Wednesday, December 26, 2012

ဒီ … တမ်းချင်း (ကမာပုလဲ)

ရာစု ထက်ဝက်ကျော်ခဲ့ပြီ
အဲဒီရာစုထက်ဝက်ကျော်ထဲမှာ
နောက်ထပ် ရာစု တစိတ်ကိုထပ်မံ ညှစ်ထည့်လို့
ဝိုင်ခွက်ထဲမှာ နီရဲနေတဲ့ ခရီးကြမ်းတွေ …။

နိုင်ငံတခုမှာ နိုင်ငံရေးနဲ့မပတ်သက်တဲ့ ပြည်သူတယောက်ကိုတွေ့ရင်
ကျနော့်ကို လက်တို့လိုက်ပါ … မေမေ
ခုလို လရောင်အောက်က ညမျိုးမှာ
လမင်းဆီက အဆိပ်တခွက်ကို တောင်းသောက်လိုက်ပါ့မယ် …။

အိမ်က ထွက်လာခဲ့တဲ့ ဂျင်းဘောင်းဘီကလေး တထည်
အသားတွေသာ စုတ်ရိပြတ်ကျသွားတယ်
ချုပ်ရိုးက ခိုင်လှချည်ရဲ့ မေမေ …။


မြို့တမြို့ရဲ့အကြောင်းကို သိချင်ရင်
အဲဒီမြို့က လူ့ဂုဏ်သိက္ခာ အပြည့်ရှိတဲ့သူတွေကို သိအောင်လုပ်ပါ
(သူတို့ဘဝတွေ နွမ်းပါးကောင်း နွမ်းပါးနေပါလိမ့်မယ်)
သူတို့ဟာ မြို့တွေဖြစ်တယ်
သူတို့ဟာ သမိုင်းခေတ်တွေ ဖြစ်တယ်
သူတို့ဟာ အစစ်အမှန်ဘဝတွေ ဖြစ်တယ်
သူတို့ဟာ သစ္စာတရား ဖြစ်တယ်
သူတို့ဟာ အချစ်လည်း ဖြစ်တယ် …။

လူတယောက်ဟာ
သူ့မြို့ကို တခုတ်တရ အမှတ်ရနေတယ်ဆိုပါတော့
သူ့ရဲ့ အိမ်လွမ်းစိတ်ဟာ
ခေတ်ကာလရဲ့ မြုံနေတဲ့ အနာတမျိုး ဖြစ်တယ်။ ။

ကမာပုလဲ 
၂၆၊ ၁၂၊ ၂၀၁၂


 

No comments: