Wednesday, May 30, 2012

ဖယောင်းတိုင်မီးနဲ့ ကျွန်တော် (မောင်ဝံသ)

ဒီတစ်ပတ် ပြောစရာတွေ ပြောချင်တာတွေ အတော်များသဗျ။ ကျွန်တော်က ပြည်သူ့ခေတ် ဂျာနယ်တွင်မက တစ်ခြား အပတ်စဉ်ထုတ်ဂျာနယ် တချို့မှာပါ ဆောင်းပါးတွေ ရေးနေတော့ တစ်ခါတစ်လေ ရေးစရာ ကုန်ကြမ်းရှားတဲ့ အချိန်တွေနဲ့ ကြုံရတတ်တယ်။ အဲသလို အချိန်မျိုးဆိုရင် လတ်တလော သတင်းဖြစ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ရေးသားတဲ့ ကျွန်တော်ရေးနေကျ ပုံစံကနေ ဘယ်တော့ပဲ ပြောပြော မရိုးနိုင်တဲ့ အကြောင်းအရာမျိုးတွေဘက်ကို လှည့်ရေးရတယ်ဗျ။

မရိုးနိုင်တဲ့ အကြောင်းအရာတွေ 

အဲဒီအကြောင်းအရာတွေကတော့ ဘယ်အခါမှ မရိုးတဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူလူထုအပေါ်မောက်မာတဲ့ အာဏာပိုင် အဆင့်ဆင့်အကြောင်း၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများကို ဖော်ထုတ်ဖယ်ရှားရေး၊ အရည်အချင်းပြည့် နိုင်ငံရေးသမားများ မွေးထုတ်ရေး စတာတွေပဲ ဖြစ်တယ်ဗျာ။

ခုရက်ပိုင်းအတွင်း သတင်းဖြစ်ရပ်အသစ်တွေ အတော်ကလေးများခဲ့တယ်။ စက်ရုံအလုပ်သမလေးတွေ ဆန္ဒပြကြတာ၊ လျှပ်စစ်မီး ပြတ်တောက်လွန်းလို့ ဖယောင်းတိုင်မီးတွေ ကိုင်မြှောက်ဆန္ဒပြကြတာ၊ ဒုတိယသမ္မတတစ်ယောက် နှုတ်ထွက်စာတင်တယ်လို့ သတင်းထွက်တာ၊ နိုင်ငံတော်သမ္မတကြီး ကျန်းမာရေး စိုးရိမ်ရသလိုလို ပြောကြဆိုကြတာ၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးထွက်ဖို့ စီစဉ်တာ စသည်ဖြင့် သတင်းသမားတွေအကြိုက် သတင်းထူးတွေ ဖြစ်ပေါ်ခဲ့တယ်ဗျ။

ဆန္ဒပြတာ အနှောင့်အယှက်လား 

ဆန္ဒပြတာတွေနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပ မိတ်ဆွေတချို့က ကျွန်တော့်ကို လှမ်းမေးတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်ရအောင် ကြိုးစားနေချိန်မှာ ဆန္ဒပြတာတွေကြောင့် အနှောင့်အယှက် မဖြစ်နိုင်ဘူးလား၊ ဆန္ဒပြတာတွေကို နှိပ်ကွပ်ရတာမျိုးတွေဖြစ်လာရင် ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်ရသလို ဖြစ်မသွားနိုင်ဘူးလားလို့ မေးတာပါ။


ကျွန်တော်က ဆန္ဒပြခြင်းရဲ့ ပကတိရည်မှန်းချက်အပေါ်မှာတည်တယ်လို့ ပြန်ဖြေလိုက်ပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ခလစာနဲ့ အလုပ်သမား ခံစားခွင့်တွေ တိုးတက်ရရှိဖို့ တောင်းဆိုဆန္ဒပြတာဟာ တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ဘာတစ်ခုမှ ထိခိုက်စေတာမဟုတ်လို့ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်သရွေ့ နှိပ်ကွပ် နှိမ်နင်းစရာ အကြောင်းကို မရှိဘူး၊ ဒါကြောင့် စိုးရိမ်စရာ မလိုဘူးလို့ ကျွန်တော့်အမြင်ကို ပြောလိုက်ပါတယ်။

တစ်ခုတော့ ရှိတယ်၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ (အလုပ်သမားဌာန အရာရှိများ) သုံးပွင့်ဆိုင်ရှိရာမှာ အစိုးရက အာဏာကို ကျင့်သုံးနိုင်တာဖြစ်လို့ သူ့အခန်းကဏ္ဍက ပိုအရေးကြီးတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား တစ်ဖက်ဘက်ကို လိုက်မိရင်လည်း ပြဿနာဖြေရှင်းရာမရောက်ဘဲ ပိုပြီး ကြီးထွားသွားနိုင်တယ်။ ဆန္ဒပြပွဲတွေကို ကိုယ်တိုင်သွားရောက်ပြီး သတင်းယူနေတဲ့ သတင်းထောက်အချို့က သူတို့ အတွေ့အကြုံကို ပြန်ပြောကြတာ နားထောင်ရသလောက်ကတော့ အလုပ်သမားအရာရှိတချို့ဟာ အလုပ်ရှင်တွေဘက်က ပိုစာနာနေကြသလိုလို တွေ့ရတယ်လို့ ဆိုတယ်ဗျ။ ခေတ်ပြောင်းနေပါပြီ ဆရာတို့၊ သတိလေးထားမိဖို့ ကောင်းပါတယ်။

အနိမ့်ဆုံးခံစားခွင့် ပြဌာန်းသင့်ပြီ 

သည်ပြဿနာတွေဟာ အနိမ့်ဆုံး အခြေခံအလုပ်သမားလစာနဲ့ ခံစားခွင့်ကို ပကတိစားဝတ်နေရေးအခြေအနေနဲ့ ကိုက်ညီအောင် မဖြစ်မနေ ပြဌာန်းဖို့ လိုနေပြီဆိုတာကို ပြောနေတာပဲ ဖြစ်တယ်ဗျ။ အထူးသဖြင့် နိုင်ငံခြားက လာဖွင့်တဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်သူတွေဟာ ဥပဒေအရခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို တိတိကျကျရရှိကြဖို့အတွက် အလုပ်သမားများရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေများ ပြဌာန်းနိုင်ရေးကို အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သင့်ပါပြီ။ နောင်ဆိုရင် နိုင်ငံခြားကုမ္ပဏီတွေ အများကြီး ဝင်လာကြတော့မယ်။ ကိုယ့်လူမျိုး အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင် ဖန်တီးတည်ဆောက်ပေးရပါမယ်။

ဒေါ်လာစားတွေကို မရှုဆိတ်တဲ့ခေတ် 

အရင်တုန်းက နိုင်ငံခြားကုမ္ပဏီ နည်းနည်းပဲရှိခဲ့စဉ်က သူတို့ဆီမှာ အလုပ်လုပ်တဲ့ မြန်မာဝန်ထမ်းတွေကို နိုင်ငံခြားငွေနဲ့ လခပေးတော့ ဒေါ်လာ ၄၀၀၊ ၅၀၀၊ ၁၀၀၀ စသည်ဖြင့် ရကြသူတွေ ရှိခဲ့တယ်။ အဲဒီတုန်းက အစိုးရ တာဝန်ရှိသူတချို့ကကိုပဲ ‘ဒေါ်လာစား’ တွေအပေါ် မရှုဆိတ်နိုင်အောင် ဖြစ်ခဲ့ကြတယ်။ အစိုးရရဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်ထက်တောင် လစာ နှစ်ဆ သုံးဆများနေလို့ဆိုပြီး နိုင်ငံခြားကုမ္ပဏီရှိ မြန်မာဝန်ထမ်းတွေကို လစာလျှော့ပေးခိုင်းတာ ရှိခဲ့ဖူးတယ်။ သည်အကြောင်းကို ယခု ပြည်သူ့ခေတ်မှာ ဆောင်းပါးတွေရေးနေတဲ့ ကောင်းဆက်နိုင်သာ သိခဲ့ရင် “အံ့သြလွန်းလို့ သေတော့မယ်” ဆိုတဲ့ သူ့ခေါင်းစဉ်ကို အဲဒီကတည်းက ယူခဲ့မယ် ထင်တယ်ဗျ။ မယုံမရှိပါနဲ့၊ မြန်မာဝန်ထမ်းတွေကို လစာလျှော့ပေးဖို့နဲ့ မြန်မာငွေနဲ့ပဲ လစာပေးဖို့ တောင်းဆိုခဲ့ဖူးတာ အမှန်ဖြစ်ခဲ့ပါတယ်ဗျာ။

အုပ်ချုပ်ရေးမှူးများအကြောင်း 

စကားစပ်လို့ ယခု ထွက်သွားတဲ့ ပြည်သူ့ခေတ် (၂၄ မေ ၂၀၁၂) မှာ ကောင်းဆက်နိုင် ရေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ပိုင်ခွင့်များအကြောင်း ဆောင်းပါးကို ဖတ်မိကြပါရဲ့လား။ မဖတ်ရသေးရင် ဆက်ဆက် ဖတ်ဖြစ်အောင် ဖတ်လိုက်ကြပါ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးကောက်ပွဲနဲ့ ရွေးချယ်သင့်တယ်ဆိုတဲ့ တိုက်တွန်းချက် အပါအဝင် အကြောင်းအရာတွေကို နှစ်ကြိမ် သုံးကြိမ်ထက်မနည်း ရေးခဲ့ပြီးတဲ့ ကျွန်တော်သည်ပင် ကောင်းဆက်နိုင် ထောက်ပြသလောက် ကွက်ကွက်ကွင်းကွင်း မရေးခဲ့ဖူးဘူးဗျ။ အခု သူရေးတော့မှ သည်ရာထူးရှင်ရဲ့ လုပ်ပိုင်ခွင့်တွေက လူတွေကို အာဏာပြချင်ရင်ပြဖို့၊ ခြိမ်းခြောက်အနိုင်ကျင့်ချင်ရင် ကျင့်ဖို့ ဖန်တီးခွင့်ပြုထားသလို ဖြစ်နေတာကိုးဗျ။

“မသင်္ကာဖွယ် သူစိမ်းတွေ့ပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းနဲ့ ထူးခြားဖြစ်စဉ်များကို အချိန်နှင့် တစ်ပြေးညီ အစီရင်ခံခြင်း” တဲ့၊ နောက်ပြီးတော့လည်း “နိုင်ငံခြားသား ဝင်ထွက်သွားလာမှုကို သက်ဆိုင်ရာသို့ သတင်းပို့ခြင်း” တဲ့။ ဘယ့်နှယ် အုပ်ချုပ်ရေးမှူးဆိုတာ လက်စသတ်တော့ ထောက်လှမ်းရေး သတင်းပေး အလုပ်မျိုး တာဝန်ပေးခံရသလို ဖြစ်မနေပေဘူးလားဗျာ။ ဒီမိုကရေစီခေတ်မှာ ဒါမျိုးတွေ မရှိသင့်တော့ပါ၊ အမြန်ဆုံး ပြင်ဆင် ပယ်ရှားသင့်တယ်လို့ ပြောချင်ပါတယ်ဗျ။

ကောင်းဆက်နိုင်ရဲ့ သုံးသပ်ချက်တစ်ခုကိုလည်း ထပ်လောင်း ဖော်ပြလိုက်ပါရစေ။ “လစာမပေးခဲ့ရင်တောင် အလုအယက်လုပ်ချင်နေကြတဲ့ ဒီရာထူးကနေ ပြည်သူကို ကူညီစောင့်ရှောက်ဖို့ အလုပ်အကျွေးပြုဖို့ သက်သက်ဆိုတာကတော့ သံသယရှိစရာပါပဲ” တဲ့ဗျာ။ တစ်ခုတော့ ကျွန်တော်က ဖြည့်စွက်ပေးလိုက်ချင်တယ်။ အဲဒါကတော့ ရန်ကုန် မန္တလေး အစရှိတဲ့ မြို့ကြီးပြကြီးတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးအများစုကတော့ ပညာတတ် လူယဉ်ကျေးတွေများလေတော့ အဲသလို မဟုတ်ဘူးလို့ ပြောနိုင်မယ်ထင်ပါတယ်။ ဆိုးနေတာက ကျေးလက်တွေမှာ ဖြစ်တယ်ဗျ။ ကျေးရွာ အတော်များများမှာ အုပ်ချုပ်ရေးမှူးရာထူးရဖို့ ငွေကို သိန်းချီပေးပြီး လိုက်ကြတယ်။ ရာထူးရတော့ အစွမ်းကုန် ရှာဖွေတော့တာပါပဲတဲ့။ အစိုးရကို အထိရောက်ဆုံး နာမည်ဖျက်နိုင်သူတွေကတော့ သူတို့ပါပဲဗျာ။ 

ဖယောင်းတိုင်မီးနဲ့ ပေါင်းရတော့မယ်

ဟောဗျ၊ ကျွန်တော် သည်ဆောင်းပါးလေး ရေးနေတုန်း မီးပြတ်သွားတယ်ဗျာ။ ကျွန်တော်စာရေးရင် ကွန်ပျူတာနဲ့ ရေးတာကြာပြီ။ ခုရက်ပိုင်းတွေမှာ မီးက ပြတ်သလားမမေးနဲ့၊ ဘက်ထရီ အားပြန်ပြည့်လောက်အောင် မီးက မလာတော့ ယူပီအက်စ်နဲ့လည်း ဖွင့်မရတော့ဘူး။ သည်တော့ ဖယောင်းတိုင် ၃ - ၄ တိုင် ပူးထွန်းပြီး စာရွက်ပေါ်မှာ ဘောပင်နဲ့ ဆက်ရေးရတယ်ဗျ။ ကျွန်တော့်အိမ်က ဆူးလေဘုရားနဲ့ တစ်ခေါ်လောက်ပဲ ဝေးတယ်။ ညဦးပိုင်းသာဆိုရင် ဖယောင်းတိုင်ကိုင်ပြီး ဆန္ဒပြသူတွေနဲ့ သွားရောက်ပူးပေါင်းဖို့ပဲ ရှိတော့တာပေါ့ဗျာ။ ခုလည်း သည်ဆောင်းပါးနဲ့ ထောက်ခံလိုက်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေ လျှပ်စစ်မီး လုံလောက်စွာရရှိအောင် စီစဉ်ပေးဖို့ ဖရောင်းတိုင်မီးလေးတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ပန်ကြား တောင်းဆို ဆန္ဒပြနေကြခြင်းကို ကျွန်တော် အလေးအနက် ထောက်ခံကြောင်းပါဗျာ။

၂၃၊ ၅၊ ၂၀၁၂ 
maungwuntha@gmail.com 

(ယနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး) 


No comments: