Saturday, November 26, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၇)


အပိုင်း(၂)

လက်ရှိ အမျိုးသားတော်လှန်ရေး အခြေအနေအပေါ် အမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တရားဥပဒေဘောင်အတွင်းမှာ (နဝတ၊ နအဖ)ကို အံတုအာခံတဲ့ ဒီမိုကရေစီတိုက်ပွဲ အဆင့်မြင့်လာတယ်။ အစီအစဉ် ဆုံးဖြတ်ချက်ရှိထားတဲ့အတိုင်း ရှေ့တိုးပြီး အဆင့်ဆင့် တိုက်ပွဲဝင်သွားမယ်။ နောက်ပြန်ဆုတ်တဲ့မူ မရှိပါ။ ပျော့ပြောင်းသင့်တဲ့နေရာမှာ ပျော့ပြောင်းပြီး တင်းမာသင့်တဲ့နေရာမှာ တင်းမယ်။ လျှော့မပေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်ကြီး ၃ ယောက်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေ (ဗိုလ်ချုပ်ဟောင်း)၊ ဒု ဥက္ကဋ္ဌ ဦးတင်ဦး(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဒေါ်အောင်ဆန်းစုကြည် (သခင်အောင်ဆန်း/ဗိုလ်ချုပ်အောင်ဆန်း သမီး) ဖခင်ကြီး တော်လှန်ခဲ့တဲ့ သွေးသတ္တိပါလာတယ်။ ခေါင်းဆောင်ကြီး ၃ ယောက်က (နဝတ၊ နအဖ)ထံကို သီလတောင်းခံတာမျိုး၊ ဥပုသ်ထိုင်စောင့်တာမျိုး၊ တရားထိုင်ကျင့်နေတာမျိုး လုပ်နေတာ မဟုတ်ပါ။ (နဝတ၊ နအဖ)ကို တိုက်နေတယ်။ ဒီမိုကရေစီအောင်ပွဲ ရအောင်တိုက်မယ်။ တိုက်ပွဲ ပထမအဆင့်ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်ပွဲ အခြေအနေ ကောင်းတယ်။

အဖွဲ့ချုပ်နဲ့ တိုက်ပွဲအခြေအနေကောင်းနေလို့ စစ်အာဏာရှင်၊ စစ်ဗိုလ်ချုပ်ကြီးတို့က အကြောက်ကြီးကြောက်နေကြပြီး လွှတ်တော်အမတ်များနဲ့ အဖွဲ့ဝင်များကို ဥပဒေမဲ့ ဖမ်းထားတယ်။ ဖမ်းထားတဲ့အထဲက စိတ်ဓာတ်ခံယူချက် အားနည်းနေသူများကို ဖိအားတွန်းအားပေးပြီး တော်လှန်တဲ့ သွေးသတ္တိ အမွှေးတွေကို ဆွဲနှုတ်ယူထားပြီး ပြန်လွှတ်တယ်။ မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲ အောင်ပွဲရဖို့အတွက် လှုပ်ရှားစည်းရုံးနေတဲ့ ရဲဘော်ရဲမေများ အဖမ်းခံရပြီး ထောင်ကျနေတာ ညှဉ်းပန်းနှိပ်စက်မှု ဒုက္ခအမျိုးမျိုးကို ခံစားနေရပြီး ရဲဘော် ရဲမေ အချို့ ကွယ်လွန်သွားတယ်။ အသက်ရှင် ကျန်နေတဲ့ ရဲဘော် ရဲမေများကို ကျနော် ခံယူထားတဲ့ စိတ်ဓာတ်နဲ့ အားပေးပါတယ်။ ဒုက္ခပေါင်းစုံ ခံစားနေရတာကို မိမိအတွက် ကြီးမားတဲ့ခွန်အားအဖြစ် ခံယူကြပါ။ အသက်ရှင်ပြီး ထောင်ထဲမှာရှိနေကြတဲ့ ရဲဘော်များ ရဲမေများ ထောင်တွင်းမှာ ကွယ်လွန်သွားတဲ့ ရဲဘော်များ၊ ရဲမေများကို ချစ်ကြည်လေးစားစွာနဲ့ တော်လှန်တဲ့ သွေးသစ္စာနဲ့ ဂုဏ်ပြုပါတယ်။

ကေအဲန်ယူအပေါ် အမြင်

ပစ်တိုင်းထောင်ကောင်းတယ်။ အမျိုးသားတော်လှန်ရေးမှာ အမျိုးသားအလံတော်ကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး နှစ်ပေါင်းငါးဆယ်ကျော် အုပ်စိုးသူ အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်လာခဲ့တဲ့ အတွေ့အကြုံများ၊ သင်ခန်းစာများနဲ့ သဘောတရားရေးပိုင်း၊ လက်တွေ့ပိုင်းတို့မှာပိုပြီး ရင့်ကျက်လာတယ်။ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး သို့မဟုတ် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ကြေညာချက်ကိုထုတ်ပြန်ပြီး အစိုးရအဆက်ဆက်ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အာဏာရ အစိုးရအဆက်ဆက်က ဒီပြဿနာကို အရင်းခံကျကျ ကိုင်တွယ်ဖြေရှင်းတုံ့ပြန်တာ မရှိခဲ့သေးဘူး။

အစိုးရက တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းဖိတ်ခေါ်ရင် ကေအဲန်ယူက ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုပြီး အစိုးရကို သွားတွေ့တယ်။ ဆွေးနွေးကြတဲ့အခါ ကေအဲန်ယူက အမျိုးသားနိုင်ငံရေး ပြဿနာကို အမျိုးသားနိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြပြီး ဖြေရှင်းဖို့အတွက် တင်ပြဆွေးနွေးတာကို အစိုးရအဆက်ဆက်က ပယ်ချပြီး အညံ့ခံခိုင်းတယ်။ အညံ့ခံရေးကို ကေအဲန်ယူက လုံးဝ လက်မခံပါ။ မူဝါဒ မရှိပါ။ အညံ့ခံခိုင်းလို့မရတဲ့အတွက် ဆွေးနွေးပွဲမပျက်ခင် ကြိုတင်ပြင်ဆင်ထားတဲ့ စစ်အင်အား နှစ်သောင်းကျော်၊ သုံးသောင်းနဲ့ ထိုးစစ်ကြီးဆင်ပြီး ကေအဲန်ယူကို ဝင်တိုက်တယ်။ ကေအဲန်ယူကလည်း မလွှဲသာမရှောင်သာလို့ ခုခံတိုက်ခိုက်နေရတယ်။ 

အစိုးရဆက်ဆက် ထိုးစစ်ကြီးနဲ့ တိုက်တာကို ကေအဲန်ယူက လက်တုံ့ပြန်ပြီး ခုခံတိုက်ခိုက်နေတာ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အခြေခံဖြစ်ပါတယ်။ ကေအဲန်ယူအနေနဲ့ အမျိုးသားရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စတဲ့ တိုင်းရင်းသားတွေရဲ့ မွေးရာပါ ကိုယ်ပိုင်အခွင့်အရေးတွေကို ဒီ တိုင်းရင်းသားလူမျိုးတွေရဲ့လက်ထဲကို ပြန်ပေးအပ်ဖို့ဖြစ်ပါတယ်။ ဒီအခွင့်အရေးရတဲ့အထိ အမျိုးသားတော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာ ရပ်တည်ပြီး တိုက်ပွဲဝင်သွားမယ်။

မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အမြင်

မိမိတို့အဖွဲ့အစည်းတိုင်း ပုံမှန်လုပ်ငန်းများ တာဝန်ရှိထားကြတဲ့အတိုင်း ဆောင်ရွက်နေကြပါတယ်။ အရေးကြီးတဲ့ ကိစ္စကြီးငယ် ဖြစ်ပေါ်လာရင် တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များ တွေ့ဆုံစုစည်းကြပြီး၊ ဆွေးနွေးပွဲ၊ စည်းဝေးပွဲထိုင်ကြပြီး တာဝန်ရှိထားကြတဲ့အတိုင်း ဆောင်ရွက်နေကြတဲ့အတွက် အခြေအနေကောင်းတယ်။

တော်လှန်ရေးနယ်မြေအတွင်းရှိ လူထုအခြေအနေအပေါ် အမြင်

ကေအဲန်ယူနယ်မြေအတွင်းမှာ ရှိနေကြတဲ့ ကရင်အမျိုးသားများ၊ လူထုများ မြို့နယ်များအတွင်း နှစ်ပေါင်း ငါးဆယ်ကျော် ရန်သူထိုးစစ်ကြီး၊ လတ်၊ ငယ် တိုက်ပွဲအတွေ့အကြုံ၊ သင်ခန်းစာများနဲ့ အခါပေါင်းများစွာ ရင်ဆိုင်ထိတွေ့နေကြတယ်။ စစ်ဘေးစစ်ဒဏ်ကို အကြိမ်ကြိမ်ခံနေရတဲ့အတွက် မြန်မာအစိုးရ စစ်တပ်တွေကို စိတ်အနာကြီး နာနေကြပါတယ်။ ကရင်အမျိုးသား လူထုအနေနဲ့ ရန်သူ့ ထိုးစစ်များကြောင့် ဆန်ရိက္ခာပြတ်တယ်။ စားစရာ လုံးဝမရှိဘူး။ ရရာ စားပင်သောက်ပင်၊ အရွက်၊ သစ်ဥသစ်ဖုများကို စားနေကြပြီး ကိုယ်တခု ဝတ်တထည်နဲ့ လူကြီး ကလေးပါ ကျန်းမာရေး ထိခိုက်လာတယ်။ စားဝတ်နေရေး၊ ကျန်းမာရေး ဘေးဒုက္ခကြီးကို တွေ့ထိခံစားရပေမယ့် (နဝတ၊ နအဖ) ပြောင်းရွှေ့ခိုင်းတဲ့နေရာကို မသွားကြဘူး။ စိတ်နာကျည်းနေတယ်။ အဆိပ်သောက်ပြီး သေချင်ကြလို့ အဆိပ်ဆေးကို တောင်းတယ်။ သေနတ်နဲ့ အသီးတောင်းတယ်။ ဒီအတွေးအခေါ်၊ ခံယူချက် စိတ်ဓာတ်ရှိနေကြတဲ့အတွက် ကရင်အမျိုးသားနဲ့ လူထုစိတ်ဓာတ် အခြေအနေ အလွန်ကောင်းပါတယ်။

မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုအခြေအနေအပေါ် အမြင်

တိုင်းရင်းသား အမျိုးသားအပေါင်းတို့က ဥပဒေတွင်း အမျိုးသားဒီမိုကရေစီတိုက်ပွဲနဲ့ တောတွင်း ကေအဲန်ယူနဲ့ တော်လှန်ရေးအဖွဲ့အစည်းများ၊ နယ်စပ်နှင့် ပြည်ပရောက် ဒီမိုကရေစီတိုက်ပွဲဝင် လှုပ်ရှားသူများကိုလည်း စိတ်ဓာတ်ရေးရာအရ အားပေးထောက်ခံကြတယ်။ ကိုယ်ရောစိတ်ပါ လက်တွေ့အားပေး ထောက်ခံမှု အနည်းစု ရှိပါတယ်။ အများစုက ရှေ့တိုး နောက်ဆုတ်ဖြစ်နေသေးတယ်။ အထူးသဖြင့် မြို့ပေါ်ရှိ အမျိုးသားတို့မှာ ရှစ်လေးလုံးအရေးတော်ပုံကြီး တိုက်ပွဲမှာ ရက်ရက်စက်စက် ချေမှုန်းခံခဲ့ရတဲ့ အတွေ့အကြုံကြောင့် ကြောက်ရွံ့နေကြပါတယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: