Thursday, February 23, 2012

လွှတ်တော်နိုင်ငံရေး နှင်းဆီခိုင် အဖြစ်သို့ (မောင်ဝံသ)

“ပါတီကို သဘောတရားအရ ဦးဆောင်မှုပေးခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင် အခုကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုပါ အစောပိုင်းတုန်းက ဆက်လက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူဖြစ်တယ်ဗျ။ သူက နိုင်ငံရေးဆိုတာ လွှတ်တော်တွင်း နိုင်ငံရေးတစ်ခုတည်းရှိတာ မဟုတ်ဘူး။ လွှတ်တော် ပြင်ပနိုင်ငံရေးလည်း ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုသာရှိတယ်ဆိုရင် NLD ပါတီဟာလည်း တရားဝင်တယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း လုပ်လို့ရတယ်ဆိုတဲ့ သဘောထားနဲ့ ၂၀၀၈ အခြေခံဥပဒေက မွေးဖွားလာတဲ့ ရွေးကောက်ပွဲမှန်သမျှကို သပိတ်မှောက်ရေး ရပ်ချက်ကို ကိုင်စွဲထားခဲ့တာ ဖြစ်တယ်ဗျ …”

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပါအဝင် ယှဉ်ပြိုင်ကြမယ့်ပါတီတွေဟာ အခုဆိုရင် တရားဝင် မဲဆွယ်စည်းရုံးမှုတွေကို စတင်လုပ်ဆောင်နေကြပြီဖြစ်တယ်ဗျ။ 

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ဒီချုပ်ပါတီ ပြန်လည်ပါဝင်လာတဲ့ အဲဒီရွေးကောက်ပွဲဟာ အစိုးရသစ်လက်ထက်မှာ မြင်တွေ့ခဲ့ကြရတဲ့ အားတက်မျှော်လင့်စရာ မြင်ကွင်းတွေအရရော ပြည်တွင်း ပြည်ပက စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်လေ့လာ အကဲခတ်နေကြမယ့် အနေအထားအရပါ ယေဘုယျအားဖြင့် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆထားတယ်ဗျ။

လွှတ်တော်ထဲ ရောက်သွားမယ်

ကိုယ်စားလှယ် အများဆုံးနဲ့ အနိုင်ရသွားမယ်ဆိုတာကို အတတ်မပြောနိုင်ပေမယ့် လောလောဆယ် မြင်တွေ့ကြားသိနေရတဲ့ အခြေအနေတွေအရ ရာခိုင်နှုန်းအတော်များများ ပြောနိုင်တာတစ်ခုကတော့ NLD ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ်တချို့ လွှတ်တော်ထဲရောက်သွားမှာဖြစ်တယ်ဆိုတဲ့ အချက်ပဲဗျ။

အားလုံးသိကြတဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို ထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့ပေမယ့် နိုင်ငံအရေးအရာများကို စီမံခန့်ခွဲခွင့် မရရှိခဲ့တဲ့ NLD ဒီချုပ်ပါတီဟာ အဆင့်ဆင့်သော ပါတီခေါင်းဆောင်များရဲ့ ကန့်ကွက်သူမရှိ တစ်ခဲနက်သဘောတူညီမှုနဲ့ ချမှတ်ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာ ဖြစ်တယ်ဗျ။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်မလာခင် နှစ်နှစ်ကျော်ကာလအတွင်း ပါတီကို သဘောတရားအရ ဦးဆောင်မှုပေးခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင် အခုကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုပါ အစောပိုင်းတုန်းက ဆက်လက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူဖြစ်တယ်ဗျ။ 

သူက နိုင်ငံရေးဆိုတာ လွှတ်တော်တွင်း နိုင်ငံရေးတစ်ခုတည်းရှိတာ မဟုတ်ဘူး။ လွှတ်တော် ပြင်ပနိုင်ငံရေးလည်း ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုသာရှိတယ်ဆိုရင် NLD ပါတီဟာလည်း တရားဝင်တယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း လုပ်လို့ရတယ်ဆိုတဲ့ သဘောထားနဲ့ ၂၀၀၈ အခြေခံဥပဒေက မွေးဖွားလာတဲ့ ရွေးကောက်ပွဲမှန်သမျှကို သပိတ်မှောက်ရေး ရပ်ချက်ကို ကိုင်စွဲထားခဲ့တာ ဖြစ်တယ်ဗျ။ NLD ကလည်း ဆရာကြီး ဦးဝင်းတင်ရဲ့ အဲဒီသဘောထားအတိုင်း ရပ်တည်ခဲ့တယ်ဗျာ။

အပြောင်းအလဲတွေကြောင့် ပြောင်းလဲတာ

ဒါပေမယ့် အခုတော့ NLD ရဲ့ ရွေးကောက်ပွဲသပိတ်မှောက်ရေး သဘောထားဟာ အတိတ်မှာကျန်ရစ်ခဲ့ပြီဖြစ်တယ်ဆိုတာ အားလုံးအသိ ဖြစ်တယ်ဗျာ။ NLDရဲ့ ရပ်တည်ချက် ဘာကြောင့် ပြောင်းသွားခဲ့ရတာလဲ။ အဓိက အကြောင်းရင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရရဲ့ အရေးပါတဲ့ အခြေခံသဘောထား ရပ်တည်ချက်တချို့ ပြောင်းလဲလာမှုပဲ ဖြစ်တယ်ဗျ။ အများမျှော်လင့်မထားခဲ့ကြတဲ့ အစိုးရရဲ့ အဲဒီသဘောထား အပြောင်းအလဲတချို့ပေါ် မူတည်ပြီး NLD က သူ့ရဲ့မူလရပ်တည်ချက်ကို စွန့်လွှတ်ပြီး လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရတယ်ဗျ။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆရာဦးဝင်းတင်က ဒါဟာ မိမိတို့ရဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို လွှတ်တော်ထဲသို့ တိုးချဲ့တာသာဖြစ်တယ်လို့ ပြောဆိုထားပြီး ဒုတိယအကြိမ် မှတ်ပုံတင်ပြန်တင်တဲ့ NLD ပါတီမှာ ဥက္ကဋ္ဌဖြစ်လာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့ပါတီ ရွေးကောက်ပွဲဝင်တာဟာ အဓိကအားဖြင့် ရည်ရွယ်ချက်ကြီး ၃ ခုကြောင့်သာဖြစ်တယ်။ 

အဲဒါတွေကတော့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပေါ်ထွန်းလာစေဖို့၊ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေထဲက ပြည်သူတွေ အကျိုးစီးပွားနဲ့မကိုက်ညီတဲ့ အချက်တွေကို ပြင်ဆင်ဖို့တို့ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောထားတယ်ဗျ။

ရွေးချင်းရွေးမယ်ဆိုရင်

The Voice ဂျာနယ် အတွဲ (၈)၊ အမှတ် (၈) မှာ ဆောင်းပါးရှင် ကျော်လင်းဦးက ‘လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေး’ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးထားတယ်ဗျ။ 

သူက သူ့ဆောင်းပါးကို ‘အကယ်၍ လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေးနှစ်ခုအနက် တစ်ခုကိုရွေးချယ်ရန် စာရေးသူကို တစ်စုံတစ်ယောက်က မေးလာခဲ့လျှင် လွှတ်တော်နိုင်ငံရေးကိုသာ ရွေးချယ်မိမည်ဖြစ်သည်’ ဆိုတဲ့ ဝါကျနဲ့စထားပြီး ထိုင်းနိုင်ငံမှာ ရှပ်နီတွေက လွှတ်တော်နိုင်ငံရေး (တစ်နည်း) အခြေခံဥပဒေဘောင်အတွင်း နိုင်ငံရေးကို ကျောခိုင်းကာ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ကြတာကြောင့် လူအများအပြား သေဆုံးဒဏ်ရာရ၊ တိုင်းပြည်လည်း အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရကြောင်း ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာလည်း ရေရှည်မှာ လွှတ်တော်တွင်း နိုင်ငံရေးကို ဇောင်းပေးကြရမှာ ဖြစ်ကြောင်း ရေရှည်မှာ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်သူတို့သာ အဓိကဇာတ်ဆောင်များ ဖြစ်လာကြမှာဖြစ်ပြီး လွှတ်တော်ပြင်ပနိုင်ငံရေးမှာ လှုပ်ရှားနေသူတွေကတော့ ဇာတ်ပို့တွေသာဖြစ်လာကြမယ့်အကြောင်းနဲ့ နိဂုံးချုပ်ထားတယ်ဗျ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးကြောင့်

ကျွန်တော့်အနေနဲ့ ဆောင်းပါးရှင် ကျော်လင်းဦးရဲ့ အယူအဆနဲ့ပတ်သက်ပြီး လက်မခံနိုင်စရာ မရှိဘူး။ ဖြည့်စွက် ဆွေးနွေးစရာပဲရှိတယ်ဗျ။ အဲဒါကတော့ ရေရှည်မှာ လွှတ်တော်နိုင်ငံရေး ပိုမိုအားကောင်းလာပြီး လွှတ်တော် နိုင်ငံရေးသမားတွေသာ ‘ဇာတ်လိုက်’ တွေဖြစ်လာဖို့အတွက် လွှတ်တော်ဟာ အမှန်တကယ်ပြည်သူကို တစ်ရာရာခိုင်နှုန်း ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ဖြစ်လာဖို့ လိုတယ်ဆိုတဲ့အချက်ပဲ ဖြစ်တယ်ဗျ။

ဆိုလိုတာက အခုရှိနေတဲ့လွှတ်တော်ဟာ ဘယ်လို လွှတ်တော်လဲ။ လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရရှိထားတာ ဘယ်ပါတီလဲ။ အဲဒီပါတီဟာ ဘယ်လိုပေါ်ပေါက်လာသလဲ။ အဖွဲ့ဝင်တွေကို ဘယ်လိုစုဆောင်းခဲ့တာလဲ စတဲ့ စတဲ့ အချက်တွေဟာ ပြည်သူအားလုံး သိပြီးသားဖြစ်တယ်ဗျ။ အခုအချိန်မှာ အဲဒါတွေကို ပြည်သူတွေ ထုတ်မပြောကြတာက အတိတ်ကို ကျောခိုင်းစွန့်ခွာပြီး ပြည်သူ့ဆန္ဒကို အလေးထားကြောင်း တစ်နေ့တခြား ပိုပိုပြီး ပြသလာနေတဲ့ အစိုးရနဲ့ လွှတ်တော်ရဲ့လုပ်ရပ်တွေနဲ့ အတိတ်ထက် အနာဂတ်ကိုသာ ပိုပြီး အာရုံရောက်နေကြတဲ့ ပြည်သူတွေရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှလုံးသားကြောင့် ဖြစ်တယ်ဗျ။

မတို့မထိနေမှာ မဟုတ်

ဒါပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အတိတ်ကို အတိတ်မှာပဲထားခဲ့ရေးဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို မတို့မထိဘဲ နေမှာမဟုတ်ဘူးဗျ။ အခုကြွေးကြော်ထားတဲ့အတိုင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရလို့ လွှတ်တော်ထဲရောက်သွားတဲ့အခါ အခြေခံဥပဒေပြင်ဆင်ရေးကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်မှာပဲလို့ မျှော်လင့်ရတယ်ဗျ။ လူထုကလည်း ပြင်သင့်တာတွေကို ပြင်ဖို့ ကြိုးပမ်းကြတာကို အင်တိုက်အားတိုက် ဝိုင်းဝန်းပံ့ပိုး ကူညီကြမှာ သေချာတယ်ဗျာ။

၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေးထားချက်တွေအရ အနည်းဆုံး အဲဒီအချိန်အထိတော့ ဆက်ပြီးရှိနေဦးမှာဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး အင်အားစုတွေကလည်း အဲဒီလုပ်ရပ်ကို ထောက်ခံပံ့ပိုးကြမှာ ဖြစ်တယ်ဗျ။ အဲဒီအချိန်မှာ ပြည်သူတွေရဲ့ဆန္ဒတွေ လွှတ်တော်နိုင်ငံရေးနည်းလမ်းကတစ်ဆင့် အောင်မြင်ဖို့အရေးမှာ အခရာကျတာကတော့ နိုင်ငံ့ခေါင်းဆောင်များရဲ့ သဘောထားပဲဖြစ်တယ်ဗျာ။ ချောချောမွေ့မွေ့ ညင်ညင်သာသာ အောင်မြင်သွားမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးဟာ အမှန်တကယ်ပဲ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ ဖြစ်လာလိမ့်မယ် လို့ ကျွန်တော် ယုံကြည်နေတယ်ဗျာ။ 

၁၅၊ ၀၂၊ ၂၀၁၂

Popular News Journal 23၊ 02၊ 2012 ပါ မောင်ဝံသ ဆောင်းပါး။


 

No comments: