Thursday, December 22, 2011

စာကြည့်တိုက် (ကမာပုလဲ)

အသံကလေး ကြားရဖို့
အပ်ကလေး တချောင်းတလေသာ မရှိခဲ့ရင်
အားလုံး
စာရွက်ကလေးတွေရဲ့
တီးတိုး ခြေသံမျှ ...။

ယဉ်ကျေးမှုတို့ စုဝေးရာ
ရှေးဟောင်း မြို့တော်တွေဆီ သွားခွင့်ရှိတယ်၊
အနုပညာ
ပန်းချီ
ဂီတ
ကဗျာ
ဂန္ထဝင် ရင်ခုန်သံများဖြင့် အတိပြီးသော
သူရဲကောင်း စစ်စစ်တို့၏ ရုပ်ပုံလွှာများ ...။


အတိတ်ကို လေ့လာခွင့်ရှိတယ်
ပစ္စုပ္ပန်တည့်တည့်ကိုလည်း
ရှိသမျှ ပညာနဲ့ ချင့်ချိန်ပြင်ဆင်နိုင်တယ်
ပြီးရင်
အနာဂတ်ကို
အလှပဆုံး
အိပ်မက် မက်ခွင့် ရှိနေပါသေးတယ် ...။

သွေးစက်များ
မျက်ရည်များ
တိုက်ပွဲများ
လွတ်မြောက်မှုများ
သမိုင်းခေတ် အဆက်ဆက်
လူသားများ၏
အံ့မခန်း ဖွံ့ဖြိုးတိုးတက်မှုများ ...။

အချုပ်အနှောင်ကျနေတဲ့
ငြိမ်းချမ်းရေးနဲ့ သစ္စာတရားကို
ပိုးဟပ်တွေ မင်းမူနေတဲ့ အရပ်မှာ
ရှာဖွေလို့များ တွေ့ခဲ့ရင် ...
မဖြစ်မနေ
ဆင်ခြင် ခံစားခဲ့ရမှာက
သစ္စာဖောက်တွေရဲ့
ရှင်လျက် သေနေတဲ့ အမည်နာမတွေ ... ဖြစ်တယ်။ ။

ကမာပုလဲ
၂၂၊ ၁၂၊ ၂၀၁၁

No comments: