Wednesday, January 25, 2012

သံတိုင်ကြားက မိန်းမသားများ (ထိန်လင်း)

A woman is like a tea bag - you can't tell how strong she is until you put her in hot water.

အမျိုးသမီးဆိုတာ လက်ဖက်ခြောက်ထုပ်ကလေးနဲ့ တူပါတယ်။ ရေနွေးပူထဲကို ထည့်လိုက်တဲ့အချိန်ကျမှ သူ့ရဲ့ ခွန်အား ဘယ်လောက်ရှိတယ်ဆိုတာ သိရမှာပါ။

အထက်ပါ အဆိုအမိန့်ကလေးက အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ရုစ်ဗဲ့ရဲ့ဇနီး အီလန်နို ရုစ်ဗဲ့ (Eleanor Roosevelt) ပြောဆိုခဲ့တဲ့ စကားရပ်ကလေးပါ။ တစ်ခွက်စာ လက်ဖက်ရည်ထုပ်ကလေးတွေကို ဘယ်လောက်ပူတဲ့ ရေနွေးထဲပဲထည့်ထည့် အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်သလိုပဲ မိန်းမသားတွေဟာလည်း တကယ့်အရေးကြုံလာတဲ့အခါ ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်တွေ ရှိနေတယ်လို့ ဆိုချင်ပုံရပါတယ်။ ဒါဟာ မလွဲမသွေ သဘောတူရမယ့်အယူအဆဖြစ်ပါတယ်။

ပင်ကိုသဘာဝအားဖြင့် မိန်းမသားများဟာ ယောက်ျားများထက် ခွန်အားနည်းတယ်ဆိုပေမယ့် အဲဒီလို အားနွဲ့တယ်လို့ ယူဆထားသူ မိန်းမသားများ စိတ်ဓာတ်ခွန်အားကြီးမားမှုတွေကို တော်ရုံယောက်ျားသားများ လိုက်မမီနိုင်တာတွေကို တွေ့ရတတ်ပါတယ်။ ဒီလို မိန်းမသားမျိုးတွေကို မိသားစုမှာပဲဖြစ်ဖြစ်၊ လူမှုရေး စီးပွားရေးနယ်ပယ်တွေမှာပဲဖြစ်ဖြစ် တွေ့နိုင်ပါလိမ့်မယ်။ ယုံကြည်ချက်တစ်ခုအတွက် ဘဝတွေ၊ အသက်တွေစွန့်ပြီး ခိုင်ခိုင်မာမာ ရပ်တည်သွားသူများကတော့ သူတို့ရဲ့ နာမည်ကို နောင်နှစ်ပေါင်းများစွာအထိ ကမ္ပည်းတင်သူများသာ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ကမ္ပည်းတင်နိုင်သူတွေ ကျနော်တို့နိုင်ငံမှာ ရှိနေပါတယ်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့ လှည့်ဖျားအုပ်ချုပ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အုပ်စိုးသူအဆက်ဆက်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေကိုလည်း ခံရတာပါပဲ။ ဒီလိုခံစားရတဲ့အခါ အားနွဲ့ပါတယ်ဆိုတဲ့ မိန်းမသားများက ခွန်အားကြီးလှတဲ့ အာဏာရှင်တွေကို စိတ်ဓာတ်အင်အားနဲ့ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒါဟာ ကိုလိုနီခေတ်ကနေ ယနေ့အချိန်ထိပါပဲ။
ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဇင်ရဲ့ ဇနီး ဒေါ်ကြည်ကြည်ဟာ ၁၉၅၉ ခုနှစ်က စလို့ အကြိမ်ကြိမ်အခါခါ အဖမ်းခံခဲ့ရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွင်းမှာ အကျဉ်းကျခံရတဲ့ကာလ အားလုံးပေါင်းလိုက်မယ်ဆိုရင် ၁၈ နှစ်ကျော်တောင်ရှိတယ်လို့ မှတ်တမ်းတင်သူတစ်ဦးက ဆိုပါတယ်။ နောက်ဆုံးအကြိမ် ထောင်ကပြန်လွတ်တာဟာ ၁၉၉၉ ခုနှစ်အတွင်းမှာဖြစ်ပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒါဟာ မှတ်တမ်းကို ဘဝနဲ့ရင်းပြီး ရေးသွားတာပါပဲ။

ဗိုလ်စက်ရောင် ခေါ် ဦးခင်မောင်ဟာ အသက် ၈ဝ မှာ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ထဲမှာ ကွယ်လွန်ခဲ့ရပါတယ်။ သူကွယ်လွန်ချိန်မှာ သူ့ရဲ့အလောင်းကို သူ့ဇနီး ဒေါ်ခင်ရီက ကြည့်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူဟာလည်း အင်းစိန်ထောင်ထဲမှာပဲ သမီးဖြစ်သူနဲ့အတူ အကျဉ်းကျနေရတာဖြစ်ပါတယ်။ ကိုယ်တိုင်က အကျဉ်းကျနေတဲ့အချိန်မှာ ခင်ပွန်းက အကျဉ်းကျရင်း သေဆုံးခဲ့တယ်ဆိုတဲ့အဖြစ်ဟာ တကယ်ကြေကွဲစရာ အဖြစ်ဆိုးတစ်ခုပါ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း မြန်မာအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ကွယ်လွန်တော့မယ့် ခင်ပွန်းသည်ကို တွေ့ခွင့်မရခဲ့ပါဘူး။

နိုင်ငံရေးယုံကြည်ချက်ကြောင့် အမျိုးသမီးအများအပြား အကျဉ်းကျရတာဟာ လက်ရှိအာဏာပိုင်တွေရဲ့လက်ထက်မှာ အဆိုးရွားဆုံးဖြစ်ပါတယ်။ မြန်မာမှုနယ်ပယ်မှာ ဖိုနဲ့မ ကို အကြီးမားဆုံး စည်းတားသလို ပိုင်းခြားနေတဲ့ အရှက်တရားကိုလည်း အကျဉ်းထောင်တွေက ဖြိုခွဲဖျက်ဆီးပစ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ သာမန်ရာဇဝတ်မှုနဲ့ အကျဉ်းကျသူတွေထက် အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားကြရပါတယ်။ အမျိုးသားတွေထက် ဗာဟီရများတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်တောင် ကောင်းမွန်သန့်ရှင်းတဲ့ရေကို လုံလုံလောက်လောက် မရခဲ့ပါဘူး။

လူလွတ်တစ်ယောက်အနေနဲ့တောင် ရပ်တည်နေထိုင်ဖို့ ခက်ခဲလှတဲ့ အကျဉ်းထောင်ထဲမှာ ကိုယ်ဝန်ဆောင်ဘဝနဲ့ အဖမ်းခံခဲ့ရသူတွေလည်း နေထိုင်ခဲ့ကြရတာပါပဲ။ သူတို့အနေနဲ့ ဘယ်လောက် ဆိုးရွားတဲ့အခြေအနေတွေကို ရင်ဆိုင်ရမယ်ဆိုတာကိုလည်း တွေးဆကြည့်နိုင်ပါတယ်။ နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်တဲ့ ဒေါ်ခင်စန်းနွယ်ဆိုရင် အကျဉ်းထောင်ထဲမှာ ဖြစ်သလို မီးဖွားခဲ့ရတဲ့အတွက် အူကျွံတဲ့ဝေဒနာကို နှစ်ပေါင်းများစွာ ဆက်လက်ခံစားခဲ့ရပါတယ်။ ဒါ့အပြင် လူမမယ် ကလေးကိုတောင် သန့်သန့်ပြန့်ပြန့် ထားခွင့်မရှိကြောင်း ခုလို ပြောပြခဲ့ပါတယ်။

“ကလေးကို ရေချိုးပေးဖို့လည်း ရေမရှိဘူး။ အနှီးလျှော်ဖို့လည်း ရေမရှိဘူး။ ရေကို သပ်သပ်သုံးခွင့်မရဘူး။ လူတွေအားလုံး ချိုးလိုက်လို့ ကျတဲ့ရေကိုပဲ သုံးရပါတယ်။ ရေအသန့်တစ်ခွက်ကို ခပ်လိုက်တယ်ဆိုရင်ပဲ ကျမ ကျောကုန်းကို တုတ်နဲ့ရိုက်တာ ခံခဲ့ရပါတယ်”

ရန်ကုန် အလုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းဆိုရင်လည်း ကင်ဆာရောဂါကို ခံစားနေရပြီး စစ်ထောက်လှမ်းရေးများရဲ့ အမျိုးမျိုးခြိမ်းခြောက်မှုတွေကြားက သူ့ရပ်တည်ချက်၊ ယုံကြည်ချက်ကို သေသည်အထိ ကိုင်စွဲသွားတယ်လို့ သူ့မိတ်ဆွေ ဒေါ်ခင်စန်းနွယ်က ပြောပြခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသူ မနှင်းမေအောင်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၁၉၉၈ ခုနှစ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခဲ့ပါတယ်။ သူ့ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်ဟာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေထဲမှာ အမြင့်မားဆုံး ပြစ်ဒဏ်ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူ့မိခင် ဒေါ်အေးမြင့်သန်းဟာ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခြင်းခံခဲ့ရပါတယ်။ မနှင်းမေအောင်ဟာ အင်းစိန်ထောင်ကနေ သရက်ထောင်၊ အဲဒီကနေ အင်းစိန်ထောင်၊ ပြီးတော့ မြောင်းမြထောင်ကို အပို့ခံခဲ့ရပါတယ်။ ဒေါ်အေးမြင့်သန်းကိုလည်း မြောင်းမြထောင်ကနေ ပုသိမ်ထောင်၊ အဲဒီကမှ မြောင်းမြထောင်ကို ပြန်ပို့ခဲ့ပါတယ်။ ရန်ကုန်မှာနေထိုင်တဲ့ အပြင်က မိသားစုတွေအနေနဲ့ သူတို့ကို ထောင်ဝင်စာတွေ့နိုင်ဖို့ ဘယ်လောက်ထိ ခက်ခဲမယ်၊ သူတို့အနေနဲ့လည်း အကြိမ်ကြိမ် ထောင်ပြောင်းခံခဲ့ရတဲ့အတွက် ဘယ်လောက်ဒုက္ခရောက်ရမယ်ဆိုတာ မှန်းဆကြည့်ရုံနဲ့ သိနိုင်ပါလိမ့်မယ်။

တကယ်တော့ မြန်မာနိုင်ငံအတွင်းမှာ အဲဒီလို အဖြစ်ဆိုးတွေကို ရင်ဆိုင်နေကြရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ အများအပြား ရှိနေပါတယ်။ တချို့သော အမျိုးသမီးတွေဆိုရင် အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေးဆိုးဝါးမှုတွေကို ခံစားနေရပါတယ်။ ဒါပေမယ့်လည်း အကျဉ်းထောင်အာဏာပိုင်တွေက ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့ခြင်း မရှိပါဘူး။ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ကောင်းမွန်စွာ ဆက်ဆံတယ်၊ လိုအပ်တဲ့ ကျန်းမာရေး လူမှုရေးဆောင်ရွက်မှုတွေ လုပ်ပေးတယ်ဆိုတာက ဒဏ္ဍာရီပုံပြင်တစ်ခုလို ဖြစ်နေပါတယ်။ အကျဉ်းကျတွေက တောင်းဆိုလွန်းလို့ မဖြစ်မနေ လိုက်လျောရရင်တောင် စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ပေးတယ် လို့ ကိုယ်ရည်သွေးချင်တဲ့အနေအထားမျိုးတွေ ရှိနေတယ် မဟုတ်ပါလား။

မိခင်လောင်းလျာတွေ၊ မိခင်တွေ၊ လူသားမျိုးဆက်ကို ဖန်တီးနိုင်သူတွေစတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ အားနွဲ့ပါတယ်လို့ ကာလရှည်လျားစွာ သတ်မှတ်ခြင်းခံခဲ့ရတဲ့ မိန်းမသားများဟာ မြန်မာနိုင်ငံအကျဉ်းထောင်အတွင်းက သံတိုင်တွေကြားမှာ သူတို့ရဲ့ ယုံကြည်ချက်၊ သူတို့ရဲ့ မျှော်လင့်ချက်၊ အနာဂတ် တိုင်းပြည်အတွက် ဘဝတွေ၊ အချိန်တွေကို ရင်းနှီးနေကြပါတယ်။ ဒါကို ကမ္ဘာကရော မြန်မာပြည်သူတွေကပါ မမေ့လျော့ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် သံတိုင်ကြားက မိန်းမသားများဟာ မလွဲမသွေ ဂုဏ်ပြုအပ်တဲ့ပုဂ္ဂိုလ်များဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ။

ထိန်လင်း
၁၉၊ ၅၊ ၂ဝဝ၃

ထိုင်းနိုင်ငံအခြေစိုက် ခေတ်ပြိုင်ဂျာနယ်တွင် ၂ဝဝ၃ ခုနှစ်အတွင်း ဖော်ပြခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Burma office - Japan မှ ဂျပန်ဘာသာဖြင့်ထုတ်ဝေသော Burma Journal တွင် ဖော်ပြခဲ့ပါသည်။


 

No comments: