Friday, November 25, 2011

တင်မလား၊ ဝင်မလား ... (မောင်သာရ)


"ဘာမှ မပြောပလောက်တဲ့ အမတ် ၄၈ နေရာသာရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကလေးကို မက်လုံးပြ၊ ဥပဒေစကားလုံးတွေ ‘ပြင်’ ပေးပြီး ... ဒူးထောက်ခိုင်း အရှက်ခွဲတဲ့ လူဝတ်လဲ စစ်အစိုးရ၊ ရုပ်ရှင်ထဲက လူဆိုးလူမိုက်တွေစရိုက် ဖြစ်ပါတယ်။ အနိုင်ရနိုင်သမျှ ထပ်အနိုင်ကျင့်တာပါပဲ ..."

ပါတီဌာနချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကလွဲပြီး နိုင်ငံ အနယ်နယ်အရပ်ရပ်က ပါတီခွဲတွေနဲ့ စည်းကော်မတီတွေ စည်းရုံးလှုပ်ရှားဆောင်ရွက်ခွင့် ဖျက်သိမ်းတားမြစ်ပိတ်ပင်ထားတာကို ခုလို အခွင့်အခါကြုံကြိုက်တုန်း ပြန်လည်အသက်ဝင်လာအောင် ... လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကတိပြုရင်းနဲ့ ... ပါတီကို တရားဝင်ရပ်တည်ခွင့်ရအောင်... ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ’ ... မှတ်ပုံတင်မလား...ဆိုတဲ့ တင်မလား ဝင်မလား မေးခွန်းနှစ်ခုက သည်ကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာရော ထောက်ခံနေကြတဲ့ ပြည်သူတွေထဲမှာပါ... အကြီးအကျယ် ပြဿနာဖြစ်နေပါတယ်။

ပြည်သူတွေထဲမှာတော့... တင်သင့် ဝင်သင့်တယ်လို့ လက်ပန်းပေါင်းခတ်ပြီး ကြိုဆိုယူဆကြတဲ့လူတွေရှိသလို ... ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဆန့်ကျင်သပိတ်မှောက်ပြီး ကမ္ဘာအရပ်ရပ်ကလည်း ကလိမ်ကညစ် ရွေးကောက်ပွဲအဖြစ် ရှုတ်ချခဲ့ကြတဲ့အတိုင်း ... ထွေးပြီးသားတံတွေးကို ပြန်မျိုမချသင့်သလို မဝင်သင့် မတင်သင့်ဘူး လို့ ပြတ်ပြတ်သားသား လက်မခံခဲ့ကြတဲ့လူတွေလည်း ရှိပါတယ်။ ဘာမှ မပြောပလောက်တဲ့ အမတ် ၄၈ နေရာသာရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကလေးကို မက်လုံးပြ၊ ဥပဒေစကားလုံးတွေ ‘ပြင်’ ပေးပြီး ... ဒူးထောက်ခိုင်း အရှက်ခွဲတဲ့ လူဝတ်လဲ စစ်အစိုးရ၊ ရုပ်ရှင်ထဲက လူဆိုးလူမိုက်တွေစရိုက် ဖြစ်ပါတယ်။ အနိုင်ရနိုင်သမျှ ထပ်အနိုင်ကျင့်တာပါပဲ။

အဖွဲ့ချုပ်ရဲ့ ဒုတိယတန်း ခေါင်းဆောင်ပိုင်းလို့ဆိုနိုင်တဲ့ ဗဟိုစီးအဖွဲ့ တရာကျော်ထဲမှာတော့ အများစုက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ခန့်ထားခဲ့တာဖြစ်တဲ့အတွက် သဘောထားအယူအဆ တညီတညွတ်တည်းသာ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဆယ်ကျော်ကလေးထဲမှာတော့ ... တင်သင့် ဝင်သင့်တယ်လည်း မဟုတ်၊ မတင်သင့် မဝင်သင့်ဘူးလည်း မဟုတ်တဲ့ ... တင်တော့တင်သင့်ပေမယ့်၊ ဝင်တော့ မဝင်သင့်ဘူး ... ဆိုတဲ့ ‘ကြား’ သံတသံ ... ထွက်လာတာကို ... ခေါင်းဆောင်တယောက်နဲ့ သတင်းစာတွေ့ဆုံမေးမြန်းခန်း တခုမှာ ဖတ်လိုက်ရပါတယ်။ အဖွဲ့ချုပ်ရဲ့ ထိပ်ဆုံးပိုင်းက မညီညွတ်မှုကလေးတခုပါပဲ။

ဒါပေမယ့် သည် ‘ကြား’ အသံက လက်တွေ့မှာလည်း အဓိပ္ပာယ် မရှိပါဘူး။ တရားဝင်တည်ရှိနေတဲ့ အစိုးရရဲ့ နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ... မှာရှိတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထဲမှာ အတိအလင်း ရေးသား ဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီတရပ်အနေနဲ့ တရားဝင်မှတ်ပုံတင်တော့မယ်ဆိုရင် အဓိက ကတိပြုလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ပုဒ်မခွဲတွေ မြောက်မြားစွာ ရှိပါတယ်။ အဲသည်အထဲမှာမှ အချက်တချက်အနေနဲ့ ... ‘မှတ်ပုံတင်လိုတဲ့ ပါတီတရပ်အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေးစား လိုက်နာပါမည်လို့ ဝန်ခံကတိပြုရမယ့်အပြင် ... လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ... အနည်းဆုံး အမတ်သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်’ ... လို့ အတိအလင်း ရေးသားဖော်ပြထားပါတယ်။ တင်ရုံသာတင်ပြီး မဝင်ချင်လို့ မရပါဘူး။ ရွေးကောက်ပွဲမှာ အနည်းဆုံး သုံးနေရာမှာမှ ဝင်မပြိုင်နိုင်ရင်လည်း ... ဗဟုဝုစ်မဟုတ်နိုင်တော့တဲ့အတွက် နိုင်ငံရေးပါတီတရပ် အဖြစ်နဲ့လည်း ရပ်တည်ခွင့် ... မှတ်ပုံတင်ခွင့် မရနိုင်ပါဘူး။

ဒါပေမယ့် ဆိုင်ရာက အခုချက်ချင်း ပူပူနွေးနွေး ထုတ်ပြန်ပုံနှိပ်ပေးလိုက်တဲ့ ဥပဒေတွေနဲ့ နည်းဥပဒေတွေကို ... ပြည်သူလူထုအများစုကြီးကလည်း ဘယ်ဖတ်ဖြစ်နိုင်ကြပါအုံးမလဲနော်။ အဲသည်တော့ ပြည်သူလူထုကြီးထဲမှာလည်း ... ခေါင်းဆောင်ပိုင်းမှာလို သုံးမျိုး သုံးသဘောထားနဲ့ သုံးအုပ်စု ကွဲနေကြပါတယ်။ သေချာတာကတော့ မကြာသေးခင်ကမှ လွတ်လာခဲ့ကြတဲ့ ကိုသူရ (ဇာဂနာ) တို့ မစုစုနွေးတို့ပါဝင်တဲ့ နိုင်ငံရေးခေါင်းဆောင်ငယ်ပေါင်း၂၀၀ ဆိုပါစို့။ ဘယ်အုပ်စုထဲ ဘယ်လိုကွဲပြီး ပါသွားကြမယ် မသိပါဘူး။ နောက်ထပ် လွှတ်ပေးအုံးမယ်ဆိုပြီး ... ဈေး တိုးပေးဖို့ ဈေးခေါ်နေတဲ့ နိုင်ငံရေးခေါင်းဆောင်ငယ် ၆၀၀ ခန့်ကိုလည်း ... တကယ်လို့များ ‘ကာလုံ’ က အချိန်မီ လွှတ်ပေးခဲ့မယ်ဆိုရင် ဘယ်အုပ်စုထဲ ဘယ်နှစ်ခြမ်း ကွဲကြလေအုံးမလဲ ... မသိ။

မှတ်မိတယ်နော် ...။ သည်လိုပဲ ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလတုန်းက မှတ်ပုံတင်ကြပြီး နိုင်ငံရေးပါတီတွေ ဖွဲ့ခဲ့ကြတာလေ ...။ ပါတီပေါင်း ၂၀၀ ကျော်လောက်တောင်ရှိသွားတယ် မဟုတ်လား။ သိတယ်နော် ...။ ကျုပ်တို့ဗမာရဲ့အကျင့်က ... ဗိန်းမောင်းဆိုင်း တီးပေးလိုက်ရင် မင်းသား မင်းသမီးများဖြစ်မလားဆိုပြီး ကွေးနေအောင် ဝင် က ကြတော့တာလေ...။ အခုလည်း အပြင်မှာ make-up လိမ်းပြီး စောင့်နေကြတဲ့ ပါတီဟောင်းတွေ ပါတီသစ်တွေမှ အများကြီး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေတောင် ပါသေးရဲ့။ ကျုပ်က စာနယ်ဇင်းသမားကျင့်ဝတ်နဲ့မို့ ... မပြောသာလို့ ဖွင့်မပြောတာရယ်။ ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီနဲ့သာ ပေါင်းလိုက်ရင် ပါတီပေါင်း ၄၀ ကျော်လောက်တောင် ရှိနေနှင့်မလားပဲ။ အေး ... နိုင်ငံရေးအကျဉ်းသားတွေများ အကုန်လွှတ်ပေးလိုက်ရင် ... ကျုပ်တို့ငယ်စဉ်က နိုင်ငံကျော်ခဲ့တဲ့ ဇာတ်မင်းသားကြီး ဖိုးစိန် ဆိုခဲ့တဲ့သီချင်းကို ပြန်သတိရစရာပဲ ...။ “အော် ...ဗမာပြေမှာ ‘နာရီ’ တွေက များ ...” တဲ့။

ကဲ ... နောက်ဆုံး ကျုပ် မေးလိုက်ပါအုံးမယ်။ ခင်ဗျားကရော ဘယ်အုပ်စုထဲ ပါမှာလဲ။ တင်သင့် မတင်သင့်လား။ ဝင်သင့် မဝင်သင့်လား။ ကျုပ်ကတော့ ခံခဲ့ရတာကို ခုထိ မမေ့ဘူး။

မောင်သာရ


 

No comments: