Tuesday, November 22, 2011

ငြိမ်းချမ်းရေး ... တမ်းချင်း (ကမာပုလဲ)

အဖိုးအဖိုးပြောခဲ့တယ်
တတိုင်းပြည်လုံးအပေါ်
မေတ္တာရပ်ခံ တောင်းဆိုခဲ့တာ
‘သင်ပုန်းချေရေး စိတ်ဓာတ်နဲ့
သူ မနာ၊ ကိုယ် မနာ
ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ’ တဲ့၊

ပြီးတော့
အဖိုးရဲ့ သမိုင်းဝင် တမ်းတစကား
ဆရာ မသေခင်
တိုင်းပြည်မှာ
ငြိမ်းချမ်းရေးစစ်စစ်ကို မြင်ချင်ပါသတဲ့ ...


ဒါပေမယ့်
အဖိုးရယ်
တော်လှန်စစ်နဲ့ ငြိမ်းချမ်းရေးဟာ
သမိုင်းခေတ်တွေရဲ့ ... အမြွှာ
ခေတ်ကို အစိုးရခဲ့သူတွေက
အဓမ္မ ပြဌာန်းခဲ့ကြတယ်။

စိတ်ကူး
အိပ်မက်
အတွေး
အချိန်နှင့်အမျှ
ငြိမ်းချမ်းရေးကို
ကျနော်တို့ ...
ငတ်မွတ်ဆာလောင်ခဲ့ပါတယ်။

တကယ်လိုများ ...
ကျနော်တို့ ဆိုက်ရောက်နေတဲ့
မျက်မှောက် ကမ္ဘာမှာ
‘ညီညွတ်ရေးအတွက်
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရည်တပြင်တည်း’
ရှေးကလို ပိုချစ်ကြ ရင်ဖြင့်
အတိုင်းထက်လွန်
မေတ္တာတရားဟာ တံခွန်ထူနိုင်မယ် ...။

ခုတော့
ခေတ်က
မျက်ရည်ချောင်းစီး
ကြေကွဲခြင်းရဲ့ ရုပ်ပုံလွှာ ... ။ ။

+ ငြိမ်းချမ်းရေးစကား = ဆရာကြီးသခင်ကိုယ်တော်မှိုင်း
+ သီချင်း = နန်းတော်ရှေ့ ဆရာတင်


နိုဝင်ဘာ ၂၂ ၊ ၂၀၁၁။


 

No comments: