Sunday, December 9, 2012

လူလေးအတွက် တေး (သစ်ကောင်းအိမ်)

နှစ်ချို့ငါးခူကြီးတွေ စားရကံကြုံဖို့
အန္တရာယ်ကင်း ဘေးရှင်း
ရွှေတိဂုံဘုရား တောင်ဘက်မုခ်ခြေရင်းက
ရေကန်ကြီးထဲ
သက်စေ့လွှတ်ခံလိုက်ရတဲ့ ငါးတွေလို

မြေခွေးနဲ့ပေါင်းပြီး
ကြက်မွေးမြူရေးလုပ်သလို
ညီညွတ်ရေးမှာ
အချစ်ရေ …
တို့တတွေ လွတ်မြောက်ကြ


သစ်ငုတ်ဖြစ်မယ့်အခေါက်မှ
ငရဲမှာစုတေမိသူ
နတ်သားပမာ
အချစ်ရေ …
တို့တွေကိုးကွယ်ရာ
ငြိမ်းချမ်းရေးကျမ်းစာက
ဒေဝဒတ်နဲ့ ပေါင်းမိလို့
ဘုရားလောင်းအဖြစ်က ဈာန်လျောရ

လူရောက်ပြီ
လင်းတဝဲဖို့ပဲကျန်တော့တဲ့
လကမ္ဘာ …

အိပ်ရာဝင်ပုံပြင်က
ဂျပန်လေယာဉ်ဗုံးကြဲတာ
ဘုရားရောင်ခြည်တော်လွှတ်တာနဲ့မှား
ရွာဦးကျောင်းစေတီဆီ အလုအယက်ပြေးဖူးကြ
အမေတို့ရွာက
ရွာသားတသိုက်နဲ့ စခဲ့တယ်။

သစ်ကောင်းအိမ် 
(၁၂။ ဒီဇင်ဘာ ၈။ ၂၀၁၂)


 

No comments: