ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။
လမ်းဖြတ်ကူးတိုင်း
အိမ်လွမ်းစိတ်ချင်း တိုးမိတိုက်မိ။
အိပ်မက်ထဲ
ပိတောက်ပွင့် မဆုံး။
အားငယ်ရင်
ဒေါ်အောင်ဆန်းစုကြည်နာမည်
တကျော်ကျော် ခေါ်မြဲ။
လူကတော့
ဘာမှ မလှုပ်တတ် မရှားတတ်။
ပြဿနာ မရှိဘူး
ရတယ်။
မပျော်ဘူးဆိုတဲ့အဓိပ္ပာယ်က
ဒီမိုကရေစီရမှဖြစ်မယ်ဆိုတဲ့အနက် ထွက်တယ်။
မနက်ဖြန်
ဖြစ်ချင်လည်း ဖြစ်မယ်။
အခု
သီချင်းသံကြားနေရတယ် မဟုတ်လား။
အလားတူပါပဲ
အူချင်တဲ့ဝံပုလွေတွေ အူကြပါစေ။
ရှေ့ကို ဆက်လျှောက်လိုက်ရင်
မြားတစ်ဆုပ် ရလိမ့်မယ်။
ကိုယ့်ကို လမ်းပြနေတဲ့ကြယ်ကို
ဘယ်တော့မှ ပြန်မပစ်လေနဲ့။ ။
အောင်ဝေး
စတိုင်သစ် မဂ္ဂဇင်း၊ JULY 2012
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago

No comments:
Post a Comment