Wednesday, February 1, 2012

သံစဉ်မဲ့ဂီတတစ်ပုဒ် (ထိန်လင်း)

လမင်းက ဘော်ငွေရောင်အဆင်းဖြင့် ကြည်လင်အေးမြစွာ လင်းပလျက်ရှိသည်။ တောရိပ်တောင်ရိပ်များကလည်း တိတ်ဆိတ်စွာပင် လရောင်အောက်မှာ မှေးစက်လျက်ရှိသည်။ လရောင်၏အောက်၊ တောင်ညိုညို တောအုပ်အုပ်တို့၏ နံဘေး သောင်းရင်းမြစ်နဒီအတွင်း ဆူညံစွာအသံပြုကာ လျှပ်တိုက်ပြေးလွှားနေသည့် ရေယာဉ်ငယ်ကလေးပေါ်၌ ကျနော် လိုက်ပါလာခဲ့သည်။ အတိအကျဆိုရသော် ကျနော်တို့ လိုက်ပါလာခဲ့ကြသည်။ ကျနော်က လမင်းကိုတလှည့်၊ ဝန်းကျင်ကိုတလှည့် တရှိုက်မက်မက် ကြည့်နေမိသည်။ ပြီးတော့ အတွေးပေါင်းများစွာကို စိတ်ကူးထဲတွင် ရောင်စုံပန်းချီကား တစ်ချပ်ပမာ ဆေးခြယ်နေမိသည်။

ဤလရောင်အောက်က အိပ်မက်မက်ဖွယ်ကောင်းသည့်နေရာကလေးသည် အမှတ်မဲ့ကြည့်လိုက်ပါက ငြိမ်းချမ်းနေသယောင်၊ တည်ငြိမ်မှုရှိနေသယောင် မာယာမျိုးစုံဖြင့် ဟန်ဆောင်နေသည်ဟု ကျနော်က တွေးမိသည်။ တကယ့်ပစ္စက္ခအနေအထားကလည်း ထိုနည်းနှင်နှင်ပင်။ ကျနော်က ထာဝရမေ့ပျောက်၍ မရနိုင်သော ပုံရိပ်များကို စိတ်အာရုံထဲတွင် သိုလှောင်သိမ်းဆည်းရင်း အနာဂတ်တစ်ခုဆီသို့ ခရီးဆန့်သည်။ ထိုအတွင်း ကျနော့်အတွေးသိုလှောင်ရုံ အတွင်းက ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသည့် ညကလေးတစ်ညကို ပြန်မြင်နေရသည်။ ထိုည၏ ထင်းမီးပုံကလေးမှ အပူငွေ့ကလေးက ကျနော့်အား နွေးထွေးစွာ ကြိုနေသည်။ ကျနော့်သွေးချင်းများ၏ ဂီတသံများကလည်း ကျနော့်ကို ငြိမ့်ညောင်းစွာ ပွေ့ဖက်ထားသည်။ ထိုညသည် အခိုက်အတန့် ပြာလွင်သော နှစ်လိုဖွယ်ညတစ်ညတော့ ဖြစ်ပါလိမ့်မည်။

ထိုညတွင် ဖိုထားသောမီးပုံကလေး၏ နံဘေး၌ ကျနော်တို့ ဝိုင်းဖွဲ့ထိုင်ခဲ့ကြသည်။ အများစုက ဆယ်ကျော်သက်ရွယ် လူငယ်များ။ သို့ပေမယ့် ထိုနေရာရှိလူအားလုံး လာရောက်ဝိုင်းဖွဲ့ခြင်းတော့ မဟုတ်။ အချို့က အတန်ငယ် ကွာလှမ်းသောနေရာ၌ တာဝန်တစ်ခုဖြင့် ရောက်နေကြသည်။ စုဝေးထိုင်နေကြသူများတွင်လည်း ပုံစံချင်းမတူကြ။ တချို့က အားလုံးအတွက် ဂီတတေးချင်းကို သီကျူးရန် ဂီတာကို ကိုင်ထားကြသည်။ တချို့ကတော့ အားလုံးအတွက် လုံခြုံမှုကို ကာကွယ်ရန် သေနတ်ကို ကိုင်ထားကြသည်။ တူညီသည့်အချက်ကတော့ အားလုံး၏ မျက်နှာများတွင် ကြည်နူးမှုများ ကိန်းဝပ်နေခြင်း ဖြစ်သည်။ ကျနော်ရောက်နေသည်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ တပ်စခန်းတစ်နေရာဖြစ်ချေသည်။

တောရိပ်တောင်ရိပ်များ၏ အုပ်ဆိုင်းမှုကိုအံတုနေသည့် လပြည့်ည လရောင်အောက်ဝယ် ကျနော်တို့က တေးသီချင်းများကို နားဆင်၍တစ်မျိုး၊ သံပြိုင်လိုက်ဆိုလျက်တစ်ဖုံဖြင့် ပကတိတိတ်ဆိတ်နေသည့် တောကို အနိမ့်အမြင့်မညီသည့် သံစဉ်များဖြင့် တန်ဆာဆင်ဖို့ကြိုးစားနေခဲ့ကြသည်။

ထိုအခိုက်အတန့်ကလေး၌ လောကကြီးက အလွန်တရာ ငြိမ်းချမ်းနေပေသည်။ ထိုတဒင်္ဂကလေးကို ကျနော်က ထာဝရ ငြိမ်းချမ်းသည့် နယ်မြေတစ်ခုဆီ သယ်ဆောင်သွားချင်သည်။ သို့သော်လည်း စိတ်ကူးသည် တကယ့်ကို စိတ်ကူးမျှသာ ဖြစ်သည်။ လမင်းက ဤတောရိပ်တောင်ရိပ်များကို လင်းချင်းအောင် ဆောင်ကြဉ်းပေးနိုင်စွမ်းမရှိသကဲ့သို့ လူများစွာ၏ ဆန္ဒများကလည်း အိပ်မက်တစ်ခုမျှသာ ဖြစ်နေချေဦးမည်။ လမင်းကို ရန်လိုသူများက မာန်တင်းကာ ထွန်းညှိနေရသည့် အလင်းဓာတ်အင်အားကိုပင် မာယာမျိုးစုံဖြင့် ဖျက်ဆီးကောင်းဖျက်ဆီးဦးမည်။

ကျနော့်ရှေ့မှောက်တွင် လူငယ်ကလေးတစ်ဦးက မြို့ပြ၏ အငွေ့အသက်ပါသော တေးချင်းတစ်ပုဒ်ကို သီကျူးနေသည်။ ကျန်သော လူငယ်ကလေးများကလည်း သူ့တေးပုခက်တွင် မှေးစက်ရင်း စိတ်ကူးအိပ်မက်ပေါင်းများစွာ မက်နေကြရော့မည်။ သို့သော်လည်း သူတို့၏ အာရုံ၌ အဘယ်သို့သော မြို့ပြများကို မြင်ယောင်ပါလိမ့်နည်း။ သူတို့သည် ဆယ်ကျော်သက်ရွယ် ပီဘိလူငယ်ကလေးများသာ။ သို့သော်လည်း သူတို့၏ဘဝကား မြို့ပြနှင့်ဝေးကွာသော အရပ်ဒေသတစ်ခုတွင် မြှုပ်နှံထားကြရသည်။ ထိုအရွယ်သည် ကျောင်းစိမ်းလုံခြည်ကို ဝတ်ဆင်ရမည့်အရွယ်ဖြစ်သော်လည်း စစ်ဝတ်စုံကို ဝတ်ဆင်ကာ စာသင်ခန်းမဟုတ်သော တောတွင်းတစ်နေရာတွင် ကြီးပြင်းနေရသည်။ ၎င်းတို့ကိုယ်စီ၌လည်း စာရေးကိရိယာများကို ကိုင်ဆောင်ကာ လွယ်အိတ်လွယ်ထားရမည့်အစား သေနတ်ကိုကိုင်လျက် ကျောပိုးအိတ်နှင့် စစ်လက်နက်အသုံးအဆောင်များကို သယ်ဆောင်နေကြရသည်။ သူတို့၏ လူငယ်ဘဝကား ၎င်းတို့ကိုယ်တိုင် မသိလိုက်မီမှာပင် ဆုံးပါးသွားမည့်သဘော ရှိပေသည်။

သားရဲထူပြောလှသည့် တောထဲတွင် လက်နက်ကိုယ်စီရှိသော ထိုလူငယ်ကလေးများသည် အပြင်ပန်းကြည့်လိုက်လျှင် မုဆိုးများပမာရှိသော်လည်း အမှန်မူသားကောင်များသဖွယ် ရှင်သန်နေကြရသည်။ တော၏ သားကောင်တော့ မဟုတ်၊ ခေတ်စနစ်ဆိုးကြီး၏ သားကောင်များပင်ဖြစ်ချေသည်။ လူငယ်ဘဝ ပျောက်ဆုံးနေရသော ထိုလူငယ်ကလေးများ၏ဘဝကို မည်သို့ကယ်တင်နိုင်ပါအံ့နည်း။ ရင်နာဖွယ်၊ ကြေကွဲဖွယ် အဖြစ်အပျက်များကိုရော အဘယ်သို့ ရှောင်ရှားကြပါမည်နည်း။ သမိုင်းရထားဘီးသည် ပမာဏ ကြီးမားသည့်အလျောက် ဆယ်စုနှစ်နှင့်ချီသောကာလတစ်ခုကိုပင် သူ့အဖို့ တိုတောင်းကောင်း တိုတောင်းပေလိမ့်မည်။ သို့သော်လည်း ထိုကာလအတွင်း ရင်းနှီးလိုက်ရသည့် အသက်ပေါင်း၊ ဘဝပေါင်းများစွာကို မည်သို့ပြန်လည် ပေးဆပ်မည်ဆိုခြင်းကမူ လွန်စွာခက်ခဲသော ပုစ္ဆာတစ်ခုဖြစ်သည်။

ကျနော့်ရှေ့မှောက်မှ လူငယ်များသည်ကား ၎င်းတို့နှင့်အလားတူ လူငယ်ဘဝဆုံးပါးနေရသည့် များစွာသော လူငယ်တို့၏ နမူနာပြယုဂ်မျှသာဖြစ်ချေသည်။ ထိုလူငယ်များသည် သိတတ်စအရွယ်ကတည်းက ‘စစ်’ ဆိုသည့် နေအိမ်တွင် ကြီးပြင်းလာခဲ့ရသည်။ ပြီးတော့ ထိုနေအိမ်၌ပင် ၎င်းတို့၏ ငယ်ဘဝကို မြှုပ်နှံထားကြရသည်။ ၎င်းတို့၏ အခြားဘက်တွင်လည်း သူတို့လိုလူငယ်များ ရှိနေသည်။ သို့သော် ပုံစံအနေအထားချင်းတော့ မတူကြ။ အခြားတစ်ဖက်က လူငယ်များသည် ‘တိုင်းပြည်ကို ကာကွယ်ရမည်’ ဆိုသည့် တုပ်နှောင်မှုပါသော စကားလုံးကြိုးများအောက်မှာ စစ်ကို ချဲ့ထွင်နေသူများ ဖြစ်မှန်းမသိဖြစ်နေရသည်။ ကျနော့်ရှေ့က လူငယ်များမှာမူ ထိုးစစ်များအား အကာအကွယ်ပြုရန် ရည်ရွယ်ရင်း စစ်ပြင်နေကြသူများဖြစ်သည်။

ခန္ဓွာကိုယ်တစ်ခုတည်းမှ ဘယ်လက်နှင့်ညာလက် ခိုက်ရန်ဖြစ်ပွားလျှင် သက်ဆိုင်ရာကိုယ်ခန္ဓွာသာလျှင် နာကျင်မည်ဖြစ်သကဲ့သို့ ယခုဖြစ်ပွားနေရသော ပဋိပက္ခသည်လည်း သက်ဆိုင်ရာတိုင်းပြည်သာလျှင် နစ်နာချေသည်။ ယခင်က အရှေ့တောင်အာရှတွင် အကြွယ်ဝဆုံးစာရင်းဝင်ခဲ့သော မြန်မာနိုင်ငံသည် ဒဏ်ရာအနာတရများဖြင့် ပြည့်နှက်လျက်ရှိနေပြီတကား။

ရန်သူမဟုတ်သောသူအချင်းချင်း ရန်မီးပျိုးခြင်းမှာ မငြိမ်းသောမီးကို မွှေးခြင်းလည်း ဖြစ်နိုင်သည်။ ဘယ်သူသည် အဓိက တာဝန်ရှိပါသနည်း။ တာဝန်ရှိသူက တာဝန်သိရပေမည်။ ထို့အပြင် ထိုတာဝန်ကို မလွဲမသွေလည်း ထမ်းဆောင်ပေမည်။ ခေတ်ဆိုး စနစ်ဆိုးသည် ထိုခေတ်နေလူငယ်များအား စစ်ဖြင့် ဖျားယောင်းလေ့ရှိသည်။ ဒေါသတရားဖြင့် သွေးဆောင်လေ့ရှိသည်။ အမုန်းမီးများဖြင့် လောင်မြိုက်လေ့ရှိသည်။ ထိုကျော့ကွင်းကား ရှောင်ထွက်ရန် ခက်ခဲလွန်းသည်။ သို့သော်လည်း အန္တိမတွင်မူ မဖြစ်မနေ ရုန်းထွက်ရပေမည်။ မိုးကောင်းကင်ကြီးသည် ၎င်း၏အောက်မှ လူသားများကို ကြည်ပြာရောင်ဝတ်ရုံသာ လွှမ်းခြုံထားစေချင်သည်ဟု ကျနော်က ထင်မိသည်။ သို့သော်လည်း စစ်ပွဲများ၊ အမုန်းတရားများကြောင့် ထွက်ပေါ်လာနိုင်သည့် ကမ္ဘာကြီး၏ ငိုရှိုက်သံကိုမူ မည်သူကမျှ ကြားကြမည်မဟုတ်ပေ။

တောသည် မာယာများ၏။ မြစ်က ပို၍မာယာများ၏။ သို့သော်လူသားက မာယာအများဆုံးဖြစ်သည်။ ထိုထက်တွေးသော် မာယာများစွာပြည့်နှက်လျက် ခွန်အားကြီးသောလူသားက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ အမှောင်ထုကြီးစိုးမှုကို လပြည့်ည၏ လရောင်က မကျော်လွှားနိုင်သည့်နည်းတူ အဓမ္မဖုံးလွှမ်းမှု များပြားနေသော ကာလပျက်ကြီးတစ်ခုအတွင်း ဓမ္မကလွှမ်းမိုးဖို့ ဆိုသည်မှာလည်း လွန်စွာခက်ခဲလှချေသည်။ ငြိမ်းချမ်းမှု နှင့် မငြိမ်းချမ်းမှုတို့ကြားတွင် နယ်နိမိတ်ပြု၍ စိတ်လက် မသာမယာ စောင့်ကြည့်နေရသည့် သောင်ရင်းမြစ်ကလည်း ကြေကွဲဖွယ်အဖြစ်အပျက်များကို မသက်မသာ ကြည့်ရင်း ယမ်းငွေ့များကင်းစင်သည့် လေနုအေးများကို ရှူရှိုက်လိုစိတ် ပြင်းပြနေမည်မှာမလွဲပေ။ အရာရာ လင်းချင်းလျက်ရှိသည့် ရိုးသားဖြူစင်သော နေ့တစ်နေ့ကို သူက မြင်ချင်နေပါလိမ့်မည်။

လွတ်လပ်ရေးနှင့်တပြိုင်တည်း မွေးဖွားကြီးပြင်းခဲ့သော ပြည်တွင်းစစ်အမည်ရှိ မုန်တိုင်းသည် အမှန်တကယ်ပင် အိုမင်း ရင့်ရော်ချေပြီလား၊ သို့တည်းမဟုတ် ကျန်းမာသန်စွမ်းလျက်ပင်ရှိနေပါသေးလား တွက်ဆသင့်ပေသည်။ မိမိတို့၏ ပုဂ္ဂလိက လိုလားတောင့်တချက်များအတွက်ဖြင့် သူ့ကို အားဆေးမှန်မှန် တိုက်ကျွေးဖို့ ပြင်ဆင်သင့်ပါရဲ့လား၊ လွန်စွာဆင်ခြင်သင့်ပါသည်။ ကမ္ဘာပေါ်တွင် ပတ္တမြားမြေဟု နာမည်ကျော်သော မြန်မာပြည်သည် အတိတ်ကာလတလျှောက်လုံး လူ့ခန္ဓွာများစွာမှ သွေးတို့ဖြင့် ပတ္တမြားရောင်ဖုံးလွှမ်းခဲ့ခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းလှသည်။ ထိုအမွေဆိုးကို မည်သူက အနာဂတ်ထိသယ်ဆောင်လိုပါသနည်း၊ မည်သူက အနာဂတ်သို့ သယ်ဆောင်နေပါသနည်း၊ မည်သူက အနာဂတ်ကို ကြိုတင်ဖျက်ဆီးနေပါသနည်း။ တိုင်းပြည် နေရာအနှံ့အပြားတွင် မြူဆိုင်းသလို ထွက်ပေါ်နေဆဲဖြစ်သည့် ယမ်းငွေ့များကား အနာဂတ်ကို ကိုယ်စားပြုမည့် လူငယ်များစွာ၏ ဘဝထိုထိုကို လောင်ကျွမ်းလိုက်ရာမှ ထွက်ပေါ်လာသည့် အခိုးအငွေ့များလေလား စဉ်းစားရခက်လှသည်။

လမင်းက ဘော်ငွေရောင်အဆင်းဖြင့် ကြည်လင်အေးမြစွာ လင်းပလျက်ရှိသည်။ တောရိပ်တောင်ရိပ်များကလည်း တိတ်ဆိတ်စွာပင် လရောင်အောက်မှာ မှေးစက်လျက်ရှိသည်။ လရောင်၏အောက်၊ တောင်ညိုညို တောအုပ်အုပ်တို့၏ နံဘေး သောင်းရင်းမြစ်နဒီအတွင်း ဆူညံစွာအသံပြုကာ လျှပ်တိုက်ပြေးလွှားနေသည့် ရေယာဉ်ငယ်ကလေးပေါ်၌ ကျနော်လိုက်ပါလာခဲ့သည်။ သို့သော်လည်း ကျနော့်စိတ်ကား ရေယာဉ်ပေါ်တွင် မရှိ။ လရောင်အောက်ဆီမှ တောတန်းများပေါ်တွင် ဝဲပျံလိုက်၊ မြစ်ရေထဲတွင် ပျော်ဝင်လိုက်၊ မီးဖိုငယ်ကလေးမှ မီးလျှံများကြား ပြေးဝင်လိုက်ဖြင့် စုတ်ချက်ကြမ်းသော ပန်းချီကားတစ်ချပ် ဖန်တီးနေလေသည်။ ထိုစဉ် မြစ်မင်းသည်လည်း ဂီတသံစဉ်များ ပုန်းအောင်းနေချေသည်တကား။ ။

ထိန်လင်း
၂ဝ၊ ၁၂၊ ၂ဝဝ၁


 

No comments: