Tuesday, November 29, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၈)

နဝတ၊ နအဖ အပေါ် အမြင်

၁၉၆၂၊ မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းယူတဲ့နေ့ကစပြီး စစ်အုပ်စုက စစ်အာဏာကို တည်ဆောက်တယ်။ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ တလျှောက်လုံးမှာ စစ်အာဏာရှင်၊ စစ်ဗိုလ်ချုပ်ကြီးတို့က စစ်အာဏာကို ဆက်ခါ ဆက်ခါ တိုးမြှင့်ပြီး အကြင်နာတရားကင်းမဲ့စွာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ၃၆ နှစ်အတွင်းကို ရောက်နေပါပြီ။ မြန်မာပြည်အရပ်ရပ်မှာ စစ်တပ်အာဏာနဲ့ ရမ်းချင်တိုင်း ရမ်း၊ ကြမ်းချင်တိုင်းကြမ်း နှိပ်ကွပ်နေတဲ့လုပ်ရပ်များကိုကြည့်ရင် ပဒေသရာဇ် မြေကျွန်ယာကျွန်ခေတ် နယ်ချဲ့ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်ကထက် ကြမ်းကြုတ်ရက်စက်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးတွေဟာ အပြစ်မဲ့ပြည်သူလူထုကို ရိုက်သတ်တယ်။ ပစ်သတ်တယ်၊ ပေါ်တာဆွဲရာမှာရော၊ လုပ်အားပေးရာမှာပါ ဝန်ထုပ်ဝန်ပိုး မထမ်းနိုင်ရင် အလုပ်မလုပ်နိုင်ရင် ညှဉ်းပန်းနှိပ်စက်တယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ သတ်ပစ်တယ်။ အပြစ်မဲ့ ကလေးတွေကို ပစ်ခတ်သတ်ဖြတ်တယ်။ ဘာမှမသိတဲ့ကလေးတွေကို ရန်သူလို သဘောထားပြီး မီးပုံထဲမှာ ပစ်ချတယ်။ လယ်ကွင်းတွေ၊ ဥယျာဉ်ခြံမြေတွေမှာ မိုင်းထောင်တယ်။ စပါးခင်းတွေ၊ လယ်ယာစိုက်ခင်းတွေကို ဖျက်ဆီးနေတယ်။ စစ်အာဏာရှင်ကြီးစိုးနေတာကြောင့် တောရော မြို့မှာပါ ပြည်သူတွေဟာ ကျန်းမာရေးဘက်က ကြည့်ကြည့်၊ ပညာရေးဘက်က ကြည့်ကြည့်၊ စီးပွားရေးဘက်ကပဲ ကြည့်ကြည့် ဘက်စုံ ဆင်းရဲဒုက္ခရောက်နေကြပါတယ်။ အနေချောင်တာက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ သူတို့ ပံ့ပိုးပေးထားတဲ့ လက်ဝေခံတွေလောက်ပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတို့က ပြည်သူလူထုရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို လုံးဝ မပေးပါ။ လုပ်ငန်းဌာနအားလုံးကို ချုပ်ကိုင်ထားပြီး ဌာနတိုင်းမှာ ပစ္စည်းများ ချို့တဲ့ရှားပါးနေတယ်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး ဖြစ်ပါတယ်။ စာပေလောကမှာလည်း သတင်းစာ၊ ဂျာနယ်၊ သတင်းထုတ်ပြန်ချက်များကို အမြဲစိစစ်တည်းဖြတ်နေတဲ့အတွက် လွတ်လပ်မှု မရှိပါ။ တင်းကြပ်စွာ ပိတ်ပင်ထားတယ်။ ဒီလုပ်ရပ်ဟာ ပြည်သူလူထုကြီးရဲ့ မျက်စိ၊ ပါးစပ်၊ နားကို ပိတ်ဆို့ထားတယ်။ စီးပွားရေးလောကမှာလည်း စစ်အုပ်စုစီးပွားရေးကို လုပ်ရာမှာ မြေပေါ်မြေအောက်၊ ရေပေါ်၊ ရေအောက်၊ သယံဇာတပစ္စည်းများကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူရောင်းစားနေလို့ တိုင်းပြည်သယံဇာတတွေ ခမ်းခြောက်လာပါပြီ။ တိုင်းရင်းသား အမျိုးသားပြည်သူလူထုကြီးတို့မှာ ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်နေတဲ့ ဘေးဒုက္ခ ဘဝဆိုးကြီးကို ခံစားနေရပါတယ်။ ပြောလို့မကုန်နိုင်ပါ။ ချုပ်ပြီးပြောပါရစေ။ စစ်အာဏာရှင်တွေဟာ မကောင်းတဲ့ ဒုစရိုက်၊ အကုသိုလ်အလုပ်များကို အားလုံး လုပ်တယ်။ ထွန်းကားရေးကို နှောက်ယှက်ဖျက်ဆီးနေတယ်။ ဖြစ်နိုင်ခြေရှိရင် အာကာသလောကကြီးကိုတောင် မီးတက်ရှို့မှာဖြစ်တယ်။

၁၉၆၂ မတ်လ ၂ ရက်နေ့ကစပြီး ယခုအထိ စစ်အုပ်စုက လုပ်ခဲ့တဲ့ အကုသိုလ်ဒုစရိုက်မှန်သမျှအတွက် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတို့မှာ အဓိက တာဝန်ရှိတယ်။ အောက်ခြေမှာရှိတဲ့ အရာရှိ၊ အရာခံ အကြပ်တပ်သားများရဲ့ အဓိက အမှား မဟုတ်ပါ။ ထမင်းနပ်မှန် စားရရေး၊ ဘဝရှင်သန်ရေးအတွက် ကြေးစားစစ်မှုထမ်းဘဝကို သူတို့ လုပ်နေရတာပါ။ ကြေးစားစစ်မှုထမ်းရင် စစ်အာဏာရှင်၊ စစ်ဗိုလ်ချုပ်ကြီးတို့ အမိန့်ပေးတဲ့အတိုင်း ခိုင်းတာများကိုလုပ်နေရတယ်။ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး၊ စစ်အုပ်စုက လူသားကိုစားပြီး ဝါးမျိုနေကြတာကြောင့် အောက်ခြေက အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအပေါင်းတို့အနေနဲ့ စစ်ဘီလူးအာဏာရူး၊ စစ်ဗိုလ်ချုပ်ကြီးများရဲ့ စစ်အုပ်စုနဲ့ လမ်းခွဲကျောခိုင်းပြီး တိုင်းပြည်အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ မိဘပြည်သူလူထုကြီးထံ အပ်နှံကာ ရင်သွေးများပီပီ မိဘရင်ခွင်ထဲကို ပြန်ဝင်ကြပါ။ မိဘဖြစ်တဲ့ ပြည်သူလူထုကြီးက သင်တို့ကို နွေးထွေးစွာ ဝမ်းမြောက်ဝမ်းသာ ဖက်လှဲတကင်း ကြိုဆိုမှာဖြစ်တယ်။

ဒီမိုအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် (နဝတ၊ နအဖ) စစ်ဗိုလ်ချုပ်ကြီးအပေါ် အမြင်

နအဖတို့ဟာ ယခု နေဝင်ချိန်ရောက်နေပြီ။ ကမ်းနားသစ်ပင်လို အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်တယ်။ ဆိုးသွမ်းတဲ့ စစ်အာဏာရှင်အဖြစ်နဲ့ သူတို့ဘဝကို နိဂုံးမချုပ်ချင်ရင် ဘက်ပေါင်းစုံ ပျက်စီးယိုယွင်းနေတဲ့ တိုင်းပြည်ကြီးကို ပြန်လည် အဖတ်ဆယ် ကယ်တင်လိုလျှင် ဒေါ်စု ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲ မဲ အနိုင်ရ၊ အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရမယ်။ သခင်အောင်ဆန်းက နယ်ချဲ့ကိုလိုနီခေတ်မှာ အုပ်စိုးသူတွေကို အထွေထွေ သပိတ်တိုက်ပွဲနဲ့ ရင်ဆိုင်အံတုသလို ဒီကနေ့ ပြည်သူလူထုကလည်း တိုက်ပွဲဝင်သင့်တယ်။ ဒါကို အဲန်အယ်လ်ဒီ ခေါင်းဆောင်ကြီးများက ထောက်ခံသင့်တယ်။ နအဖ စစ်တပ်တွေက ဆန္ဒပြလူထုကို ပစ်သတ်မယ်ဆိုရင် အဲန်အယ်လ်ဒီ ခေါင်းဆောင်များက လူထုရှေ့မှာ မားမားမတ်မတ်ရပ်ပြီး နအဖ စစ်တပ်ကို မလုပ်သင့်တာမလုပ်ဖို့ တားမြစ်ရမယ်။ ဒါကို လက်မခံဘဲ နအဖ တပ်တွေက အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေကိုရော ဒေါ်စုပါ မကျန် သူတို့ကို ဆန့်ကျင်သူမှန်သမျှ ချေမှုန်းမယ်ဆိုရင် တပြည်လုံးမှာ လူထုကြီးရဲ့ ဒေါသမီး တောက်လောင်သွားမှာပဲ။ နအဖ တပ်တွေက အဲဒီလို သတ်ရဲမယ်လို့တော့ ကျုပ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် စစ်အာဏာရှင် မင်းဆိုးမင်းညစ်တွေ ကမ္ဘာ့သမိုင်းမှာ ဘဝနိဂုံးချုပ် မကောင်းခဲ့ကြသလို လက်ရှိ နအဖတွေလည်း သမိုင်းအမှိုက်ခြင်းတောင်းထဲ ရောက်သွားကြရမှာ သေချာတယ်။ နအဖတို့က ဒီလိုပဲ ဆက်လက်ပြီး ခေါင်းမာတင်းခံနေမယ်ဆိုရင် ဖြစ်ပေါ်လာသမျှ နောက်ဆက်တွဲ ဆိုးကျိုးမှန်သမျှအတွက် သူတို့သာ တာဝန်ခံရမှာဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်။

ကရင်အမျိုးသားနဲ့ ပြည်သူလူထုကို ပြောလိုသည့်စကား

ကျနော်တို့ ကရင်အမျိုးသားသမိုင်းအရ၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်နဲ့ ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ၊ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်ခံလာရတာ။ ကျွန်ဖြစ်ခံလာရတဲ့ ဘဝဆိုးကြီးက လွတ်မြောက်ပြီး လွတ်လပ်ချင်ပါတယ်။ ထိုနည်းတူစွာ ကျနော်တို့ကရင်အမျိုးသားတွေနဲ့ ဘဝတူဖြစ်နေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားများကလည်း လွတ်မြောက်ပြီး လွတ်လပ်တာကို လိုချင်ကြပါတယ်။ မိမိတို့ ဆုံးရှုံးနေရတဲ့ မွေးရာပါ ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ပြန်ရဖို့အတွက် နိုင်ငံရေး တိုက်ပွဲအရ အစိုးရအဆက်ဆက်ကို ဆန္ဒပြပြီး တောင်းဆိုခဲ့ကြတာကို အစိုးရအဆက်ဆက်က လူမှုအခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးကို ပြန်မပေးဘဲ အတင်းအဓမ္မ လုယူထားပြီး သေနတ်နဲ့ ပစ်သတ်နေတာကို ခံနေရတဲ့အတွက် အဆုံးခံထားရတဲ့ အခွင့်အရေးကို ပြန်မရမချင်း ပြန်ရအောင် မြန်မာပြည်တိုင်းရင်းသား အမျိုးသားပြည်သူလူထုကြီးနဲ့ ရဟန်းသံဃာတော်များ၊ တော်လှန်ရေးအဖွဲ့အစည်းများက ချွေး၊ သွေး၊ အသက်ပေးပြီး တိုက်ပွဲဝင်လာခဲ့ကြတာ ဥပမာနဲ့ တင်စားပြီး ပြောရပါက အသက်ပေါင်းထောင်သောင်းမက ဆုံးရှုံးခဲ့ရပါပြီ။ သွေးများလည်း ပင်လယ်ရေပြင်ကြီးလို ဖြစ်နေပါပြီ။ အရိုးများလည်း တောင်လိုပုံနေပါပြီ။ ဒီအသက်၊ ဒီသွေး၊ ဒီအရိုးများကို တော်လှန်တဲ့ သွေးသား၊ ခွန်အားအဖြစ် မွေးမြူခံယူထားကြပြီး တဗိုလ်ကျ၊ တဗိုလ်တက်၊ သွေးသတ္တိနဲ့ တော်လှန်လာခဲ့ကြတာ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးရှေ့မှောက်မှာ ဆိုက်ရောက်လာပြီး ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆွဲကိုင်ပြီး ယူထားကြမယ်လား။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတို့ကို အကြောက်ကြီးကြောက်နေရလို့ အဆုံးခံထားရတဲ့ အခွင့်အရေးကို ပြန်ယူရဲတဲ့ သွေးသတ္တိမရှိကြပါက အကြောက်တရားနဲ့ ထမင်းအငတ်ခံပြီး ဘဝကို အဆုံးခံရင် ဖြစ်လေရာဘဝမှာ အငတ်ခံပြီး ကြောက်နေရတဲ့ အကြောက်တရား သံသရာဝဲဂယက်ထဲမှာ ကျနော်တို့ ဘယ်သောအခါမှ လွတ်မြောက်ကြမှာ မဟုတ်ပါ။ အကြောက်တရားများကို ကျနော်တို့သွေးသားထဲမှာ စွဲကပ်မထားကြဘဲ နိုးကြားတက်ကြွစွာနဲ့ စိတ်ရောကိုယ်ပါ တိုက်ပွဲဝင်ကြဖို့ အသင့်ရှိနေကြပါ။ ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းနဲ့ (နဝတ၊ နအဖ)ကြားမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး ရောက်နေပါပြီ။

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတို့က အာဏာကို လုံးဝမပေးချင်ဘဲ ခြေထောက်ကို ကျားကန်ထားပြီး မျက်စိကို စုံမှိတ်၊ အံကိုကြိတ်ပြီး ဆွဲထားတယ်။ ဆွဲထားလို့ လုံးဝ မရတော့ပါ။ ကျနော်တို့ လူသားတိုင်း စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးတို့မှာ လူသားများ ဘဝရပ်တည်နိုင်ရေးနှင့် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဟာ မရှိမဖြစ်တဲ့ ကိစ္စကြီးဆိုတာကို ရိုးရိုးလေး နားလည်သိရှိထားကြလို့ အသေခံပြီး တိုက်ပွဲဝင်နေကြတာပါ။

ဒီမိုကရေစီကို လက်ဝါးဖြန့်တောင်းလို့ မရနိုင်သလို တိုက်ပွဲခေါင်းဆောင်မှု မရှိပါက လုံးဝ မရနိုင်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ (ဗိုလ်ချုပ်ဟောင်း)၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း)၊ သခင်အောင်ဆန်း ခေါ် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖခင်ကြီးရဲ့တော်လှန်တဲ့ သွေးသတ္တိပါလာတဲ့ မြန်မာပြည်ဒီမိုကရေစီ၊ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လက်တွဲမဖြုတ်၊ စည်းလုံးညီညွတ်မှုနဲ့ တိုက်ပွဲ အားမာန်အပြည့်အဝ ခံယူကြပြီး နအဖ စစ်အာဏာရှင်၊ စစ်ဘီလူး စစ်ဗိုလ်ချုပ်ကြီး၊ စစ်အုပ်စုတို့ကို ရဲရဲကြီးတိုက်ပါ။ ရဲရဲကြီး ထိုးဖောက်ပါ။ ရဲရဲကြီး ကျော်ဖြတ်သွားပြီး ဒီမိုကရေစီကို အရယူကြပါ။

မြေကြီးလက်ခတ်မလွဲရတယ်။ ကျနော်တို့အားလုံး ဘဝဆိုးကြီးထဲက လွတ်မြောက်ပြီး ငြိမ်းချမ်းလွတ်လပ်ကြပါစေ။

ကေအဲန်ဒီအိုခေါင်းဆောင် (ဗိုလ်ချုပ်)
ကေအဲန်ဒီအို(ဗဟို)ဌာနချုပ်

ဆက်လက်ဖော်ပြပါမယ်။


No comments: