Tuesday, November 20, 2012

အညတရ အာဇာနည် - ဖိုးသံ (လူထု)

သင်တို့နာမည်
နေရပ်
ဇာတိ
အတ္ထုပ္ပတ္တိ
ငါ မသိ
ဘာမှမသိ
ငါ သိတာက
သင်တို့ဟာ အာဇာနည်
သင်တို့ဟာ
လူသားထဲမှာ
အမြင့်မြတ်ဆုံးသူ။


သင်တို့ ဘယ်မှာ
ဘယ်တုန်းက
ဘယ်လို
ကျဆုံးကြတယ် ငါမသိ
ဘာမှမသိ
ငါသိတာက
ဘာကြောင့်၊ ဘယ်အတွက်
အမွန်မြတ်ဆုံးနည်းနဲ့
သင်တို့ ကျဆုံးသွားကြတယ်။

‘အင်တာနေရှင်နယ်’
‘လွမ်းသူ့ပန်းခွေ’
ဒီလိုသီချင်းတွေဆိုတိုင်း
တခါမှ မမြင်ဖူးတဲ့
သင်တို့ရဲ့ သွင်ပြင်တွေ
မြင်ယောင်နေမိပါရဲ့။

ငါ ယုံသည်
တနေ့သောအခါ
သင်တို့အကြောင်းတွေဟာ
အနုပညာသည်တွေ ဉာဏ်ကွန့်မြူးရာ
ကဗျာဆရာအတွက် စိတ်အစာ
လူငယ်တွေအတွက် စံဥပမာ
တမျိုးသားလုံးအတွက် ဂုဏ်ယူစရာ
လူတိုင်းရဲ့ရင်ထဲမှာ
ဂုဏ်ပြုကမ္ဗည်းလွှာ
မုချဖြစ်လာမှာ။ ။

ဖိုးသံ (လူထု)


 

No comments: