုံရတယ်။ ဒါကြောင့် ဘွန်လွယ်ကို အကြီးအကျယ် ထိုးဖို့ပြင်တာ နောက်လည်း ထပ်ထိုးမဲ့ အလားအလာတွေ မြင်နေရတယ်။ ကေအိုင်အေဆီကနေ သူလိုချင်တဲ့ စခန်းတွေရရင် စစ်ရေးအသာစီးနဲ့ စားပွဲပေါ် ရောက်အောင်ခေါ်မယ်၊ အဲလို စဉ်းစားပုံရတယ်။

အဲဒါကြောင့် နံပတ်တစ်က ဘွန်လွယ်စခန်းကို ထိုးတယ်။ နောက်တစ်ခုက ပန်ဝါနားမှာကပ်နေတဲ့ နယ်စပ်မျဉ်း ၅၊ ၆ နားက စခန်းကို ထိုးတယ်။ ဒါနဲ့ပတ်သက်လို့ နောက်တစ်ခေါက် ငြိမ်းချမ်းရေးစကားမပြောခင်မှာ ပန်ဝါနားမှာ ကေအိုင်အေ မရှိရေးဆိုတဲ့ ပေါ်လစီ ဗမာအစိုးရမှာရှိပုံရတယ်။ အဲဒီမှာလည်း အထူးအလေးထားချက်အရ MI 24 တွေကို သုံးခဲ့တယ်။

မေး - နောက်တစ်ခုက ပြည်တွင်းလူထုကြားမှာ ကေအိုင်အေကို တရုတ်က ထောက်ခံအားပေးနေတယ်လို့ ပြောသံတွေ ကြားနေရတော့ ဒီကိစ္စအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ - ကေအိုင်အေဟာ အိမ်နီးနားချင်းနိုင်ငံကြီးရဲ့ ထောက်ပံ့မှုတွေရထားလို့ တိုက်ပွဲတွေ မပြတ်တိုက်နိုင်တယ်လို့ ပြောနေတာက လက်တွေ့မကျဘူး။ ပြည်တွင်းမှာ ဗမာအစိုးရဟာ သူ့ရဲ့ စစ်ရေးရူံးနိမ့်မှုတွေကို ကာကွယ်တဲ့အနေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးသုံးပြီး ဝါဒဖြန့်နေတာ ဖြစ်တယ်။ အခု လက်ပန်တောင်းတောင်ကိစ္စ ဖြစ်တယ်၊ တရုတ်ပြည်က မကျေနပ်ဘူး။ ဒါကြောင့်မို့ ဝတွေ၊ ကချင်တွေကို မြှောက်ပေးတယ်ဆိုတဲ့ အရပ်သားစဉ်းစားနည်းမျိုးဖြစ်အောင် ဗမာအစိုးရက ဖြန့်ချိနေတာ ဖြစ်တယ်။

မေး - KIA နဲ့ တရုတ်ဆက်ဆံရေး အခြေအနေရော ဘယ်လိုရှိပါသလဲ။

ဖြေ - ကေအိုင်အေက တရုတ်အစိုးရနဲ့ အိမ်နီးနားချင်း လက္ခဏာဆောင်တဲ့ ဆက်ဆံရေးရှိတာ မှန်တယ်။ ဆိုလိုတာက ကေအိုင်အေနဲ့ဆိုရင် ထိန်ချုံး အထူးခရိုင်၊ တယ်ဟုန် အထူးတိုင်း၊ ပေါင်စန်း စစ်ဒေသခွဲစတဲ့ ဒီလို နယ်စပ်ခြင်းကပ်နေတဲ့ ဒေသတွေက တစ်စုံတစ်ရာ ဆက်စပ်မှုရှိတာအမှန်ပဲ။ တရုတ်အစိုးရအနေနဲ့ အရင်တုန်းက ကွန်မြူနစ်ပါတီကို ကူညီခဲ့သလိုမျိုး အခုနောက်ပိုင်းမှာ ဘယ်သူ့ကိုမှ မကူညီဘူး။ ကေအိုင်အေဘက်က ပိုရှင်းတယ်။ ကေအိုင်အေ ခေါင်းဆောင်အားလုံးဟာ တရုတ်ပြည်က ကချင်တစ်ယောက်မှ မပါဘူး။ ဗမာပြည်က ကချင်တွေဖြစ်တယ်။

နောက်တစ်ခုက တရုတ်ပြည်ဟာဆိုလို့ရှိရင် ဗမာအစိုးရရဲ့လေသံကိုလိုက်ပြီး သူ့ပြည်တွင်းထဲမှာရှိနေတဲ့ ဒုက္ခသည်တွေကို ကေအိုင်အေနယ်ထဲကို မောင်းသွင်းတယ်။ မောင်းသွင်းတဲ့အတွက် ကေအိုင်အေမှာ ကြီးစွာ အထုတ်အပိုးဖြစ်ခဲ့တယ်။

မြစ်ဆုံကိစ္စမှာဆိုရင်လည်း တရုတ်အစိုးရဟာ ကေအိုင်အေကို တော်တော်လေးကို နာကျဉ်းတယ်။ မြစ်ဆုံကိစ္စကို စတင်ကန့်ကွက်တာ ကေအိုင်အေ ဖြစ်တယ်။ မြစ်ဆုံမှာလုပ်တဲ့ ကုမ္ပဏီကြီးရဲ့ဋ္ဌာနချုပ်မှာ တနှစ်လောက်က ဗုံးကွဲမှုဖြစ်တယ်။

နောက်တစ်ခုက ကေအိုင်အေက အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်စပ်မှုရှိတယ်။ ဘာသာရေးအရလည်း အနောက်နိုင်ငံတွေကြိုက်တဲ့ ဘာသာရေး ကိုးကွယ်မှုရှိတယ်။ အဲဒီတော့ တရုတ်ပြည်ဟာ ကေအိုင်အေနဲ့ပတ်သက်ပြီး သံသယတွေ အများကြီးရှိတယ်။ ကျနော်တို့သိသလောက်ပြောရရင် ကွန်မြူပါတီကတဆင့်ရခဲ့ဖူးတဲ့ လက်နက် ခဲယမ်းကလွဲရင် တရုတ်ပြည်က ဘာမှမရပါဘူး။

မေး - နှစ်ဘက် စစ်ရေးအခြေအနေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ - KIA ဘက်က နိုင်ငံရေးစင်မြင့်တစ်ခုရဖို့ မလွဲသာ၊ မရှောင်သာ တိုက်နေရတယ်လို့ ထင်ပါတယ်။ သူ့အတွက် ဝန်ထုတ်ဝန်ပိုး သိပ်ကြီးပါတယ်။ စစ်ပွဲကိုလိုလားတဲ့ အနေအထားမရှိပါဘူး။ ဒါကြောင့် အပြန်အလှန် လက်ခံနိုင်မယ့် နိုင်ငံရေးစင်မြင့်တစ်ခုရပြီဆိုရင် သူ့ဘက်က မုချ အပစ်ရပ်မဲ့အနေအထားပါ။

လတ်တလောစစ်ပွဲမှာ သိသာပါတယ်။ ကေအိုင်အေက ခံစစ်သေသက်သက် လုပ်သွားတယ်၊ ခံစစ်ရှင်လိုမျိုး ပြန်လှန် ထိုးတာတို့၊ ဝိုင်းပတ်တာတို့ ထိုးစစ်ဆင်တာတို့လုပ်ခဲ့ရင် အစိုးရတပ်ဟာ ဒီထက်မက နာနိုင်ပါတယ်။ ဥပမာ ကုန်းတစ်ကုန်းကိုထိုးတယ်ဆိုရင် ရန်သူ့ဘက်က လှန်ကျသွားတယ်ဆိုရင် အောင်ပွဲကိုချဲ့ထွင်တဲ့အနေနဲ့ ပြေးတဲ့တပ်ကို ပတ်တာတို့၊ ဝိုက်တာတို့၊ ပိတ်တာတို့ပေါ့နော်။ အဲလိုအလုပ်တွေ ကေအိုင်အေက မလုပ်ခဲ့ဘူး။ သူ့စခန်းကို သူစောင့်တာပဲ သူ့ဆီဝင်လာရင် ပစ်တယ်၊ မဝင်ရင် မပစ်ဘူး။

အစိုးရဘက်ကတော့ နည်းပရိယာယ်အရ ကေအိုင်အေရဲ့ အဓိကစခန်းတွေကိုသိမ်းပြီး စစ်ရေးအရ အားပျော့သွားအောင် အပေါ်စီးကရအောင်ယူပြီး စကားပြောဖို့ပြင်တာ ဖြစ်တယ်။ ဒါပေမဲ့လည်း လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေ ဘယ်လောက်သုံးသုံး ဗမာစစ်တပ်ရဲ့အခြေအနေဟာ အတော်လေးကို ဆိုးဝါးနေတယ်။ တိုက်ခိုက်ရေးစိတ်ဓာတ် အနိမ့်ဆုံးဖြစ်တယ်။ အပေါ်က ခေါင်းဆောင်တွေက အတင်းတိုး တိုက်ခိုင်းပေမဲ့ အောက်မှာ တိုက်နိုင်တဲ့ အင်္ဂါရပ် မရှိတော့ဘူး။ အဓိကကတော့ မသေမပျောက်နဲ့ပြန်ရဖို့ပဲ စစ်တိုက်နေရတာပေါ့။ စစ်တပ်ထဲမှာ ရဲဘော်စိတ် မရှိတော့ဘူး။ ။

၂၀၊ ၁၂၊ ၂၀၁၂

သျှမ်းသံတော်ဆင့် 


 

No comments: