Sunday, January 29, 2012

ဟိုတစဒီတစ ပြုပြင်ပြနေရုံမျှနှင့်တော့ … (ဇွန်မှိုင်း)

ကျနော်တို့အနေနှင့် အပြောင်းအလဲတွေကို တကယ်မြင်ချင်ပါတယ်။

နောက်ပြန်မလှည့်တော့မယ့်၊ ဒီမိုကရေစီဆိုင်ရာအာမခံမှုတွေရှိတဲ့ အပြောင်းအလဲမျိုးတွေကို အမှန်တကယ်မြင်ချင် ပါတယ်။ လုံးဝ နောက်ပြန်မလှည့်တော့မယ့် အပြောင်းအလဲမျိုးနှင့် ကျနော်တို့နိုင်ငံ ရှေ့ကို တရွေ့ရွေ့တက်လှမ်းနေပြီ ဆိုတာမျိုး တကယ်ကြားချင် မြင်ချင်ပါတယ်။

ဒါပေမယ့် အဲဒီလို အပြောင်းအလဲမျိုးနှင့် ပြောင်းလဲနေတဲ့အနေအထား ဒီနေ့ ကျနော်တို့နိုင်ငံ ရောက်နေပြီလား။

လူတိုင်း၊ နိုင်ငံသားတိုင်း၊ နိုင်ငံရေးသမားတိုင်းက စိတ်ချလက်ချ တိုင်းပြည်ကို ချစ်လို့ရတဲ့အနေအထား၊ ချစ်ခွင့်ရတဲ့ အနေအထားရနေပြီလားဆိုတဲ့ မေးခွန်းတွေ သေချာပေါက်ရှိနေသေးတယ်။

တချို့ကိစ္စတွေမှာ ပြောင်းလဲမှုတွေ ဟိုတစဒီတစတွေ့နေရပေမယ့် တချို့ကိစ္စတွေမှာကျ ပြောင်းလဲနေပြီလို့ ပြောရ အတော်ကိုပဲ ခက်ခဲနေသေးတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်လှမ်းနေပြီ ပြောင်းလဲနေပြီလို့ ထင်မြင်ချင်စရာ အချို့
ဒီအချက်ကလေးတွေကို ကြည့်ကြည့်ပါ။ အထိုက်အလျောက်တော့ ကြည့်လို့ကောင်းသားလို့ ပြောနိုင်ပါလိမ့်မယ်။


• ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာ။

• ၈၈ မျိုးဆက် ကျောင်းသားများရဲ့ စုဆုံပွဲတွေ ပေါ်ပေါက်လာတာ၊ အချက် ၉ ချက်ပါတဲ့ သူတို့ရဲ့သဘောထား ကြေညာချက်တွေ ထွက်ပေါ်လာတာ။

• ကနေ့ကာလ အမျိုးသားနိုင်ငံရေးတွေကို ဆက်လက်သယ်ဆောင်သွားကြမှာဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားခေါင်းဆောင်များရဲ့ ရဲဝံ့တည်ကြည်တဲ့ အင်တာဗျူးတွေ ထွက်ပေါ်နေတာ။

• ၆၂ – ၂၀၀၇ ပွဲလိုမျိုး၊ ဆရာစံပွဲလိုမျိုး၊ ဗိုလ်အောင်ကျော်ပွဲလိုမျိုး၊ ဦးရာဇာတ်ပွဲလိုမျိုး နိုင်ငံရေးပွဲတွေ နိုင်ငံရေး အဓိပ္ပာယ်ရှိရှိ ဆောင်ရွက်လာနိုင်တာ။

• ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်နှင့် ကိုဒီငြိမ်းလင်းစတဲ့ မျိုးဆက်သစ်ကျောင်းသားများရဲ့ ဗကသများ အဖွဲ့ချုပ် COC ဖွဲ့စည်းကြောင်း တရားဝင်ကြေညာလိုက်တာ။

• NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ၂၀၁၂ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာ။

• SNLD အပါအဝင် CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီများ မှတ်ပုံပြန်တင်ဖို့ ပြင်ဆင်နေကြတာ။

• ၂၀၁၀ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအဖြစ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လိုက်လံ ဆွေးနွေးပြီး တဖွဲ့ပြီးတဖွဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်ရေး လက်မှတ်တွေထိုးကြတာ။

• တချို့ဆို ပြည်ထောင်စုအဆင့် လက်မှတ်ထိုးပွဲတွေအထိ ဆောင်ရွက်နေကြတာ။

• အဆင့် ၃ ဆင့်ပါတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်သွားမယ်လို့ ၂၀၁၀ အစိုးရရဲ့ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုနေကြတာ။

• မီဒီယာတချို့ တစုံတရာ လွတ်လပ်လာတာ။

ဒီမိုကရေစီ အပြောင်းအလဲများလုပ်နေပြီလို့ ယုံကြည်ရခက်ခဲစေတဲ့ အခြေအနေအချို့
ဒီအခြေအနေတွေကျပြန်တော့လည်း ဘယ်လိုမှ ကြည့်လို့မကောင်းပြန်ဘူး။

• နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတာ။

• ကနေ့အထိ AAPP စာရင်းအရ ၉၀၄ ဦး ကျန်နေသေးတာ၊ အကျဉ်းချထားတဲ့ အကျဉ်းထောင်လိပ်စာနှင့်တကွ အတိအကျ စာရင်းပြုစုပြီးတာကိုက ၄၁၅ ဦးရှိနေတာ။

• ၂၀၁၀ အစိုးရရဲ့ အာဏာပိုင်များဘက်က နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကိုတောင် မခေါ်နိုင် မပြောနိုင်ဖြစ်နေကြတာ။

• ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်အမှုလိုမျိုးကို ပိတ်ပစ်လို့ရပါလျက်နှင့် အညှိုးတကြီး အမှုသစ်စွဲတင်နေတာ။

• ၂၀၁၁ ခုနှစ် တနှစ်ထဲမှာကိုပဲ မြေသိမ်းယာသိမ်းတဲ့ အမှုအခင်းပေါင်း ၃၈ ခု ဖြစ်ပေါ်ခဲ့တာ။

• ယခုထိလည်း ဒီလို လယ်သိမ်းယာသိမ်းမှု၊ အတင်းအဓမ္မခိုင်းစေမှုစတဲ့အမှုတွေ ဆက်ဖြစ်နေတာ။

• လယ်သမားတွေအားလုံး လယ်ကျွန်ဘဝကိုရောက်သွားစေမယ့် လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာ။

• အလုပ်သမားတွေအတွက် ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း၊ ယနေ့လက်ရှိနေထိုင်မှုစားရိတ် စတာတွေနှင့် ကာမိနိုင်လောက်တဲ့၊ လိုက်ဖက်ညီနိုင်တဲ့ လုပ်ခလစာ သတ်မှတ်ပေးမှုနှင့် အခွင့်အရေးဆိုင်ရာအာမခံမှုတွေ ကင်းမဲ့နေတာ။

• အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းပေးထားတယ်ဆိုပေမယ့် လက်တွေ့မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလိုသူများကို ဖွဲ့စည်းခွင့် မပြုသေးဘဲ အချိန်ဆွဲနေတာ။

• စစ်ပွဲတွေ ဆက်ဖြစ်နေတာ။

• စစ်ပွဲဖြစ်ရာဒေသတွေမှာ ပြည်သူတွေ ခိုကိုးရာမယ့် ပြေးလွှားပုန်းရှောင်နေရတာ။

• ရွှေညဝါဆရာတော်လို ဓမ္မကထိကတစ်ပါးကို၊ စာချအင်မတန်တော်တဲ့ စာချဆရာတော်တစ်ပါးကို တလအတွင်း သီတင်းသုံးရာ ကျောင်းတိုက်က ထွက်သွားပေးရမယ်ဆိုတဲ့အမိန့်မျိုး အဆင်ခြင်နည်းစွာ ထုတ်ပြန်နေတာ။ ပိုဆိုးတာက သံဃာအချင်းချင်း ဖိနှိပ်ခိုင်းနေတာ။

• ကျောင်းသားတွေအတွက် ပညာသင်ကြားရေးစရိတ်တွေ မနိုင်အောင်ကြီးနေပြီး ကျောင်းသားထုအခွင့်အရေးကို အကာအကွယ်ပေးဖို့ လုံးလုံးပျက်ကွက်နေတာ။

ဟိုနားမှာ ကြည့်လိုက်တော့ အထိုက်အလျောက်သင့်တင့်။

ဒီနားမှာ ကြည့်လိုက်ပြန်တော့ အလွန်အမင်းအရုပ်ဆိုး ဆိုတာမျိုးတွေ ဘာကြောင့်ဖြစ်နေရတာလဲ။

ဟန်ချက်မညီ ရှေ့နောက်မကိုက် ဦးနင်းပဲ့ထောင် ဘာကြောင့်ဖြစ်နေရတာလဲ။ ဒါဟာ စဉ်းစားစရာ ဖြစ်နေတယ်။

ဒီမိုကရေစီလမ်းလျှောက်သင်ခါစမှာ ဒီလောက်တော့ရှိမှာပေါ့လို့ ဖြည့်တွေးတွေးပေးဖို့ လိုမလား။

အမှန်တကယ် စိတ်ရောကိုယ်ပါ ကြိုးစားနေကြတယ်ဆိုရင်တော့ ဖြည့်တွေးပေးကြရမှာပါ။

ဒါပေမယ့် အမှန်တကယ် စိတ်ရောကိုယ်ပါ ကြိုးစားနေကြတယ်ဆိုတာကို ဘယ်သူက အာမခံမှာလဲ။
အလုပ် ကောင်းမပြဘဲ အပြောကောင်းရုံသက်သက်နှင့်တော့ အာမခံနိုင်ဖို့ခက်တယ်လို့ပြောတာ ဘယ်မှာ ဆန်းတော့မလဲ။

သိပ်ကို အကျည်းတန်ရုပ်ဆိုးနေတဲ့ အခြေအနေ အချို့

ကနေ့ ကျနော်တို့ကို၊ ကျနော်တို့ လူမျိုးစုံမြန်မာပြည်သူတရပ်လုံးကို ဖိထားတဲ့အရာတစ်ခုရှိတယ်။

အဲဒါ ဘာဖြစ်မလဲ။

အဲဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာတွေပဲလို့ ကျနော်ပြောချင်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်အာဏာရှင်စနစ်ကြောင့် အကျည်းတန် အရုပ်ဆိုးမှုတွေ ဖြစ်လာတယ်။
ကျနော် အနည်းငယ်ပြောပြပါရစေ။

၂၀၁၀ အစိုးရမှာ အဓိကအားဖြင့် လွှတ်တော် ၂ ရပ်ရှိပါတယ်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဖြစ်ပါတယ်။ ဒီ ၂ ခုကိုပေါင်းလိုက်မှ ပြည်ထောင်စုလွှတ်တော် ဖြစ်လာပါတယ်။

အောက်က အချက်အလက်တချို့ကို ကြည့်ကြည့်ပါ။ ဘယ်လောက်များ အရုပ်ဆိုးလိုက်ပါသလဲ။

ပထမဆုံးလွှတ်တော်ထဲက အထားအသိုတွေကို ကြည့်ကြည့်ပါ။

• အမျိုးသားလွှတ်တော်မှာ နေရာ ၂၂၄ နေရာရှိသည့်အနက် ကြံ့ဖွံ့က ၁၂၉ နေရာ (၅၇.၅၉%)
• တပ်က ၅၆ နေရာ (၂၅%) ယူထားပါတယ်။ ဘာမဆို ဆုံးဖြတ်နိုင်တဲ့ ၈၂.၅၉% ကိုပိုင်နေကြပါတယ်။
• ပြည်သူ့လွှတ်တော်မှာ နေရာ ၄၃၅ နေရာရှိသည့်အနက် ကြံ့ဖွံ့က၂၅၉ နေရာ (၅၉.၅၄%)
• တပ်က ၁၁၀ နေရာ (၂၅%) ယူထားပြန်ပါတယ်။ ဘာမဆို ဆုံးဖြတ်နိုင်တဲ့ ၈၄.၅၄% ကို ပိုင်နေကြပါတယ်။

ကြံ့ဖွံ့ပါတီ ဘယ်လိုနိုင်ခဲ့တာလဲဆိုတာ အားလုံးသိရှိကြပြီးမို့ ကျနော် ဒီမှာ စာဖွဲ့မနေချင်တော့ဘူး။

ဒုတိယအနေနှင့် အစိုးရအဖွဲ့ကို ကြည့်ကြည့်ပါဦး။

• အစိုးရအဖွဲ့မှာ အစိုးရအဖွဲ့ဝင် ၃၅ ဦးရှိသည့်အနက် ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးများက (၃) နေရာ၊ အရပ်ဝတ် ဗိုလ်ချုပ်ကြီးများက (၂၅) နေရာယူထားပြီး အရပ်သားစစ်စစ်ကို (၇) နေရာပဲ ပေးထားပါတယ်။

နောက်တခုက ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကြည့်ကြည့်ပါ။

• အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၁ ဦးရှိတဲ့အနက် ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးနှင့် အရပ်ဝတ်ဗိုလ်ချုပ်ကြီးတွေက (၁၀) ဦးအထိယူထားပြီး အရပ်သားစစ်စစ်ဆိုလို့ ၁ ဦးသာ ထည့်ဖွဲ့ထားပါတယ်။ ဒါတောင် အရပ်ဝတ်က ကြံ့ဖွံ့ပါတီဝင်ပါ။

အရုပ်မဆိုးလွန်းဘူးလားဗျာ။ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပါ။

ဒီလို ပုံဆိုးပန်းဆိုး တမိုးလုံးဖျောက်စိတ်ဖြစ်နေတဲ့ ဗိုလ်ကျထားမှုကို ကျနော်တို့ ဘယ်အထိခံနေရမှာလဲ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်မချင်း ဒီအဆင်ကို ပြောင်းပစ်ဖို့ လွယ်ပါ့မလား။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ချင်ရင် လွှတ်တော်ထဲကိုဝင်ခဲ့ပါလို့ ခေါ်သံတွေတော့ကြားရဲ့။

သူပြောသလို ဝင်ပြင်လို့ရော အရာထင်နိုင်ပါ့မလား ကျနော်တော့ ဘယ်လိုမှ စဉ်းစားကြည့်လို့မရဘူး။

ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်စိမ်းကြီးထဲက ပြင်ဆင်ခြင်းအခန်းကို ဖတ်ကြည့်လိုက်ပါ။ စာမျက်နှာ ၁၇၃ မှာ ရှိပါတယ်။ ကျနော်ပြောတာ ဟုတ်ပါလားလို့ တိတိကျကျ တွေ့ရပါလိမ့်မယ်။

ပြင်ဖို့ဆိုတာ ခက်မှ ခက်ပါ။ စိတ်ကူးယဉ်လို့မရအောင်ကို ခက်တာပါ။ ပြင်ဆင်ဖို့နေနေသာသာ လွှတ်တော်မှာ လက်ခံ ဆွေးနွေးတဲ့အဆင့်ရောက်ဖို့တောင် အတော်ကြိုးစားယူကြရမှာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်သေးသရွေ့ ဒီအတိုင်းဘဲဖြစ်နေဦးမှာမို့ “ကမ္ဘာတည်သရွေ့ခံကြပေတော့” လို့ ရေးမထားသည့်တိုင် ရေးထားသည့်အလား ပြဋ္ဌာန်းပြီးသား ဖြစ်နေတော့တာပါ။

ဘာတွေမလိုချင်ဘူးလဲ ဘာတွေ လိုချင်တာလဲ ဘာတွေလုပ်ချင်တာလဲ

ကျနော်တို့ မလိုချင်တာ ၃ ခုရှိပြီး လိုချင်တာက ၃ ခု ရှိပါတယ်။

(၁) စစ်အာဏာရှင်စနစ်ကို လုံးဝ မလိုချင်ပါဘူး။
(၂) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝ လိုချင်ပါတယ်။
(၃) ပြည်တွင်းစစ်ကို လုံးဝ မလိုချင်ပါဘူး။
(၄) ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်ပါတယ်။
(၅) အမျိုးသားပြိုကွဲမှုနှင့် တပြည်ထောင်စနစ်ကို လုံးဝ မလိုချင်ပါဘူး။
(၆) အမျိုးသားတိုင်း တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အပြည့်အဝ အာမခံ တဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုကြီးကို တည်ဆောက်ချင်ပါတယ်။

ကျနော်တို့ လောဘမကြီးပါဘူး။ ဒီ ၆ ချက်တည်းပါပဲ။

ဘယ်သူတွေအတွက် ဒီ ၆ ချက်လိုချင်တာလဲလို့ ခင်ဗျားမေးရင် ကျနော်ဖြေမယ်။

ကျနော်တို့ မြန်မာပြည်သူတွေအတွက်၊ လူမျိုးပေါင်းစုံမြန်မာပြည်သူတွေအတွက် လိုချင်တာ ဖြစ်ပါတယ်။
တိတိကျကျ ထပ်ပြောရရင် ….

• လူဦးရေရဲ့ ၇၀% ကျော်ရှိတဲ့ လယ်သမားတွေအတွက် လိုချင်တယ်။

• အခြေခံအခွင့်အရေးတွေတောင် မရကြနိုင်သေးတဲ့ အလုပ်သမားတွေအတွက် လိုချင်တယ်။

• မရေရာမသေချာတဲ့ အနာဂတ်တွေအတွက် တကြောင့်ကျကျဖြစ်နေရတဲ့ အသိပညာရှင် အတတ်ပညာရှင် အပါအဝင် လူလတ်တန်းစားတွေအတွက် လိုချင်တယ်။

• ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်ရှိကြတဲ့ အမျိုးသားဓနရှင်တွေအတွက် လိုချင်တယ်။

ဒီလူတန်းစား ၄ ရပ်ကို ကျနော်တို့ အကာအကွယ်ပေးချင်ပါတယ်။

“ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲပြီး သန်း ၆၀ သော ကျနော်တို့ရဲ့ ပြည်သူတွေအတွက် ကျနော်တို့ လွတ်လပ်စွာ အလုပ်အကျွေးပြုချင်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးချင်ပါတယ်။

ကျနော်တို့ရဲ့ဒီရည်မှန်းချက်တွေ ပြည့်မီအောင် ဆောင်ရွက်ဖို့ဆိုရင် လုံလောက်တဲ့ နိုင်ငံရေးအခင်းအကျင်းရှိရမှာ ဖြစ်ပါတယ်။

လုံလောက်တဲ့ နိုင်ငံရေးအခင်းအကျင်း ရှိ မရှိ

လုံလောက်တဲ့ နိုင်ငံရေးအခင်းအကျင်းရှိဖို့ဆိုရင်

ကျနော်တို့ ယုံတာတွေကို ယုံတယ်လို့ ပြောခွင့်ရရပါလိမ့်မယ်။ ။

တပြိုက်နက်တည်းမှာ ကျနော်တို့ မယုံတာတွေကို မယုံဘူးလို့ ပြောခွင့်ရရပါလိမ့်မယ်။ ။

ကိုယ်ယုံကြည်တဲ့နိုင်ငံရေးကို ကိုယ် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရရပါလိမ့်မယ်။ ။

နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ တယောက်မကျန် အကုန်လုံးလွှတ်ပေးရပါလိမ့်မယ်။ ။

တနိုင်ငံလုံးအတိုင်းအတာနှင့် အပစ်ရပ်စဲရေးတွေလုပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ခြေလှမ်းရှိရှိ ဖော်ဆောင်နေရပါလိမ့်မယ်။

နိုင်ငံရေးအင်အားစုတွေ (လက်နက်ကိုင်သူရော၊ လက်နက်မကိုင်သူရော၊ အပစ်ရပ်သူရော၊ အပစ်မရပ်သူရော) အားလုံးကို အပြန်အလှန် အသိအမှတ်ပြုမှု အပြန်အလှန် တန်ဖိုးထားမှုအပြည့်ပြသပြီး ယနေ့ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ကို လက်တွဲဖြေရှင်းမယ့် လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားရပါလိမ့်မယ်။

မတရားတဲ့၊ ဖိနှိပ်ကန့်သတ်ထားတဲ အမိန့်တွေ၊ ဥပဒေတွေ အကုန်ဖျက်သိမ်းပေးရပါလိမ့်မယ်။

နိုင်ငံရေးလုပ်ငန်းတွေထဲမှာ နိုင်ငံသားတိုင်း ကြောင့်ကျမဲ့စွာ အပူအပင်ကင်းစွာ ပါဝင်ဆောင်ရွက်ခွင့် ရရှိကြရပါလိမ့်မယ်။

ကောင်းပြီ ….

ဒီအချက်တွေ ဒီလက္ခာဏာတွေ ဒီအခင်းအကျင်းတွေ ၂၀၁၀ အစိုးရမှာ ရှိနေပါပြီလား။

ကျနော့်အမြင် မရှိသေးဘူး။

ဟိုတစဒီတစ မြင်နေရပြီဆိုရင်တောင် မလုံလောက်သေးဘူး။

သူတို့ယုံကြည်ရာတွေကို ကျနော်တို့ပြည်သူတွေ ကျနော်တို့ နိုင်ငံရေးအင်အားစုတွေ လုပ်ခွင့်ရနေပါပြီလား။
တချို့နေရာလေးတွေမှာ ရသယောင်ယောင်ရှိနေပေမယ့် လိုအပ်တဲ့အခင်းအကျင်းတွေတော့ ဘယ်လိုမှ မပြည့်စုံသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တကယ်လုပ်မယ်ဆိုရင်၊ အဲဒီလုပ်ငန်းစဉ်မှာ အင်အားစုတွေအားလုံး ပါဝင်မှ ချောမွေ့ မြန်ဆန်မယ်လို့ အမှန်တကယ် ယုံကြည်တယ်ဆိုရင် ၂၀၁၀ အစိုးရဟာ ဒီအခွင့်အလမ်းတွေ၊ ဒီအခင်းအကျင်းတွေ မုချကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့အပြုအပြင်တွေ မုချ လုပ်ပေးရပါလိမ့်မယ်။

ယုံနိုင်တဲ့သူ ရှားလိမ့်မယ်

အဲဒီလို လုံလောက်တဲ့ အပြုအပြင်တွေ ၂၀၁၀ အစိုးရက လုပ်ပြပြီဆိုရင်တော့ ပြောင်းအလဲတွေဖြစ်ပြီလို့ အားလုံးက အမှတ်ပေးကြမှာဖြစ်ပါတယ်။ ကောင်းချီးသြဘာပေးကြမှာ ဖြစ်ပါတယ်။ လူရောနတ်ပါ သာဓုခေါ်ကြမှာ ဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ ….

လုံလောက်တဲ့ အပြုအပြင်တွေ ဘာမှ မယ်မယ်ရရ မလုပ်သေးဘဲ လူမြင်ကွင်းမှာ လူကြည့်ကောင်းရုံ ဟိုတစဒီတစ ပြုပြင်ပြနေရုံမျှနှင့်တော့ အပြောင်းအလဲတွေဖြစ်နေပြီလို့ ကျိန်တွယ်ပြောရင်တောင် ယုံမယ့်သူ ရှားပါလိမ့်မယ်။ ။

ဇွန်မှိုင်း (၂၆-၁-၁၂)

-xxx-


 

No comments: