Tuesday, January 24, 2012

မင်းကိုနိုင်တို့ ရပ်တည်ချက်ကို ကြိုဆိုတယ် (လူထုစိန်ဝင်း)

“လမ်းပေါ်နိုင်ငံရေးခေတ်ကုန်သွားပြီလို့ သူပြောလိုက်တာကလည်း သူများယောင်လို့လိုက်ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိဆိုသလို ကိုယ်ပြောတဲ့စကား ဘယ်အဓိပ္ပာယ်ရောက်သွားတယ်ဆိုတာမသိဘဲ၊ သူများပြောတဲ့အတိုင်း လိုက်ပြောနေတာ ဖြစ်တယ်။ ဒီစကားဟာ ပြည်သူတွေကို နှိမ်တဲ့စကားဖြစ်တယ်။ မြို့နေပညာတတ် ရေပေါ်ဆီလူတန်းစား (အီလစ်)တွေက ဆင်စွယ်ရဲတိုက်ကြီးတွေပေါ်ကနေပြီး လမ်းပေါ်ပြည်သူတွေကို ငုံ့ကြည့်ရင်းပြောခဲ့တာ ဖြစ်တယ်။ ဒါကို သူက သံယောင်လိုက်ပြောနေတာ။ တကယ်တော့ လမ်းပေါ်က ပြည်သူတွေဟာ ဒီမိုကရေစီရဲ့အသက်သွေးကြော ဖြစ်တယ်။ ပြည်သူတွေရဲ့ လမ်းပေါ်နိုင်ငံရေးကြောင့် …”

မင်းကိုနိုင်တို့လွတ်လာပြီးနောက်တစ်ရက်မှာ မိတ်ဆွေတစ်ဦးရောက်လာပြီး စကားပြောပါတယ်။ ဒီအချိန်ဟာ မင်းကိုနိုင်တို့ အားလုံးအတွက် တစ်ဘဝစာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု မဖြစ်မနေချရတော့မယ့် အချိန်ဖြစ်တယ်လို့ ယူဆကြောင်း စပြောပါတယ်။

ပြောချင်တာ မရပ်မနားပြော

သူတို့အားလုံးဟာ ကျောင်းသားလူငယ်လေးများအရွယ်ကို ကျော်လွန်ခဲ့ပြီး၊ လူလတ်ပိုင်းအရွယ်တွေ ဖြစ်နေကြပြီ။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်မယ် မပါဝင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ရတော့မယ်။ မပါတော့ဘဲ အေးအေးပဲနေတော့မယ်ဆိုရင် ပြောစရာမရှိပေမယ့်၊ နိုင်ငံရေးဆက်လုပ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီမှာ ပါဝင်ပူးပေါင်းမလား၊ ဒါမှမဟုတ် ကိုယ်တိုင်ပါတီထောင်မလား စဉ်းစားရတော့မယ်။ ဒီအတိုင်း ၈၈ မျိုးဆက်ဆိုပြီး လုပ်နေလို့မရတော့ဘူး။ အခင်းအကျင်းက ပြောင်းသွားပြီ။ လွှတ်တော် နိုင်ငံရေးခေတ် ဖြစ်နေပြီ။ လမ်းပေါ်နိုင်ငံရေးခေတ် ကုန်သွားပြီ။ ဒါကို နားမလည်ရင် မြောင်းထဲရောက်သွားလိမ့်မယ်။ သူ ပြောချင်တာတွေ အကြာကြီး မရပ်မနားပြောပြီးမှ စကားရပ်သွားတယ်။

ပုတ်သင်ညို နိုင်ငံရေးသမား

သူက နိုင်ငံရေးသမားတစ်ယောက်လို့ ပြောရင်ရတယ်။ ဆိုရှယ်နီ လုပ်ဖူးတယ်။ နောက်တော့ မဆလ ဖြစ်သွားတယ်။ လမ်းစဉ်လူငယ်တို့ ဘာတို့မှာ ပါခဲ့တယ်။ ၈၈ နောက်ပိုင်းရောက်တော့ အစပိုင်းမှာ ဒီချုပ်ထဲဝင်လုပ်တယ်။ ဒီချုပ်ခေါင်းဆောင်တွေ အတော်များများ အဖမ်းခံရတော့၊ ဆက်မလုပ်တော့ဘဲ ဘေးထွက်ထိုင်နေခဲ့တယ်။ အခုနောက်ပိုင်း အစိုးရကိုယ်တိုင်က ဒီမိုကရေစီစကားတွေ ဖောဖောသီသီကြီးပြောလာချိန်မှာ၊ သူက နိုင်ငံရေးဂုရုကြီးလုပ်ပြီး ဒီမိုကရေစီဖတ်စာတွေ ဂျာနယ်တွေမှာ ရေးတယ်။ အမှန်အတိုင်းပြောရရင်တော့ ပုတ်သင်ညို နိုင်ငံရေးသမားလို့ ပြောရမှာပဲ။ သူ့ဟာသူ ပုတ်သင်ညိုပဲလုပ်လုပ်၊ အိမ်မြှောင်ပဲလုပ်လုပ် သူ့သဘောသူဆောင်တာမို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် သူက ငြိမ်ငြိမ်မနေဘဲ လူတိုင်းကို သူ့လိုပုတ်သင်ညိုဖြစ်အောင်လှုံ့ဆော်နေတာတော့ မျက်စေ့နောက်တယ်။

ဘာမှန်းညာမှန်း သိပုံမရ

ဒီမိုကရေစီဂုရုကြီးလုပ်ပြီး ဒီမိုကရေစီ ဖတ်စာတွေသာ လူတက်ကြီးလုပ်ပြီးရေးနေတာ၊ ဒီမိုကရေစီဆိုတာ ဘာမှန်းညာမှန်း သိပုံမရဘူး။ ရွေးကောက်ပွဲလုပ်ရင် ဒီမိုကရေစီပဲလို့ သူက တစ်ထစ်ချမှတ်ထားတယ်နဲ့ တူတယ်။ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အာဏာရှင်တွေလည်း ကမ္ဘာမှာအများကြီးရှိတယ်ဆိုတာ သူ သိဟန်မတူဘူး။ ဒါကြောင့်သာ လွှတ်တော်နိုင်ငံရေးခေတ် ဖြစ်နေပြီး၊ လမ်းပေါ်နိုင်ငံရေးခေတ်ကုန်သွားပြီလို့ပြောတာ ဖြစ်တယ်။ ရွေးကောက်ပွဲတို့ လွှတ်တော်တို့ဆိုတာ ဒီမိုကရေစီရဲ့ အစိတ်အပိုင်းလေးတွေသာ ဖြစ်တယ်။ မပြည့်စုံသေးဘူး။ ယုံကြည်အားကိုးလောက်တဲ့ တရားစီရင်ရေးစနစ်၊ လုံးဝလွတ်လပ်တဲ့ ပုဂ္ဂိကသတင်းစာ၊ လွတ်လပ်တဲ့ အရပ်ဘက်အသင်းအဖွဲ့များ၊ သမဂ္ဂများ၊ စတဲ့ စတဲ့ အင်္ဂါရပ်တွေအားလုံးနဲ့ညီညွတ်မှ စစ်မှန်တဲ့ဒီမိုကရေစီလို့ သတ်မှတ်နိုင်တယ်။

နှိမ့်ချစော်ကားတာ

လမ်းပေါ်နိုင်ငံရေးခေတ်ကုန်သွားပြီလို့ သူပြောလိုက်တာကလည်း သူများယောင်လို့လိုက်ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိဆိုသလို ကိုယ်ပြောတဲ့စကား ဘယ်အဓိပ္ပာယ်ရောက်သွားတယ်ဆိုတာမသိဘဲ၊ သူများပြောတဲ့အတိုင်း လိုက်ပြောနေတာ ဖြစ်တယ်။ ဒီစကားဟာ ပြည်သူတွေကို နှိမ်တဲ့စကားဖြစ်တယ်။ မြို့နေပညာတတ် ရေပေါ်ဆီလူတန်းစား (အီလစ်)တွေက ဆင်စွယ်ရဲတိုက်ကြီးတွေပေါ်ကနေပြီး လမ်းပေါ်ပြည်သူတွေကို ငုံ့ကြည့်ရင်းပြောခဲ့တာ ဖြစ်တယ်။ ဒါကို သူက သံယောင်လိုက်ပြောနေတာ။ တကယ်တော့ လမ်းပေါ်က ပြည်သူတွေဟာ ဒီမိုကရေစီရဲ့အသက်သွေးကြော ဖြစ်တယ်။ ပြည်သူတွေရဲ့ လမ်းပေါ်နိုင်ငံရေးကြောင့် နယ်ချဲ့လက်အောက်က လွတ်လပ်ရေးရခဲ့တာ ဖြစ်တယ်။

ဂူဂဲမှာ ရှာကြည့်မယ်

ဒီမိုကရေစီခေတ်မှာ အရာရာကို ပြည်သူက ဆုံးဖြတ်တယ်။ အမြင့်ဆုံး နိုင်ငံအာဏာဟာ ပြည်သူတွေရဲ့လက်ထဲမှာ ရှိတယ်။ အဲဒီပြည်သူတွေဟာ ဆင်စွယ်ရဲတိုက်ကြီးတွေမှာ နေကြတာမဟုတ်ဘူး။ လယ်တောတွေမှာ နေကြတယ်။ စက်ရုံ အလုပ်ရုံတွေထဲမှာ နေကြတယ်။ လမ်းတွေပေါ်မှာ နေကြတယ်။ လမ်းပေါ်နိုင်ငံရေးဆိုပြီး ရှုပ်ချတာဟာ ပြည်သူတွေကို စော်ကားတာ ဖြစ်တယ်။ ဒါကို မိတ်ဆွေ ပုတ်သင်ညို နိုင်ငံရေးဂုရုကြီးက သိတာမဟုတ်ဘူး။ ပြန်ပြောလည်း လေကုန်ရုံပဲ ပြုံးနေလိုက်တယ်။ ပုတ်သင်ညိုတစ်ကောင်ဟာ အရောင်ဘယ်နှစ်ရောင်ထိ ပြောင်းသလဲဆိုတာသိရအောင် ‘ဂူဂဲ’မှာ ရှာကြည့်ဦးမှပဲလို့ စိတ်ထဲမှတ်ထားလိုက်တယ်။

ကိုယ်စားပြု ဒီမိုကရေစီ

တကယ်တော့ သူ လုံးလုံးမသိတာ မဟုတ်ပါဘူး။ ဆိုရှယ်နီတောင် လုပ်ခဲ့ဖူးသေးတာပဲ။ လွှတ်တော်နိုင်ငံရေးဆိုတာ ရာနှုန်းပြည့် ဒီမိုကရေစီစစ်စစ် မဟုတ်သေးဘူး၊ “ကိုယ်စားပြု ဒီမိုကရေစီ” ဘာသာပြန်တယ်။ တိုင်းရေးပြည်သူ့ကိစ္စအဝဝကို ပြည်သူတွေကိုယ်တိုင် တိုက်ရိုက်ပါဝင်ဆုံးဖြတ်တဲ့ “ပြည်သူ့ဒီမိုကရေစီ” စနစ် မလုပ်နိုင်ခင်ကာလမှာ အကောင်းဆုံးအဖြစ် အသုံးပြုနေရတာ ဖြစ်တယ်။ အဲဒီလိုအချိန်မှာ လွှတ်တော်ပြင်ပအဖွဲ့အစည်းများနဲ့ လုပ်ငန်းသဘာဝအလျောက် ဖွဲ့စည်းထားတဲ့ သမဂ္ဂများရဲ့အခန်းကဏ္ဍက အင်မတန်အရေးကြီးတယ်။

ဝမ်းသာကြိုဆို

လွှတ်တော် ပြင်ပအဖွဲ့အစည်းတွေအားကောင်းမှ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေနဲ့ သူတို့ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေကို၊ လမ်းကြောင်းမှန်ပေါ် ဖြောင့်ဖြောင့်တန်းတန်းသွားအောင် တည့်မတ်ပေးနိုင်မှာဖြစ်တယ်။ ထောင်ကလွတ်လာတဲ့ မင်းကိုနိုင်တို့လူငယ်တွေက ပါတီလည်း မထောင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး၊ ပြည်သူတွေရဲ့ အရေးကိစ္စမှန်သမျှကိုတော့ ရှေးယခင်ကအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ပြောကြတာဟာ မှန်ကန်တဲ့ ရပ်တည်ချက်လို့ ယူဆတယ်။ အားရဝမ်းသာ ကြိုဆိုပါတယ်။

လူထုစိန်ဝင်း

The Hot News Weekly မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

No comments: