Monday, December 31, 2012

မင်္ဂလာပါ နှစ်သစ် (သစ်ကောင်းအိမ်)

နံနက်လင်းတော့
ရေပုပ်မြောင်းထဲ
ကွန်ဒုံးအဟောင်းလို ပေါလောမျောလို့။

ပြီးခဲ့တဲ့နှစ်က
ဆဒမ်ဟူစိန်ကို ကြိုးမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို ကြိုးမပေးနိုင်သေးဘူး
ငွေကြာယံမှာ
သွေးပွက်ပွက်လျှံခဲ့တယ်
ငမိုးရိပ်ချောင်းမှာ
 သံဃာတော်ရုပ်အလောင်းတွေ
မျောခဲ့တယ်

တိရိစ္ဆာန်ရုံထဲက
တောရိုင်းသတ္တဝါတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးချင်တယ်
လူ့တိရိစ္ဆာန်တွေကို ခြံခတ်ပြီး ပြပွဲလုပ်မယ်


မပြီးသေးဘူး
လမ်းပေါ်က
လိင်တူအခွင့်အရေး ချီတက်ပွဲတွေ
မပြီးသေးဘူး
အီရတ်စစ်ပွဲ မပြီးသေးဘူး
ရွှေဝါရောင်တော်လှန်ရေး မပြီးသေးဘူး
ပိရမစ်က ပြီးပြီ
ဆေးစီရင်လို့ မပြီးသေးဘူး ...

ဆိုဟာတို ရှောသွားတာ အကြောင်းမဟုတ်ဘူး
ငါတို့ရှင်သန်နေတာက ပြဿနာ

အနာမျိုး ၉၆ ပါး မကပေမယ့်
နာရေးကြော်ငြာက ၉၆ ပါးသာဆန့်ခဲ့ ...
အနှစ်မဲ့နှစ်တွေထဲ နှစ်ခဲ့
နှစ်များ
မနှစ်ကနဲ့လည်း မတူခဲ့
မနှစ်ကနဲ့လည်း တူခဲ့ ...

အသေခံဖောက်ခွဲရေးသမားရဲ့
ဂျာကင်အောက်က
အမောဖောက်နေတဲ့
ဗုံးတစ်လုံးရဲ့ ဒုလ္လဘမှာ
ခင်ဗျားနဲ့ ကျွန်တော်ဆုံခဲ့ကြတာ
ဝမ်းသာမဆုံး ဖြစ်ရတယ်။ ။

သစ်ကောင်းအိမ် 
(၁- ၂- ၂၀၀၈ မှာ အဆုံးသတ်ဖြစ်တယ်)


 

No comments: