Tuesday, May 22, 2012

ရန်ကုန်တက္ကသိုလ်နှင့် တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေး (မောင်ဝံသ)

မနေ့က ရန်ကုန်မြို့ Micasa Hotel မှာပြုလုပ်တဲ့ အမျိုးသား စိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြားပွဲ မှာ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူထံအိတ်ဖွင့်ပေးစာကို့ ဖြန့်ဝေလိုက်ပါတယ်။

ဒေါက်တာဦးမြင့်ရဲ့ ပြည်သူထံအိတ်ဖွင့်ပေးစာ စာတမ်းကို

https://www.facebook.com/#!/media/set/?set=a.462180547131079.125612.287336421282160&type=1

http://www.irrawaddyblog.com/2012/05/blog-post_7237.html

တို့မှာ ဖတ်ရှုနိုင်ပါတယ်။

ကျွန်တော်ကတော့ ဆရာမြင့်ရဲ့စာတမ်းကိုဖတ်ပြီး ကျေနပ်ပီတိဖြစ်လွန်းလို့ မျက်ရည်တောင်လည်မိပါတယ်။

ဆရာမြင့် ပြောထားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး သုံးသပ်တင်ပြချက် အားလုံးကို အပြည့်အဝ ထောက်ခံပါတယ်။


ရန်ကုန်တက္ကသိုလ်ကြီးကို တန်ဖိုးထားရကောင်းမှန်းမသိသူတွေက ဖျက်ဆီးဖို့ကြိုးစားခဲ့ပေမယ့် လုံးဝတော့ မပျက်စီးသွားသေးပါဘူး။ ပြန်လည်တည်ဆောက်ရင် ရနိုင်သေးတယ်လို့ ယူဆပါတယ်။

လောလောဆယ် ကြောက်ဖို့ကောင်းတာက နိုင်ငံခြား စီးပွားရေး လက်ဝါးကြီးအုပ်သမားတွေက ပြည်တွင်း သစ္စာဖောက်တွေနဲ့ ပေါင်းပြီး ရန်ကုန်တက္ကသိုလ်လို နေရာမျိုးကိုပါ မျက်စောင်းထိုး မျက်စိကျလာရင် ဘယ်လိုလုပ်ကြမလဲ။

ဆရာမြင့်က ရန်ကုန်တက္ကသိုလ်ကြီးကို ဧရာဝတီမြစ်ကြီးနဲ့နှိုင်းပြီး ရေးထားတာ အင်မတန် သရုပ်ပေါ်ပါတယ်။ ဧရာဝတီကို ကျွန်တော်တို့ကာကွယ်သလို ရန်ကုန်တက္ကသိုလ်ကြီးကို အန္တရာယ်ကင်းအောင် ကာကွယ်ရပါမယ်။ ဒါတင်မက နဂိုမူလအတိုင်း အစဉ်အလာကြီးမား၊ ဂုဏ်သိက္ခာမြင့်မားတဲ့ တက္ကသိုလ်ကြီးအဖြစ် ပြန်လည် တည်ဆောက်ရပါလိမ့်မယ်။

ဆရာမြင့်စာတမ်းထဲပါတဲ့ နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ပြန်လည်တည်ဆောက်ဖို့ နှိုးဆော်ချက်ဖြစ်ပါတယ်။ ၁၉၆၁ မှာ ကျောင်းသားနံပါတ် Number of Student - NS 39162 နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ပြီး ၁၉၆၇ ကျမှ ဘီအေဘွဲ့ရခဲ့တဲ့ ကျွန်တော့်အနေနဲ့ ဆရာမြင့်ရဲ့အဆိုအားလုံးကို ချွင်းချက်မရှိ ထောက်ခံပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သည်ကိစ္စနဲ့ပတ်သက်လို့ အလေးအနက် ပြောဆိုခဲ့ပြီးဖြစ်လို့ပါပဲ။

မနှစ်က ဇူလိုင် ၇ နဲ့ ဇူလိုင် ၈ နှစ်ရက်မှာ RFA အသံလွှင့်ဌာနက ကျွန်တော်နဲ့ အင်တာဗျူးကို နှစ်ရက် ဆက်လွှင့်ခဲ့ပါတယ်။

ပထမတစ်ခုက ဇူလိုင် ၇ ရက် အရေးအခင်းအကြောင်း ကျွန်တော် သိသမျှ ပြန်ပြောပြတာပါ။

ဒုတိယ အင်တာဗျူးက တကသ အဆောက်အဦကြီး မိုင်းခွဲ ဖျက်ဆီးခံရတာရယ်၊ ထိုစဉ်က တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အချို့က တကသကြီးကို ပြန်ဆောက်ပေးပါ့မယ်လို့ ကတိပြုတာရယ်အကြောင်း ပြောခဲ့တာပါ။ ကျွန်တော်က လာမည့်နှစ် ၂၀၁၂ ဟာ တကသကြီး ဖြိုဖျက်ခံရတာ နှစ် ၅၀ ပြည့်တဲ့နှစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တကသကြီးကို ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားကြပါစို့လို့ RFA အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

နောက်ခံအကြောင်းကတော့ ဒီလိုပါ။

ဇူလိုင် ၇ ရက်ပြီးတော့ ကျောင်းတွေပိတ်ချလိုက်ပြီး စက်တင်ဘာမှာ ကျောင်းပြန်ဖွင့်တယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေပေါ်လာတော့ ဒီတစ်ကြိမ်မှာ တော်လှန်ရေးကောင်စီက အင်အားသုံး မနှိမ်နင်းဘဲ ဆွေးနွေးရအောင်ဆိုပြီး ကျောင်းသားကိုယ်စားလှယ် လေးဦးကော်မတီကို ၁၉၆၂ နိုဝင်ဘာလထဲမှာ ဖိတ်ခေါ်ဆွေးနွေးတယ်။ လေးဦးကော်မတီထဲက ကိုတင်ထွန်းတစ်ယောက်ပဲ ကွယ်လွန်ပါသေးတယ်။ ကိုချစ်ဆောင် (ကသာ)၊ ကိုတင်အေး (မြင်းခြံ)နဲ့ အဲဒီတုန်းက ပဲခူးစိုးသိမ်းလို့သိကြတဲ့ ကျွန်တော် ပါဝင်ပါတယ်။ တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး ဒေါက်တာမောင်လွင်တို့ ပါဝင်ပါတယ်။

ဆွေးနွေးတဲ့အကြောင်းအရာ များစွာထဲက လောလောဆယ် သက်ဆိုင်တာကိုပြောရရင် တကသ အဆောက်အဦကြီးကို ပြန်ဆောက်ပေးပါ့မယ်၊ ကျောင်းသားတွေ စိတ်ကြိုက် ဗိသုကာလက်ရာပေးရင် ပေးတဲ့အတိုင်း ဆောက်ပေးမယ်၊ ယခင်မူလပုံစံအတိုင်း ပြန်လိုချင်ရင်လည်း အရင်အတိုင်း ဆောက်ပေးပါမယ်လို့ သူတို့က ပြောလာပါတယ်။

ကျွန်တော်တို့က တကသ အဆောက်အဦကို သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့ဘာသာ ပြန်ဆောက်မယ်၊ မိဘ ပြည်သူတွေက ကျွန်တော်တို့ကို ကူမှာပါလို့ ပြန်ပြောခဲ့ပါတယ်။ နောက်နှစ်လလောက်ကြာတော့ ကျွန်တော်တို့ဘာသာ တဲတန်းလျားကြီးတစ်လုံးဆောက်ပြီး တကသ အဆောက်အဦလို့ သမုတ်ခဲ့ပါတယ်။ အဲဒီအဆောက်အဦလည်း ၁၉၆၃ ဒီဇင်ဘာလမှာ ဖြိုဖျက်ခံလိုက်ရတာပါပဲဗျာ။ ဒီနေရာမှာ မှတ်သားဖို့ကတော့ တကသ အဆောက်အဦးကို နှစ်ကြိမ် အဖျက်ခံရတယ် ဆိုတာပါပဲ။

၁၉၈၈ အရေးတော်ပုံအတွင်း သမ္မတ ဒေါက်တာမောင်မောင်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ၃ လအတွင်း ကျင်းပပေးပါမယ်လို့ ကတိပေးတဲ့ မိန့်ခွန်းအဆုံးမှာ တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးကိုလည်း ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရအောင်လို့ ကတိပေးသွားပါသေးတယ်။ ဘာပဲပြောပြော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့လုပ်ရပ်အတွက် ဆင်ခြင်တုံတရားရှိသူတိုင်းဟာ အပြစ်ရှိတယ်လို့ ခံစားမိကြမှာပါပဲ။

ဆရာဒေါက်တာဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာနဲ့ ဒီကိစ္စတွေကို နှိုးဆော်လိုက်တာ အင်မတန်မှ ကျေးဇူးတင်ဖို့ကောင်းပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးကို ကယ်တင် ဆယ်မရေးနဲ့ တကသ အဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေးကို ပြည်သူအားလုံးက စိတ်ဓာတ်ရေးရာ တာဝန်သိမှုဖြင့် ဝိုင်းဝန်းကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါကြောင်း။

maungwuntha@gmail.com 

No comments: