Wednesday, April 25, 2012

လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှုစာသား ပြောင်းလဲခြင်း (မောင်မောင်ဝမ်း)

မီဒီယာမှာ ကျမ်းသစ္စာကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ပေးရေးနဲ့ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ ပညာယူစရာ၊ ဆင်ခြင်နိုင်စရာ၊ မှတ်သားစရာတွေ မကြားရပဲ အာဏာကို ဘယ်လောက် ငန်းငန်းတက်နေသလဲဆိုတာ လူသိအောင် ကိုယ့်အထုပ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်။ ဦးအောင်သောင်း တို့၊ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ။

တိုင်းပြည်ရဲ့ပြဿနာကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ အရိပ်အရောင် တခုမှ မတွေ့ရဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိ မျက်နှာပေးတွေနဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ရေးကိစ္စမှာ သူတို့က အထက်စီးကရှိနေလေတဲ့ လေသံတွေနဲ့ ပြောဆိုနေတာတွေ့ရတော့ အတော် စက်ဆုတ်မိတယ်ဗျာ။ မိမိ အတ္တကလွဲလို့ တိုင်းပြည်အရေးအတွက် အမျှော်အမြင် မရှိသူများအဖြစ် မှတ်တမ်းတင်ထားပါတယ်။

အမှန်တကယ်က တိုင်းပြည်ကို ပြန်လည်ဦးမော့စေချင်တဲ့ စေတနာကောင်းသာရှိမယ်ဆိုရင် တိုင်းပြည်စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာအောင်လုပ်ဖို့ လိုပါတယ်။ ဒီလို လုပ်ဆောင်ဖို့ဆိုတာ မိမိနိုင်ငံတံခါးကိုပိတ်ပြီး ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ဖို့ဆိုတာ ဆိုရှယ်လစ်ခေတ်မဟုတ်တော့ပါ။ နိုင်ငံတကာအကအူညီ အများကြီးလိုပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည်တည်ဆောက်မယ်ဆိုတဲ့လူတွေ လိုက်စုံစမ်းကြည့်ပါ။


သူတို့သားသမီးတွေ ဆွေမျိုးတွေအကုန် နိုင်ငံတကာလွှတ်၊ သူတို့ကိုယ်တိုင်က ဝတ်ထားတဲ့အဝတ်၊ စီးထားတဲ့ဖိနပ်ကအစ နိုင်ငံခြားဖြစ်မလွတ် ပါးစပ်ဖျားစကားကလွဲလို့ ဘယ်သူမှ လက်တွေ့ကျင့်ကြံတာ မရှိ။ ဒီတော့ … သေချာအောင် ထပ်ပြောချင်တယ်။ နိုင်ငံတကာ အကူအညီလိုတယ်။ တရုတ်လောက် ထိုင်းလောက်နဲ့ မြန်မာပြည် ဦးမမော့ဘူး စိတ်ချ။ အထူးသဖြင့် အနောက်အုပ်စုရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အများအပြားလိုတယ်။ အနောက်အုပ်စုက စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံတွင်းကို ဝင်ရောက်လာဖို့ လိုတယ်။ ဒါမှ တိုင်းပြည်စီးပွားရေး ဦးမော့မယ်။ သူတို့ ဘယ်လိုရောက်လာနိုင်မလဲ။

- လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်အောင်ရှင်းနိုင်တဲ့အခါ …

- တိုင်းပြည် ငြိမ်းချမ်းသာယာတဲ့အခါ …

ဒီလောက် ယျေဘူယသဘော ပြေလည်ရင်တောင် နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာနိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အကျပ်အတည်းပြေလည်အောင် လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာရော ပြည်သူကပါ ထောက်ခံမှု အပြည့်အဝ ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြေလည်ဖို့ လိုပါတယ်။ ဒီလို မပြေလည်သမျှကာလပတ်လုံး ဘယ်အနောက်အုပ်စု စီးပွားရေးအုပ်စုကမှ ဝင်ရောက်မလာတဲ့အပြင် စီးပွားရေး ပိတ်ဆို့ထားမှု ပွင့်လင်းလာရေးကိုလည်း မျှော်လင့်လို့ မရပါဘူး။ တိုင်းပြည်ငြိမ်းချမ်းသာယာဖို့၊ တရားဥပဒေစိုးမိုးဖို့ လိုပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား ညီအစ်ကိုများနဲ့ ချစ်ကြည်ရင်းနှီးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိဖို့ လိုပါတယ်။

ဒီအချက်ကို ပြည်သူတွေကလည်း မျှော်လင့်ကြတယ်။ သူတို့ မျှော်လင့်ချက်တွေ အကောင်ထည်ဖော်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံထောက်ခံကြတယ်။ ပုံမဲပေးကြတယ်။ မဲအောင်နိုင်တယ်။ ပြည်သူတွေ ပျော်ကြတယ်။ ဒီလိုအပျော်တွေက မကုန်သေးခင်ဘဲ လွှတ်တော်ထဲဝင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုရေး စာသား အခက်အခဲက လာခုနေလေတော့ ရှေ့ကို ဘယ်လိုခရီးဆက်ကြမလဲ။ စဉ်းစားစရာတွေ၊ ရင်မောစရာတွေ၊ ဒေါသထွက်စရာတွေအပြည့်နဲ့ အမျိုးမျိုးသော ဝေဖန်ချက်တွေ အပြည့်နဲ့။

ဒီနေရာမှာ ပြဿနာတခုက ကျမ်းသစ္စာကျိန်ဆိုရေးစာသားကိစ္စမှာ NLD လုပ်ရပ် မှန်တယ်ဆိုတာ ကျနော် ထောက်ပြခဲ့ပြီးပါပြီ။ သို့သော် NLD အနေနဲ့ ပြောလို့မရတာတွေ၊ မပြောသင့်တာတွေ သူတို့မှာရှိတယ်။ ဒါက ဘာလို့လဲဆိုတော့ အစိုးရနဲ့ နားလည်မှုတည်ဆောက်နေဆဲကာလ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တံခါးကို စတင်ဖွင့်လှစ်ဆဲကာလများဆိုတော့ အပြောအဆို၊ အနေအထိုင် သတိထားရတယ်။ အရာရာ သတိထားရတယ်။ အရင် NLD မဟုတ်ဘူး။ လူထုက တခါ … အာဏာအပ်နှင်းထားခံရတဲ့ (Mandate power) တရားဝင်ရထားတဲ့ ပါတီ။ နိုင်ငံတကာရော၊ အစိုးရရော၊ ပြည်သူများကပါ အချိန်ပြည့်စောင့်ကြည့်ခံနေရတဲ့ ပါတီ …။ ဒီတော့ ... သူတို့ရဲ့ ပြုမူဆောင်ရွက်၊ ပြောဆိုချက်တွေဟာ … အရပ်ဆန်လို့ မရဘူး။ ထင်တာတွေ၊ ခန့်မှန်းတွေနဲ့ လျှောက်ပြောလို့ မရဘူး။ ဟိုကွေ့ကို ဟိုတက်နဲ့လှော် … ဒီကွေ့ကို ... ဒီတက်နဲ့ လှော်လုပ်လို့ မရဘူး။ ကတိတွေကို လွယ်လွယ်ပေးလို့ မရဘူး။ ဒီအချက်တွေကိုတည်မှီပြီး အခွင့်သာခိုက် အလစ်ချောင်း တိုက်ခိုက်ချင်သူများကလည်း လက်လှမ်းမှီရာ ဒဿန အတွေးအခေါ်တွေနဲ့ တိုက်ခိုက်ကြပေါ့။

သို့သော် မြန်မာ့နိုင်ငံရေးမှာ ကံကောင်းတယ်လို့ပြောနိုင်တဲ့ အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးကိုလိုလားသူ သမ္မတ ဦးသိန်းစိန်လို၊ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလို လူမျိုးတွေ ပေါ်ပေါက်လာလေတော့ နည်းနည်းတော့ အနာဂတ် ရောင်ခြည်တန်းလေး မြင်နေရပြီလားလို့ တွေးမယ်ဆို တွေးနိုင်ပါတယ် (ဒါပေမယ့် မသေချာသေး)။ ဒီနေရာမှာ ကျနော့်ရင်ထဲ ကလိကလိဖြစ်နေတာရှိတယ်။ ဒါက … ဦးဋ္ဌေးဦးနဲ့ ဦးအောင်သောင်း အင်တာဗျူးကို နားထောင်လိုက်ရတဲ့အခါ ဘာသွားတွေ့ရသလဲဆိုတော့ …

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံခြင်းမှထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ် သိပ်အစာကြေချင်ပုံ မရဘူး။ ဦးသိန်းစိန်ကိုလည်း အထက်လူမို့သာ သည်းခံထားရတယ် သိပ်ကျေနပ်ချင်ပုံ မရဘူး။ ဦးဋ္ဌေးဦး ပြောတဲ့ စကားတွေမှာဆို သဘောက … ခင်ဗျားတို့နဲ့ပြေလည်တဲ့ သမ္မတက သူ့ ပါဝါရှိသလောက် သူ လုပ်ပေးပြီးသွားပြီ၊ အခု ကျမ်းသစ္စာကျိန်ဆိုရေး စာသားပြောင်းလဲပေးဖို့ကိစ္စက သမ္မတ တယောက်ထဲ လုပ်လို့မရဘူး။ ကျုပ်တို့ လွှတ်တော်က လုပ်ပေးမှရမှာ ဒီအလုပ် ကျုပ်တို့ မလုပ်နိုင်ဘူး၊ လုပ်မပေးနိုင်ဘူး။ (ဒီအဓိပ္ပာယ် သက်ဝင်နေတယ်)…။ နောက်တခါ ဒီ စာသားပြဿနာဆိုတာ ဘာမှ အရေးမကြီးတဲ့ပုံစံ။ ( NLD ဘက်က ဘယ်လောက်ပဲ အရေးကြီးတယ် သဘောထားထား) ပြင်ရမယ်ဆိုရင်တောင် လွှတ်တော်မှာ အဆိုတင်၊ မဲခွဲ … ၇၅% စသဖြင့်ပေါ့ … လုပ်ရမှာ။ အရေးမကြီးတဲ့ကိစ္စမို့ မလိုအပ်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရမှာ (Amandment) ကို အလိုမရှိ …။

ဒါဆို ကျနော် အကြံပြုချင်တယ် …။

လူကြီးမင်းတို့ ပြောသလို၊ စဉ်းစားတွေးခေါ်လုပ်ဆောင်နေသလို ကျမ်းသစ္စာကျိန်ဆိုရေး စာသားပြောင်းလဲပေးဖို့ကိစ္စမှာ … ခင်ဗျားတို့လိုလူတွေ မလိုအပ်တဲ့၊ လွှတ်တော်လည်း ဘာမှ မလိုအပ်ဘဲ လုပ်လို့ရတဲ့ သာဓကတွေ … ကမ္ဘာမှာရှိခဲ့ဖူးတယ်။ ဒါကို ကျနော် ထောက်ပြမယ် …။

Informal amendment (အခြေခံဥပဒေ၏ သာမန်အစိတ်အပိုင်းများကို ပြုပြင်ခြင်း)

နိုင်ငံတော်တော်များများက အခြေခံဥပဒေများကို လေ့လာကြည့်တဲ့အခါ ဘယ်နိုင်ငံမှာမှ ပြည့်စုံတဲ့ ဟာမရှိဘူးဆိုတာ ဝန်ခံထားကြပါတယ်။ သို့သော်လည်း တတ်နိုင်သလောက် ပြင်ဆင်စရာမလိုအောင် ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ ဥပဒေတွေထဲမှာ အားနည်းချက်တွေလည်း ရှိပါတယ်။ လုံးလုံးလျားလျား ပြင်ဆင်ဖြည့်စွက်ဖို့၊ လိုအပ်လို့ ပြင်ဆင်လိုက်ရတာကို (Amendment) လို့ ခေါ်ပါတယ်။ ဒါကတော့ အခြေခံဥပဒေထဲမှာပါရှိတဲ့ အဓိကအရာ (Main Article)ကို ပြုပြင်ခြင်း၊ ပြောင်းလဲပြင်ဆင် သတ်မှတ်ခြင်း၊ ဖျက်သိမ်းခြင်းများပဲ ဖြစ်ပါတယ်။ အဓိက (Main Article) မဟုတ်ဘဲ အဲဒီ့အထဲက လိုအပ်နေတဲ့ နားလည်မှု လွဲမှားသွားစေနိုင်တဲ့၊ အဓိပ္ပာယ် အမျိုးမျိုးထွက်စေနိုင်တဲ့ အချက်အလက်အချို့ကို ပြင်ဆင်ခြင်းကိုတော့ (informal amendment) လို့ ခေါ်ပါတယ်။ အဓိက (main article) ကို ပြုပြင်ခြင်းအတွက် အားလုံးသိနေကြသလို လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းမှ ထောက်ခံ၊ လူထုကလည်း အတည်ပြု စသဖြင့် (ဦးဋ္ဌေးဦး တို့၊ ဦးအောင်သောင်း တို့ ထင်နေသလို) လိုအပ်သော်လည်း Informal amendment ပြင်ဆင်ခြင်းမှာတော့ ဒါတွေ မလိုအပ်ပါဘူး။

What are the five ways that the constitution can be informally amended?

Five methods to informally amend the Constitution

1. Basic Legislation

a. Details were added by Congresses
b. Ways it interprets the Constitution and carries out its duties

2. Executive Actions

a. Presidential use of “Necessary and Expedient Clause”
b. Executive Agreement

3. Supreme Court Decisions

a. Marbury v. Madison

4. Political Parties

a. Nomination process
b. Election process

5. Custom

a. Cabinet
b. 2 terms per President
c. Presidential succession

(Link -http://dhsvideo.tripod.com/id2.html)

အထက်ဖော်ပြပါ အချက်များကတော့ အမေရိကန် အစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ (အခြေခံဥပဒေ၏ သာမန် အချက်အလက်များကို ပြုပြင်ခြင်း - informal amendment) ပါ။ အားလုံးကို တချက်ချင်း ရှင်းပြနေရင် ပေရှည်ပြီး လိုရင်း မရောက်မှာမို့ အဓိက အချက်ကိုပဲ တင်ပြပေးပါ့မယ်။ အထက်မှာ ဖော်ပြခဲ့သလို informal amendment ကို လွှတ်တော်မှာ တင်ဆွေးနွေး ၇၅ ရာခိုင်နှုန်းထောက်ခံ လုပ်စရာမလိုဘဲ သမ္မတ အခွင့်အာဏာနဲ့ လုပ်လို့ရကြောင်း အပိုဒ် (၂) မှာ ဖော်ပြထားပါတယ်။

အမေရိကားမှာ ကြုံတွေ့ခဲ့ဖူးတဲ့ သာဓကကို တင်ပြချင်ပါတယ်။ အမေရိကား ပြည်တွင်းစစ်အပြီးမှာ ကျွန်များကို လွတ်မြောက်ခွင့်ပေးတဲ့အကြောင်း ကွန်ဂယက် (မြန်မာပြည်လိုဆို လွှတ်တော်) ကနေ ဥပဒေကျမ်းကို အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့အခါ ကျွန်အများအပြားဟာ လွတ်မြောက်သွားခဲ့ပါတယ်။ သို့သော် ပြဿနာက ဘာဖြစ်သလဲဆိုတော့ ကျွန် အများအပြားကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ကျွန်ပိုင်ရှင်များက ဥပဒေပါပြဋ္ဌာန်းချက်ရဲ့ ဟာကွက်ကိုထောက်ပြီး ကျွန်များက မွေးဖွားလာတဲ့ သားသမီးမျိုးဆက်များကိုတော့ လွတ်မြောက်ခွင့် မပြုဘူး။ အဲဒီမှာတင် အရေးပေါ်အနေနဲ့ ဗဟိုတရားရုံးချုပ်ကနေ နောက်ဆက်တွဲဖြစ်တဲ့ မျိုးဆက် (descendants) ဆိုတာ ထပ်မံဖြည့်တင်းပေးခဲ့ရပါတယ်။ လွှတ်တော် မလိုအပ်ခဲ့ပါဘူး။ ဥပဒေပါ စကားလုံးများဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ မှတ်သားစရာပါ။ (ဥပမာဆိုပါတော့ အဲဒီနေရာမှာ Descendants အစား Sons and daughters ဆိုတာ ဖြည့်တင်းလိုက်ရင် ဘာဖြစ်နိုင်မလဲ။ မြေးတွေ၊ မြစ်တွေ၊ တီတွေ တွတ်တွေ ဒုက္ခရောက်မှာပေါ့)။ အလားတူ လွှတ်တော်မလိုဘဲ ပြင်ဆင်ဖြည့်စွက်ချက်ကို ဘယ်လ်ဂျီယံနိုင်ငံမှာလည်း ကြုံခဲ့ဖူးပါတယ်။ အခြား ကျနော် လေ့လာ မသိရှိသေးတဲ့ နိုင်ငံများလည်း ရှိဦးမှာပါ။

ကျမ်းကျိန်စာသား ပြောင်းလဲရေးကိစ္စဟာ တကယ်တော ဖွဲ့စည်းပုံအခြေခံဥပဒေ (Main Article) ကို ပြောင်းလဲခြင်း မဟုတ်ပါဘူး။ အစိတ်အပိုင်း (portion) ကိုသာ ပြောင်းလဲခင်းဖြစ်သည့်အတွက် လွှတ်တော်မှ အပြီးသတ်ဆုံးဖြတ်ပေးဖို့ မလိုအပ်ပါ။ တစုံလုံးကို ပြောင်းလဲခြင်း (Amendment) လုပ်ရန် မလိုပါ။

လက်ရှိ မြန်မာနိုင်ငံကဖြစ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုရေးစာသား အပြောင်းအလဲကိစ္စမှာ ပထမအဆင့် အခြေခံဥပဒေခုံရုံး (အခြားနိုင်ငံတွေမှာတော့ ဗဟိုတရားရုံးချုပ်)ကနေ ပယ်ချလိုက်ပါတယ်။ သို့သော် ပြဿနာမရှိ။ သမ္မတရဲ့ အခွင့်အာဏာ ကျန်ရှိနေပါသေးတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် နားလည်မှု တစုံတရာရှိမယ်။ သမ္မတဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အမျှော်အမြင်ရှိသူတယောက်ဖြစ်မယ်ဆိုရင် စိုးရိမ်စရာမလိုလောက်ဘူးလို့ ယူဆရပါတယ်။ ပြေလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။

တကယ်လို့ ဒီကိစ္စတွေကို ကျော်လွန်အောင်မြင်ပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်အတွင်း လျှောလျှောရှုရှု ဝင်ရောက်နိုင်ပြီး မိမိတို့ ရည်မှန်းချက်ပန်းတိုင်များကို အကောင်ထည်ဖော်နိုင်မည်ဆိုရင်ဖြင့် တိုင်းပြည်တိုးတက်ရေးထက် မိမိ အတ္တ မာနများကို ရှေ့တန်းတင်သော ဦးအောင်သောင်း၊ ဦးဋ္ဌေးဦးလို လူများ အပါအဝင် ကြံ့ဖွတ် တယောက်တလေမှ လွှတ်တော်နား မကပ်နိုင်အောင် ၂၀၁၅ မှာ ကြိုးစားကြပါစို့။

အားလုံးကို လေးစားစွာဖြင့်

မောင်မောင်ဝမ်း 


No comments: