Friday, January 27, 2012

အော်လ်တာနေးတစ် ငြိမ်းဝေ (ငြိမ်းဝေ)

မနက်မိုးလင်း
ကျနော် အိပ်ယာကနိုးတော့
ငြိမ်းဝေက မရှိတော့ဘူး။

ကျနော် ပြောတယ်
မင်း ဘယ်မှ မသွားရဘူး
မင်း ဘာမှ မလုပ်ရဘူး ပေါ့
ဒါ မအိပ်ခင်
သူ့ကို ထိန်းချုပ်စက်ခလုပ်ကို ပြ
မှာထားတဲ့ စကား။

ဒီကောင့်အကြောင်း
ကျနော် ကောင်းကောင်း သိတာပေါ့
ပထမ
လက်ဘက်ရည်ဆိုင်
ဒုတိယ
ကြောင်နှစ်ကောင် စာအုပ်ဆိုင်
တတိယ
ပန်းချီဆရာမလေး စိန်စိန်လင်း
စတုတ္ထ
မာနယ်ပလော ...။


ကျနော်
လက်ဘက်ရည်ဆိုင်ရောက်တော့
ငြိမ်းဝေကို
“ဂန်တာဂရပ်စ်” နဲ့
တစားပွဲထဲ ထိုင်နေတာ တွေ့ရတော့တာပဲ
ထုံးစံအတိုင်း
ဒီကောင်က ဆောင့်ကြွားကြွား
ကျနော့်ကို
တခါမှ မမြင်ဘူးသလို ကြည့်
ကျနော်
အားနာတယ်လေ
“ဂန်တာဂရပ်စ်” ဆိုတာ
ကမ္ဘာကျော် ဂျာမန်ကဗျာဆရာပဲ
ဒါနဲ့
စိတ်ကို လျော့
ဒေါသကို ထိန်း
လက်ထဲက ထိန်းချုပ်စက်ခလုပ်ကို ပြ
မင်း မြန်မြန် ပြန်လာခဲ့ပေါ့
လှည့်ပြန်မယ်အလုပ်
“ဂန်တာဂရပ်စ်” ကိုကြည့်တော့
“ဂန်တာဂရပ်စ်” က
သူ့ရဲ့ ဆယ့်တချောင်းမြောက်
လက်ချောင်းကလေးနဲ့ စားပွဲကိုခေါက်နေတာ
တွေ့ခဲ့ရတယ်။

အိမ်ပြန်ရောက်
တနာရီ နှစ်နာရီ
ငနဲက ပေါက်မလာသေးဘူး
ဒါနဲ့
စာအုပ်ဆိုင်ဆီ ချီရပြန်တာပေါ့
ဆိုင်ထဲမှာ
“အောင်ချိမ့်” “ဖော်ဝေး”
ငြိမ်းဝေနဲ့ ဘာတွေ ဆွေးနွေးနေကြ
ဆိုင်ထဲအဝင်
ငြိမ်းဝေက “နေပြည်တော် မာနယ်ပလော” ဆိုလား
နားစွန်နားဖျား ကြားလိုက်ရ
ကျနော်
အားနာတယ်လေ
သူ့ဘေးက လူတွေက မြန်မာ ကဗျာဆရာကျော်တွေပဲ
ဒါနဲ့ပဲ
စက်ခလုပ်ကိုပြ
မင်း မြန်မြန် ပြန်လာခဲ့ပေါ့
လှည့်ပြန်မယ် အလုပ်
ဆိုင်ထဲကို ကြည့်တော့
မျက်လုံး သုံးလုံးနဲ့ “အောင်ချိမ့်”
နား သုံးဖက်နဲ့ “ဖော်ဝေး”
ကျနော် တွေးလို့ မရခဲ့ဘူး။

အိမ်ပြန်ရောက်
တနာရီ နှစ်နာရီ
ဒီကောင် ပြန်မလာ
ဒါနဲ့
ပန်းချီဆရာမလေး “စိန်စိန်လင်း” ဆီ
သွားရပြန်တာပေါ့
ဒီကောင်လေ ပီဘိ ကလေးတယောက်လို
ရိုကျိုးနေလိုက်တာ
ဆရာမလေးက အိပ်ဇစ်ဆိုလား လိပ်ဖြစ်ဆိုလား ဆာရီယယ်လစ်ဆိုလား
ပြောနေ ဟောနေ
ကျနော်
အားနာတယ်လေ
ဆရာမလေးဆီမှာ တခါတရံ
ကျနော်
ထမင်း ဝင်စားခဲ့ဖူးတယ်မို့လား
ဒါနဲ့ပဲ
စက်ခလုပ်ကို ငနဲမြင်သာအောင် ထပ်ပြပြီး
အိမ်ပြန်မယ်အလုပ်
အိမ်ထဲကို သေသေချာချာကြည့်တော့
ပန်းချီဆရာမလေးက
လက် သုံးဖက်နဲ့ ပန်းချီဆွဲနေတာ တွေ့ခဲ့
ကျနော်
နဝေတိမ်တောင် ဖြစ်ပြန်ရ။

အိမ်ပြန်ရောက်
တနာရီ နှစ်နာရီ
ဒီကောင် ရောက်မလာပြန်ဘူး
ဒါနဲ့
“မာနယ်ပလော” ဘက် ထွက်ခဲ့ရ
တွေ့ပါတယ်
ဒီကောင် ပြေးမလွတ်ပါဘူး
ဒါပေမယ့်
သူ့ဘေးမှာ ဘယ်သူတွေလဲ
“ဦးဝင်းတင်” များလား
“မောင်သော်က” များလား
“မောင်လေးအောင်” များလား
ခေါင်းပေါင်းစ တလူလူနဲ့
လူတွေ
တွေ့ပါပြီ
ငြိမ်းဝေလေ ငြိမ်းဝေ
အောင်မယ်လေး ...
သူက ရုံးလုလင် ကုလားထိုင်မှာ ထိုင်
ပြီးတော့
ကဗျာဆရာဆိုတာ
စင်ပြိုင်အစိုးရ ဆိုလား
ဖင်ထိုင်အစိုးရ ဆိုလား
အော်လား ဟစ်လား
သူ့ဘေးက လူတွေအားလုံး
ခေါင်း နှစ်လုံး ကိုယ်စီ
ဘုရား ဘုရား
ဒီကောင်က ဒီလိုထိုင်
ဘာဆိုင်လို့တုန်း
ဒါပေမယ့် ကျနော်
အိမ်ပြန်လာခဲ့
သူ့ဘေးကလူတွေ ကျနော် အားနာ
သူ့ကိုပဲ စက်ခလုပ်ကိုမြှောက်ပြ
ပြန်လာခဲ့ရ။

နေစောင်းတော့
ခေါင်းငုံ့ပြီး
အိမ်ပြန်လာတဲ့ ငြိမ်းဝေ
အိမ် အဝင်ဝမှာ
ခြေထောက်သုံးချောင်းနဲ့ ရပ်နေတာတွေ့ရ
ဒါနဲ့ပဲ
သူ့ကို ထိန်းချုပ်
စက်ခလုပ်
ဝက်အူ ပြုတ်နေတာ ပြန်တပ်လိုက်ရတယ်။ ။

ငြိမ်းဝေ
၇၊ ၉၊ ၂၀၀၉

မှတ်ချက်။ ။ (၁) ဂျာမန်ကဗျာဆရာ “ဂန်တာဂရပ်စ်” က “ဆယ့်တချောင်းမြောက် လက်ချောင်းကလေး” ဆိုပြီး ကဗျာတပုဒ် ရေးခဲ့ဖူးပါတယ်။
(၂) “မာနယ်ပလော” ဆိုတာ တချိန်က တော်လှန်ရေးဌာနချုပ် ဖြစ်ခဲ့တဲ့နေရာပါပဲ။

 

2 comments:

Anonymous said...

ကိုငြိမ်းဝေ
ဒါကတော့ဗျာ ခင်ဗျား ဒဂုန်တာရာကို စောင်းရေးတာပဲ။
အဲလို မလုပ်ပါနဲ့ဗျာ ဟိုက ငြိမ်းချမ်းရေးသမား စစ်စစ်ကြီးပါ။

Anonymous said...

သြော် ဒါနဲ့ ကိုငြိမ်းဝေ
ခင်ဗျား ပြန်တော့မယ်ဆို အောင်သူငြိမ်း တို့နဲ့ အတူတူ ဒါမှမဟုတ် မရှေးမနှောင်း ပြန်မယ် ကြားတယ်။ အဟုတ်လားဗျ။