Wednesday, December 12, 2012

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၅ (ကိုညို)

ကျနော်တို့ မန္တလေးကရဲဘော်တွေ မိုးရေးနယ်စပ် မရောက်ခင်ကတည်းက တမူးနဲ့ ကလေးမြို့က ကျောင်းသား သုံးဆယ်နီးပါး မိုးရေးမှာ ရောက်နေကြပြီ။ ကျနော်တို့ကို မိုးရေးမြို့အခြေစိုက်တဲ့ Sunrise Youth Club (တက်နေဝန်း လူငယ်များအသင်းလို့ ဘာသာပြန်ရမလားမသိ၊ ကာလသားလူငယ်တွေနဲ့ စုဖွဲ့ထားတာ) အဖွဲ့နဲ့ မိုးရေးမြို့ ကုန်သည်ကြီးများအသင်းက စောင့်ရှောက်ကူညီတာ ဖြစ်တယ်။

သူတို့အားလုံးဟာ မြန်မာပြည်အဆက်တွေပါ။ ဆွေမျိုးသားချင်းတချို့ ဗမာပြည်မှာရှိနေသေးတယ်လို့ သိရတယ်။ တက်နေဝန်း လူငယ်တွေကတော့ ဗမာစကားနည်းနည်းပါးပါးတော့ ပြောတတ်တယ်။ ကုန်သည်ကြီးများအသင်းက လူတွေကတော့ မွတ်နေတာပဲ၊ စကားရော၊ စီးပွားရေးရော။


သူတို့တတွေ ကျနော်တို့ကို လိုလိုလားလား၊ ချစ်ချစ်ခင်နဲ့ကို ကြိုဆိုကြတယ်။ ကျနော်တို့မလာခင် ၂ ရက်လောက်မ ဝန်ကြီးချုပ်ရာဂျစ်ဂန္ဓီက မြန်မာနိုင်ငံသားတွေကို အိန္ဒိယက ဒုက္ခသည်အဖြစ် လက်ခံမယ်လို့ ကြေငြာထားတာမို့ ကျနော်တို့အဖွဲ့ ကံကောင်းခဲ့ပေမယ့် ကျနော်တို့ထက် အရင်ရောက်ခဲ့တဲ့ ကလေးမြို့က ကိုအောင်ဆန်းလင်း (ယခု သြစတေးလျား) တို့အုပ်စုနဲ့ တမူးက ကိုကျော်ကျော်ထွဋ် (ယခု အမေရိကား)၊ စာရေးဆရာ ကောလ်ထန်မောရိယာယ်လ်နဲ့ ကျောင်းသားလူငယ်တချို့မှာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ထွက်လာကြတာဆိုတော့၊ မိုးရေး ရဲတွေမဖမ်းအောင် ဟိုပြေး ဒီရှောင်နေရတယ်။ ရှားရှားပါးပါး အမျိုးသမီးတယောက်လည်း ပါတယ်။ ကလေးမြို့နယ် တာဟန်းကလုရှိုင်း ချင်းအမျိုးသမီး မူလတန်းပြဆရာမ မစန်းပွီးဆိုသူပါ။ စောစောက တက်နေဝန်းအဖွဲ့ခေါင်းဆောင် မဏိပါးတို့အဖွဲ့တွေက ခိုးကြောင်ခိုးဝှက် စောင့်ရှောက်ထားရတာ။

ကျနော်တို့အားလုံးကို တက်နေဝန်းအသင်းအဆောင်မှာ နေရာချထားပေးတယ်။ သူတို့ရုံးက မိုးရေး ဘော်လုံးကွင်းဘေးနားမှာ။ နယ်စပ်ခြံစည်းရိုးနဲ့ ကပ်နေတာပဲ (အခုထိ ရှိနေသေးတယ်)။ ရောက်ရောက်ချင်းညမှာပဲ တည်းခိုရာ အဆောက်အဦသွပ်ခေါင်ပေါ် ဘယ်ကမှန်းမသိတဲ့ ခဲတွေကျလာလို့ … မိုးရေးရဲစခန်းက လက်နက်ကိုင် ရဲ ၂ ယောက် လာပြီး ကင်းစောင့်ပေးရတယ်။ ကျနော်တို့ရောက်တော့ အစောပိုင်းရောက်နေသူတွေလည်း ယမ်းသာကြတာပေါ့လေ။

မိုးရေးမြို့ ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး N.Kumar က မန္တလေးတက္ကသိုလ်မှာ ဘွဲ့ရခဲ့တာ။ ကျနော်တို့အားလုံး နေထိုင်စားသောက်ရေးနဲ့ အိန္ဒိယအာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ဘာသာပြန်တာကအစ ကူညီပေးပါတယ်။ ကျနော်တို့မလာခင် တရက်မှာပဲ ... အိန္ဒိယ စစ်ထောက်လှမ်းရေးရဲ့ မှတ်တမ်းနဲ့ သုသေသနအဖွဲ့၊ RAW (Research & Analysis Win) က အရာရှိတွေ ရဟတ်ယာဉ်နဲ့ရောက်လာပြီး ကိုကျော်ကျော်ထွဋ်နဲ့ စာရေးဆရာ ကောလ်ထန်မောရိယာယ်လ်တို့ကို လာတွေ့တဲ့အကြောင်း၊ ဘာတွေ လိုအပ်လဲမေးတော့ စားဝတ်နေရေးနဲ့ ခိုလှုံစရာအပြင် ဒီမိုကရေစီတော်လှန်ရေးအတွက် လက်နက်ကိုင်သင်တန်းနဲ့ လက်နက်ပါ ထောက်ပံ့ဖို့ တောင်းဆိုခဲ့တယ်လို့ သိရတယ်။

“သူတို့ ပေးနိုင် မပေးနိုင်လည်း မသိဘူး၊ နိုင်ငံတကာ ဆက်ဆံရေးတို့ ၊ နိုင်ငံရေးတို့လည်း သိတာမဟုတ်ဘူး၊ အဲဒီတုန်းက ကိုယ်လိုချင်တာ၊ လိုအင်တာ တောင်းလိုက်တာပဲ” လို့ ကိုကျော်ကျော်ထွဋ်က နောက်ပိုင်းမှာ ပြန်ရှင်းပြတယ်။

 ကျနော်တို့ တက်နေဝန်းရိပ်သာမှာနေထိုင်စဉ် မဏိပူက နာမည်ကြီး North East Sun မဂ္ဂဇင်းကသတင်းနဲ့ သတင်းဓာတ်ပုံတွေ ရိုက်သွားတယ်။ (အဲဒီသတင်းဓာတ်ပုံတွေ နဝတ စစ်အစိုးရ သတင်းစာမှာ နောက်ပိုင်းဖော်ပြခဲ့ရာက ကျနော်ပုံကိုမြင်ပြီး မိသားစုက အိန္ဒိယနယ်စပ်ရောက်နေပြီလို့ သိသွားတာပါ)၊ မှတ်မိနေတာလေးတခုက ၈၈ အာဏာသိမ်းတော့ သေနတ်ထိမှန်ပြီး တကိုယ်လုံး သွေးတွေပေကျံနေတဲ့ ကျောင်းသူလေးတဦးကို ဆေးကျောင်းသား ၂ ယောက် ကျည်လွတ်ရာ သယ်ပြေးနေတဲ့ (မဝင်းမော်ဦး ပုံ) မျက်နှာဖုံးနဲ့ News Week မဂ္ဂဇင်းကို မိုးရေးရောက်တော့ စမြင်ဖူးသလို အရေးတော်ပုံကာလထွက်လာတဲ့ အဆိုတော်မာမာအေးနဲ့ ကိုမင်းနောင်တို့ဆိုထားတဲ့ ခွပ်ဒေါင်းနဲ့အတူတိုက် သီချင်းလေးလည်း အဲဒီမှာစကြားဖူးတာပါ။ အဲဒီဓာတ်ပုံနဲ့ အဲဒီသီချင်းဟာ ကျနော်တို့တတွေရဲ့ ဒါသကိုသာ ပြင်းထန်စေရုံမက၊ စိတ်ဓာတ်တွေကိုလည်း ပိုပြီးခိုင်မာစေ၊ အားကောင်းစေခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယက ဒုက္ခသည်အဖြစ် လက်ခံတယ်လို့သာပြောတာ ဘာတခုမှ သေချာစီစဉ်ထားတာ မရှိသေးပါဘူး။ နယ်စပ်ဖြတ်ကျော်လာသူတွေကလည်း တခြားနိုင်ငံက ဒုက္ခသည်ဆိုသူတွေနဲ့ ပုံစံမတူသလို ထိုင်းနယ်စပ်က စစ်ပြေးဒုက္ခသည်တွေ၊ ရွာပုန်း ရွာရှောင် ဒုက္ခသည်တွေလို ကလေးတွေ၊ မိသားစုတွေ မပါဘူး။ တက္ကသိုလ်ကျောင်းသားတွေ၊ လူငယ်တွေ စတဲ့ အရွယ်ကောင်းလေးတွေဆိုတော့ ထူးထူးခြားခြားဖြစ်နေတယ်။ အမှန်တော့ ဒီလူတွေအားလုံးဟာ အန္တရာယ်က လွတ်အောင်ပြေးလာသူတွေထက် ရရင်ရ မရရင်ချဆိုတဲ့ ကြွေးကြော်သံနဲ့ ကိုယ်ဆန္ဒနဲ့ကိုယ် သူပုန်ထဖို့ ထွက်လာသူတွေဖြစ်တယ်။

ဒီတော့ ... အားလုံးဟာ တက်ကြွနေတယ်။ မျှော်လင့်ချက်တွေနဲ့ သိပ်ပြင်းထန်နေကြတယ်။ အိန္ဒိယက လူသားချင်းစာနာပြီး ခိုလှုံခွင့်ပေးတာကို ကျနော်တို့ စိတ်ထဲထင်လိုက်တာက … လွတ်မြောက်နယ်မြေတခုမှာ စစ်သင်တန်းပေးမယ်၊ လက်နက်တွေပေးမယ်ဆိုတာပဲ။

တကယ့်လက်တွေ့မှာတော့ အဲဒီတုန်းက မြန်မာဒုက္ခသည်တွေကိုတောင် ဘယ်လိုနေရာထိုင်ခင်းပေးပြီး စောင့်ရှောက်မလဲဆိုတာတောင် အိန္ဒိယက အဆင်သင့်မဖြစ်ခဲ့ပါဖူး။ ကျနော်တို့ကလည်း အမှောင်ထဲကနေ ရုတ်တရက် လင်းနေတဲ့ ကမ္ဘာကြီးအပြင် ရောက်လာတာပါ။ မြင်သမျှအရာရာ ထူးထူးဆန်းဆန်းတွေ။ ဗဟုသုတလည်းမရှိ၊ ကိုယ့်ကိုကိုယ်လည်း အရေးတော်ပုံအရှိန်တွေတက်ပြီး မြောက်ကြွမြောက်ကြွပေါ့။

ပြောရအုံးမယ်။ မိုးရေးမြို့ထဲဝင်လာတော့ မြို့လေးကသေးလေးပါ။ နယ်စပ်ကုန်သွယ်ရေး မြို့လေးဆိုတော့ ဆိုင်ခန်းတွေ၊ ဂိုဒေါင်တွေ များတယ်။ သွပ်မိုး၊ ပျဉ်ကာ၊ ထရံကာနဲ့ ထည်ထည်ဝါဝါလည်း မရှိပါဘူး။ ထိုင်းနယ်စပ်မြို့တွေနဲ့ အရမ်းကွာတယ်လို့ ပြောရမယ်။ မိုးရေးမြို့ခံတွေဆိုတာ အိန္ဒိယတောင်ပိုင်း မဒရပ်စ်၊ တမီးလ်နာဒူးပြည်နယ်သား အများစုဖြစ်တယ်။ မြန်မာပြည်မှာတော့ ချစ်တီးထမင်းဆိုင်၊ ဒံပေါက်၊ တိုရှည် (ဒိုဆာ) စတဲ့ အိန္ဒိယ စားသောက်ကောင်းတွေကို မြန်မာ့လျှာနဲ့ လိုက်ဖက်ညီရောင်းချနိုင်စွမ်းရှိသူတွေပေါ့။

မိုးရေးမြို့မှာ စီးပွားရှာပြီး သူတို့လူမျိုးနွယ်တွေရှိတဲ့ အိန္ဒိယတောင်ပိုင်းမြို့တွေမှာ အိုးအိမ်အတည်တကျနဲ့ နေထိုင်ကြတယ်။ တမီးလ်လူမျိုးတွေသာမက တမူး၊ ကဘော် ချိုင့်ဝှမ်းမှာ အခြေချနေထိုင်တဲ့ ကူကီး (သူတို့ကို ချင်းလို့ခေါ်ရင် သိပ်မကြိုက်ဘူး) နာဂ၊ လုရှိုင်း၊ ကသဲ အစရှိတဲ့ လူမျိုးပေါင်းစုံနေကြတာ။ ကျနော်တို့ရောက်ခါစက နာဂနဲ့ ကူကီးတွေ နယ်လုတိုက်ခိုက်မှုတွေဖြစ်ကြတယ်။ လူတော်တော်သေတယ်။ မိုးရေးမှာ နာဂက လူနည်းစုဆိုတော့ အကုန်ပြေးရတယ်။ နောက်ပိုင်း နှစ်အတော်ကြာအထိ နာဂနဲ့ ကူကီး ပဋိပက္ခဖြစ်နေတုန်းပဲ။ အလားတူ ကသဲနဲ့ ကူကီးလည်း မကြာခဏ တိုက်ပွဲဖြစ်တယ်။

နယ်ခြားကုန်သွယ်ရေးစခန်းဆိုတော့ စီးပွားရေးနဲ့ နယ်ခြားလွတ်မြောက်နယ်မြေအတွက် စားကျက်လုတဲ့တိုက်ပွဲတွေက ဒီနေ့အထိ မဆုံးသေးဖူး။ မငြိမ်းချမ်းဘူး။ ကျနော်တို့ မိုးရေးရောက်တော့ လမ်းဘေးဆိုင်ခန်းတွေ၊ အိမ်နံရံနဲ့ အုတ်ခုံတွေမကျန် နေရာအနှံ့မှာ ကွန်ဂရက်အိုင်ပါတီ (ရာဂျစ်ဂန္ဒီပါတီ) လက်ဝါးတံဆိပ်နဲ့ ရွေးကောက်ပွဲ မဲဆွယ်ကြော်ငြာတွေ အများကြီး တွေ့ရတယ်။ လက်ဝါးသင်္ကေတဆိုတော့ “ဒီမြို့မှာ လက္ခဏာ၊ ဗေဒင်ဟောတဲ့လူတွေ များလှချေလား” လို့ တယောက်က တကယ်မသိတာလား၊ ရွှတ်နောက်နောက်ပြောတာလား မသိ။ လက်ဝါးတံဆိပ်ရော၊ လှည်းဘီးရော၊ လက်လှည့်ယက်က္ကန်းခုံတံဆိပ်ရော ... စုံနေတာပဲ။

အိန္ဒိယမှာ ရာသီဥတုကောင်းတဲ့ အောက်တိုဘာလဆို ရွေးကောက်ပွဲလုပ်နေကျဆိုတာတွေ၊ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် မဲဆွယ်တယ်၊ စည်းရုံးတယ်ဆိုတာ အဲဒီအခါမှ မျက်စေ့နဲ့တပ်အပ်မြင်ဖူးတာပါ။ (ကျနော်တို့ပြည်ပရောက် တော်တော်များများ အသက် လေးငါးဆယ်ကျော်နေပြီ ခုထိ မဲမပေးဖူးကြဘူး)။

ဒီမိုကရေစီနိုင်ငံကြီးကိုရောက်ပြီဆိုတော့ ကျနော်တို့တတွေ လွတ်လပ်ပြီ၊ ငြိမ်းချမ်းပြီ၊ ကိုယ့်နိုင်ငံကိစ္စ အောင်အောင်မြင်မြင် လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ကျနော်တို့ရောက်ပြီး ရက်ပိုင်းအကြာမှပဲ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးအောင်ကြီးတို့ပေါင်းပြီး NLD ပါတီဖွဲ့တဲ့သတင်း ကြားရပါတယ်။ ကျနော်တို့ကတော့ စစ်အစိုးရလက်အောက်က ရွေးကောက်ပွဲဟာ တရားမျှတမှာမဟုတ်ဘူးလို့ပဲ ယုံကြည်နေခဲ့တယ်။

ကျနော်တို့အားလုံး တက်နေဝန်းကလပ်မှာ သုံး၊ လေးရက်နေပြီးတော့ လုံခြုံရေးအရ မိုးရေး ရဲစခန်းဝင်းထဲ ပြောင်းရွှေ့ရပါတယ်။ ရဲစခန်း ဘားတိုက်ခန်းမထဲမှာ ကျနော်တို့အားလုံး ၄၀ ဝန်းကျင်လောက်ရှိမယ် ထင်တယ်။ ရဲစခန်းကပဲ ထမင်းကျွေးတယ်၊ လက်ဖက်ရည်တိုက်တယ်။ ကျနော်တို့ကလည်း စားလိုက်၊ အိပ်လိုက်မနေကြဘူး။ မနက်စောစောထ၊ အစုလေးတွေခွဲပြီး ရဲစခန်းဝင်းထဲမှာပဲ ကိုယ်လက်လေ့ကျင့်ခန်းတွေ တန်းစီလုပ်တယ်။ မနက်ဆို နိုင်ငံတော်သီချင်းနဲ့ ကျောင်းသားသမဂ္ဂသီချင်းတွေဆိုရင်း လက်နက်မဲ့ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ကြတယ်။

တလှေထဲစီးလာတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုညီညီလွင် (ယခု သြစတေးလျှား) က တက္ကသိုလ်အရံတပ်ရင်းမှာ လေ့ကျင့်သင်ကြားဖူးတော့ သူကပဲဦးဆောင်ပြီး ကာယလေ့ကျင့်ခန်းနဲ့ အခြေခံ စစ်ရေးပြသင်တန်းကို ပေးတယ်။ ရဲစခန်းဝန်းလေးထဲမှာ နေ့စဉ် မနက်တခါ၊ ညနေတခါ တန်းစီဘယ်ညာလျှောက်ပြီး ဘာလုပ်နေလဲ ... လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ … တိုက်ပွဲဝင်ဖို့၊ ဘာစိတ်ဓာတ်လဲ … ခွပ်ဒေါင်းစိတ်ဓာတ်၊ ဘယ်သူ့အတွက်လဲ ... ပြည်သူ့အတွက်၊ ဘာလိုချင်လဲ ... ဒီမိုကရေစီ” ဆိုပြီး ပါးစပ်ကလည်း အော်၊ ပြေးလည်းပြေး … နဲ့ ရဲစခန်းဝင်းနဲ့ အနီးတဝိုက် ကျနော်တို့အသံတွေ ဟိန်းနေတယ်။

သိပ်မကြာဘူး၊ တယောက်စကား တယောက်နားနဲ့ “ကျောင်းသားတွေကို စစ်သင်တန်းပေးနေပြီ ...” ဆိုတဲ့ ကောလဟလတွေနဲ့ (ကျနော်တို့ ကျန်းမာရေးလေ့ကျင့်ချိန်ဆို) တမူးနဲ့ နမ့်ဖာလုံဘက်က မြန်မာပြည်သူတွေ ပွဲကြီးတခုလို ရဲစခန်းပတ်ပတ် လည်လာငေးကြည့်ကြတယ်။ ကျနော်တို့ကလည်း တက်ကြွပြီး မျက်နှာထားတည်တည်တွေနဲ့ အခုပဲ စစ်မြေပြင်ထွက်ပြီး ရန်သူကို အပြတ်ချေမှုန်းတော့မယ့်ပုံစံတွေနဲ့ပေါ့။

တချို့တွေက ကျနော်တို့ကို စားစရာတွေ၊ သစ်သီးတွေ လာပေးကြတယ်။ နယ်စပ်က ပြည်သူတွေခမျာလည်း ကျနော်တို့ကို မြန်မာပြည်ရဲ့ ဒုတိယမြောက်လွတ်လပ်ရေးကို တိုက်ယူပေးမယ်လူငယ်တွေလို့ ယုံကြည်ထားပုံရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အဲလို ထင်နေခဲ့တယ်။ အဲဒီတုန်းက ကျနော့်ဆရာ ဦးရွှေထူးကို မေးဖူးတယ်။

“ဆရာ ... ကျနော်တို့တော်လှန်ရေး ဘယ်လောက်ကြာမယ်ထင်လဲ”

“မောင်ညိုရာ ... အလွန်ဆုံး ၂ နှစ်ပေါ့။ ပြည်သူတရပ်လုံးက ဒို့ဘက်ပါနေတာပဲကွာ၊ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီတို့၊ ဦးနုရဲ့ ပြည်ချစ်တော်လှန်ရေးတို့ဆိုတာ အခုလို ပြည်သူတွေ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပါဝင်တာမဟုတ်ဘူးကွ၊ ဒါဟာ ငါတို့ရဲ့ ပွဲသိမ်းတိုက်ပွဲပါ” လို့ ပြန်ဖြေခဲ့တာ မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ကျနော်တို့အားလုံး အဲဒီလိုပဲ တထစ်ချ ယုံကြည်ခဲ့တာပါ။

ရဲစခန်းမှာ ကျနော်တို့ခိုလှုံနေတုန်း တမူးနဲ့ ကလေးနယ်က လူငယ်တွေ ကျနော်တို့ဆီ လာပူးပေါင်းကြတယ်။ ကလေးမြို့က ‘မအိ’ ဆိုတဲ့ အမျိုးသမီးတယောက်လည်း ပါတယ်။ ဒါကြောင့် ကျနော်တို့ထဲမှာ အမျိုးသမီး ၂ ယောက် ဖြစ်သွားတယ်။ သူတို့ ၂ ယောက်ကံကြမ္မာကလည်း အတော်ဆန်းကျယ်လွန်းတယ်။ ဝတ္တုဆန်ဆန်၊ ရုပ်ရှင်ဆန်ဆန်တွေမို့လို့ပါ။ အပြင်က တကယ့်အဖြစ်အပျက်ဆို တခါတခါ ရုပ်ရှင်တွေ၊ ဝတ္တုဇာတ်လမ်းတွေထက် ပိုပြီး ရှုတ်ထွေး ထွေပြား ဆန်းကျယ်တယ် ဆိုတာ ကျနော်လည်း တော်လှန်ရေးလောကထဲရောက်မှပဲ ယုံရတော့တယ်။ ဒီအကြောင်းတွေကို နောက်ပိုင်းကျ ပြောပါအုံးမယ်။

တနေ့ ကျနော်တို့ဆီ မဏိပူရဲ့ ပြည်နယ်ဝန်ကြီးကိုယ်တိုင် ရဟတ်ယာဉ်နဲ့ လုံခြုံရေးလက်နက်ကိုင်တပ်တွေနဲ့အတူ ရောက်လာတယ်။ ကျနော်တို့ကို ကြိုဆိုကြောင်းနဲ့ အားပေးစကားတွေ လာပြောတာပါ။ သူ့အမှာစကားတွေကလည်း ကျနော်တို့စိတ်ဓာတ်ကို မြှင့်တင်ပေးတယ်။

သူပြောတဲ့အထဲမှာ မဏိပူရနဲ့ မြန်မာဟာ ရုပ်ရည်တူတဲ့ မွန်ဂိုလွိုက်မျိုးနွယ် ညီအကိုတွေဖြစ်တဲ့အကြောင်း၊ အိန္ဒိယ အမျိုးသားတပ်မတော် INA ခေါင်းဆောင် ဆူဘတ်ချန်ဒရာဘို့စ်ဟာ မြန်မာလွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရင်းနှီးသူဖြစ်ပြီး မြန်မာပြည်သူတွေ အကူအညီနဲ့ INA ဟာ ဗြိတိလျှနယ်ချဲ့ကို တိုက်ထုတ်နိုင်တာဖြစ်ကြောင်း၊ မြန်မာတွေ ကျေးဇူးရှိတဲ့အကြောင်း၊ ဗြိတိလျှက လွတ်လပ်ပေးတော့ မဏိပူရကို မြန်မာနဲ့ ပေါင်းမလား? အိန္ဒိယနဲ့ ပေါင်းမလားလို့ မေးခွန်းထုတ်ဖူးကြောင်း၊ နောက်ဆုံး မိမိတို့ဟာ အိန္ဒိယနဲ့အတူနေဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ မဏိပူပြည်သူတွေဟာ မြန်မာတွေကိုချစ်ခင်ပြီး ဒီမိုကရေစီရေးအတွက် အားပေးထောက်ခံတဲ့အကြောင်း ဝေဝေဆာဆာ ပြောသွားပါတယ်။

သူ့စကားထဲမှာ အိန္ဒိယလွတ်မြောက်ရေးစစ်တပ်ကို ထူထောင်ခဲ့တဲ့ ဆူဘတ်ချန်ဒရာဘို့စ်တို့၊ မြန်မာတွေ ကျေးဇူးတို့ဆိုတာ ကျနော်တို့သဲခြေကြိုက်တွေပေါ့။ တနေ့ စစ်သင်တန်း အမှန်တကယ်ရမယ်လို့ပဲ မျှော်လင့်နေတာ။ သိပ်မကြာဘူး၊ ရဲစခန်းကနေ ကျနော်တို့အားလုံး မဏိပူရပြည်နယ် (ချန်ဒယ်ခရိုင်)အတွင်းဘက်ကို ရွှေ့ပြောင်းရတော့မယ်ဆိုတဲ့သတင်း ထွက်လာတယ်။ ကျနော်တို့စိတ်ဓာတ်တွေ တက်ကြွနေတယ်။ ဒီတခါတော့ ငါတို့ကို စစ်သင်တန်းတွေပေးဖို့ နေရာပြောင်းမယ်ထင်တယ်လို့ ကိုယ့်ဖာသာကိုယ်တွက်ချက် စိတ်ကူးတွေယဉ်ပြီး ပျော်နေကြတယ်။

နှင်းမြူတွေကျနေတဲ့ ညနေခင်းတရက်မှာ စစ်ထရပ်ကား ၂ စီးနဲ့ မဏိပူရ လက်နက်ကိုင်စစ်သားတချို့ မိုးရေး ရဲစခန်းကိုရောက်လာပြီး ကျနော်တို့ကို ရွှေ့ပြောင်းဖို့ပြင်ဆင်ပါတယ်။ မိုးရေးမြို့ခံတွေက စားစရာတွေ၊ လိုအပ်တဲ့ အသုံးအဆောင်လေးတွေ လာပေးကြ၊ ကုန်သည်ကြီးများအသင်းက စောင်တွေ အထပ်လိုက် လာလှူပါတယ်။ ဗမာပြည်ဘက်က ပြည်သူတွေကလည်း လမ်းဘေးဝဲယာကနေ ငေးကြည့်ရင်း လာနှုတ်ဆက်ကြတယ်။

ကျနော်တို့ကလည်း ကျောင်းသားတပ်ဦးသီချင်းတွေ၊ သမဂ္ဂသီချင်းတွေ မာန်ပါပါဆိုကြတယ်။ စိတ်ထဲမှာ ရှေ့တန်းစစ်မျက်နှာထွက်ရတော့မလိုလိုပေါ့။ အရမ်းတက်ကြွနေတယ်။ မြင်မြင်သမျှအရာတွေ အားလုံးလှပနေတယ်။ အရူးအမူးချစ်ရတဲ့ ရည်းစားဦးဆီက ချစ်ပါတယ်ဆိုတဲ့ အဖြေစကားလေး ရလိုက်သလိုခံစားမှုမျိုး။ ခန္ဓာကိုယ်ကြီး လေထဲ ဝဲနေသလိုပဲ … မြောက်ကြွ မြောက်ကြွနဲ့ ရွှင်လန်းနေတယ်။ လမ်းဘေးဝဲယာက ပြည်သူတွေကို လက်တွေ ဝှေ့ရမ်းပြလို့ကို မဆုံးဘူး။

“နောင်ရိုး ... တိုက်ပွဲ သမိုင်းကြောင်း ဒို့ရှိခဲ့သည် ... ငါတို့ဗမာတွေသည် ... စံနမူနာတင် ထွန်းလင်းတောက်ပခဲ့သည် ... ကမ္ဘာမှာ မော်ကွန်းတင်ခဲ့ပြီ ...” ဆိုတဲ့ ကျောင်းသားတပ်ဦးသီချင်းကို လည်ချောင်းကြော၊ နားထင်ကြောတွေ ထောင်နေအောင် မာန်တွေ ဌာန်တွေနဲ့ ဟစ်အော်သီဆိုကြတယ်။

တကယ်တော့ ကျနော်တို့သွားရမယ့်နေရာဟာ အားလုံးမျှော်လင့်ထားသလို စစ်ရေးလေ့ကျင့်ပေးမယ့် စခန်းသစ်တခုဆီမဟုတ်ဘဲ ကျနော်တို့ဘဝတွေကို ဘောင်ခတ်ပြီး အကျယ်ချုပ်ထားမယ့် ကျဉ်းကျဉ်းကြပ်ကြပ် ဒုက္ခသည်စခန်းတခုဆိုတာ ... ယောင်လို့တောင် စိတ်မကူးခဲ့သလို၊ အဲဒီဒုက္ခသည်စခန်းကြီးကပဲ ကျနော်တို့ကို ဘယ်လို လောကဓံကြီးပဲလာလာ လုံးဝ မမှု စိန်ခေါ်သွားမယ်ဆိုတဲ့ လူစွမ်း၊ လူစတွေပါ မွေးထုတ်ပေးခဲ့တယ်ဆိုတာ ... ကြိုမမြင်ခဲ့ပါဘူး။

တကယ်တော့ လူ့ဘဝဆိုတာ ... ထင်တာတွေ မဖြစ်တတ်သလို မထင်တာတွေလည်း ဖြစ်တတ်တာကိုး။ ။

ကိုညို (အော်စလို) 


 

No comments: