Wednesday, November 23, 2011

ဒေါ်အောင်ဆန်းစုကြည် ... ဘယ်လဲ ..ဘာလဲ ... (မောင်သာရ)


သိတယ်နော် ...၊ အခုလာတော့မယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ့ ... ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို ... ဆုံးဖြတ်မယ် လို့ ကြေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ့ ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက် ... ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။

သည်ကနေ့ ၃ ရက်အလို နိုဝင်ဘာလ ၁၅ ရက်နေ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့ ... ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်၂ ဦး အပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့ ... လက်မှတ်ရေးထိုး ကန့်ကွက်ထားပါတယ်။


အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ... မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါပြီ။ နောက်ထပ် ဘယ်ပါတီအဖွဲ့အစည်းတွေနဲ့ ဘယ်တသီးပုဂ္ဂလ အဖွဲ့ဝင်တွေက ဘယ်လို ကြေညာကြအုံးမယ်တော့ မပြောတတ်ပါဘူး။ နောက်တခုက ... နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့် နောက်ဆုံးပိတ်ရက်နဲ့  ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလဲ... အစိုးရက မကြေညာသေးပါဘူး။

အမှန်တော့ သည်ရွေးကောက်ပွဲက ကြားဖြတ်ရွေးကောက်ပွဲပါ။ အမတ် ၄၈ ယောက်အတွက် လစ်လပ်နေတဲ့ ၄၈ နေရာတည်းပါ။ သည် ၄၈ နေရာအားလုံးကို ဘယ်ပါတီအဖွဲ့အစည်းကဖြစ်ဖြစ် သိမ်းကျုံးပြီး အနိုင်ရသွားသွား။ လွှတ်တော်ထဲမှာ ဘာမှ ပြောင်းလဲသွားစရာ မရှိပါဘူး။ ဒီမိုကရေစီအင်အား လူနည်းစုက လူနည်းစုပါပဲ။ ပြောရရင် သည် ၄၈ နေရာဆိုတာတွေထဲမှာမှ ... လုံးဝ လုံခြုံမှုမရှိတဲ့နေရာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေနဲ့ ... အစိုးရ နေပြည်တော်ရဲ့ ရပ်ကွက်မဲဆန္ဒနယ်တွေကလည်း ပါနေပါသေးတယ်။ ဆိုတော့ နေရာပိုနည်းသွားတာပေါ့။

လူပြိန်းတွက်ပဲ တွက်ကြည့်လိုက်နိုင်ပါတယ်။ အရည်မရ အဖတ်မရ၊ ဘာမှ ထူးခြားပြောင်းလဲလာမှာ မဟုတ်ရင်ဖြင့် ... မိမိရဲ့မူလဆုံးဖြတ်ချက်ဟောင်းကို ပြင်၊ သိက္ခာ အကျခံပြီး... ဘာလုပ်ဖို့ ဝင်အရွေးခံနေကြတော့မလဲ။ ပြီး လွှတ်တော်ထဲရောက်ရလို့လဲ ... ရောက်နှင့်နေကြတဲ့ ကိုယ့်လူရောင်းရင်းဟောင်းတွေကိုပဲ လှမ်းကြည့်လိုက်လေ ...။ ခေါင်းပေါင်းစတလူလူနဲ့ လူရုပ်ဆင်ထားရတာက လွဲလို့ ... ပါးစပ်ခြင်ခြောက်နေရတာ မဟုတ်လား။

ဒါပေမယ့် အစိုးရကတော့ ဒီမိုကရေစီဘက်သား အတိုက်အခံပါတီဝင်တွေကို ဝင်လာအရွေးခံစေချင်ပုံရပါတယ်။ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က ကြိုဆိုပါတယ် ဖိတ်ခေါ်ထားတာပဲ။ ကျုပ်အထင် (ထင်မြင်ချက်ပေါ့နော်) ကို ပြောရရင်တော့၊ ဒေါ်အောင်ဆန်းစုကြည်သာ ဝင်အရွေးခံမယ်ဆိုရင် ... အစိုးရဘက်က ယှဉ်ပြိုင်အရွေးခံမယ့်ပုဂ္ဂိုလ်တောင် ရှိချင်မှရှိပါလိမ့်မယ်။ ရှိရင်လည်း စာရင်းပိတ်ခါနီးမှာ နုတ်ထွက်ပေးလိုက်မှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပြိုင်ဘက်မရှိ အနိုင်ရဖွယ် ရှိပါတယ်။

အဲ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုရင်တော့ ... မူလထားရှိတဲ့ ရည်ရွယ်ချက်အတိုင်း ထိုက်သင့်တဲ့ရာထူးတနေရာတော့ ချီးမြှင့်ရပါလိမ့်မယ်။ တချို့နိုင်ငံရေးပုဂ္ဂိုလ်အကဲခတ်တွေနဲ့ တချို့သတင်း media တွေကတော့ ဒုတိယသမ္မတတို့၊ ဝန်ကြီးချုပ်တို့၊ အနိမ့်ဆုံး ပြည်ထောင်စုဝန်ကြီးတနေရာတို့ ... စသဖြင့် တနေရာရာ ပေးလိမ့်မယ်လို့ ... ထင်ကြေးနဲ့ ကောလဟာဠသတင်း ထုတ်လွှင့်နေကြလေရဲ့။

ဒါပေမယ့် သည်ကနေ့ သက်ရှိထင်ရှားရှိနေတဲ့ ... ‘နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ အရကတော့ အဲသည် ဒုတိယသမ္မတရာထူးကို ဘယ်သူကမှ ပေးပိုင်ခွင့် မရှိပါဘူး။ သည် ‘ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ အရပဲ ... ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဝန်ကြီးချုပ်တွေဆိုတာကလည်း ... (၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာင်းထဲက ဝန်ကြီးချုပ်ဦးနုတို့လို အာဏာရှိတဲ့ဝန်ကြီးချုပ်မျိုး မဟုတ်တဲ့အတွက်) ပေးလိမ့်မယ် မထင်ပါဘူး။

အဲ ... ပြည်ထောင်စုဝန်ကြီးဆိုတဲ့ ဝန်ကြီးတနေရာကတော့ ပေးမယ်ဆိုရင် ပေးနိုင်ပါရဲ့။ ဒါပေမယ့် ပြည်ထောင်စု ဝန်ကြီးတယောက်အနေနဲ့ရှိရမယ့် လိုက်နာရမယ့် အရည်အချင်း စည်းကမ်းစည်းမျဉ်းတွေကလည်း ဥပဒေမှာ ရေးဆွဲ ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ဝန်ကြီးတယောက်အနေနဲ့ အစိုးရအဖွဲ့ဝင်ဖြစ်သွားပြီးဖြစ်တဲ့အလျောက် ... မိမိလာခဲ့ရာ မိခင်ပါတီရဲ့ လုပ်ငန်းတာဝန်များကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ ... မိခင်ပါတီရဲ့ အစည်းအဝေးများ အခမ်းအနားများကိုလည်း ပါဝင်တက်ရောက်ခြင်း မရှိစေရ ... လို့ သတ်မှတ်ထားပါတယ်။ အကယ်၍ ပြည်ထောင်စုဝန်ကြီး အဖြစ်သာ ခန့်အပ်ခံရလျှင် ... ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရဖြစ်သွားပြီဖြစ်တဲ့အတွက် ... အခုလက်ရှိ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ဘဝကို မလွှဲမသွေ စွန့်လွှတ်လိုက်ရတော့မှာ ဖြစ်ပါတယ်။

သိတယ်နော်... ဒီမိုကရေစီရေး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ဒီမိုကရေစီ ဗဟိုဦးစီး အဖွဲ့ဝင်တွေ တရာကျော် ရှိပါတယ်။ ဒီမိုကရေစီကို အသက် သွေးချွေးတွေနဲ့ရင်းပြီး လိုလားတောင့်တနေကြတဲ့ ပြည်သူလူထုကြီးလည်း ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လမ်းပြောင်းခဲ့သည်ရှိသော် ... ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတကွ လက်တွဲရက်ပဲရှိနေကြမလားဆိုတာတော့ မပြောနိုင်ပါဘူး။
မောင်သာရ

ကိုကား စာရင်း ...။

နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်မှ ...
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ... ပုဒ်မ ၆(ဂ) ... ပုဒ်မ ၁၀(င) ... ပုဒ်မ ၁၂(က) ၁ ...
အခန်း၃။ နိုင်င်ငံတော်သမ္မတ နှင့် ဒုသမ္မတများ ... ပုဒ်မ ၅၉(စ)
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ... ပုဒ်မ ၂၃၂(က မှ ဋ အထိ)


 

No comments: