Wednesday, November 23, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၇)

ဒီအပတ် အစီအစဉ်မှာတော့ သောတရှင်တွေကနေ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့အမြင် မေးမြန်းချက်၊ တရားရေးစနစ်နဲ့ပတ်သက်လို့ ပြောင်းလဲသင့်တဲ့အမြင်၊ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ယှဉ်နိုင်ဖို့ မြန်မာနိုင်ငံက အဓိက ဘာလုပ်ရမလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ MTU ဝန်ထမ်းတွေရဲ့အခြေအနေ စသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရေးထားဆွေးနွေး မေးမြန်းထားကြပါတယ်။ အရင်ဆုံးတော့ ဝိရယ်ဆိုတဲ့ သောတရှင်က KNU နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းအပေါ် အမြင်ကို မေးမြန်းထားပါတယ်။ 

မေး။ ပြီးခဲ့တဲ့အပတ် သတင်းကြားလိုက်မိတာက KNU အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၇ ဦး ဦးသိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး သတင်းကြားမိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးသိချင်တာက တကယ်လို့ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်တဲ့ အစိုးရဆိုခဲ့လျင် KNU ရဲ့ ရပိုင်ခွင့်ဟာ ဘာတွေလဲ။ ၆၃ နှစ်လောက် တိုက်ခိုက်ခဲ့တာ မြောက်များစွာသော အပြစ်မဲ့ပြည်သူ အသက် စတေးခဲ့ရပါတယ်။ ဒုက္ခသည်တွေလည်း ယခုအချိန်ထိရှိနေတုန်းပဲ။ ကျေးဇူးပြုပြီး အန်တီ ဖြေကြားပေးစေလိုပါတယ်။

ဖြေ။ အဖွဲ့အစည်းတခုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တယောက်နဲ့ပဲ ပတ်သက်လို့ပဲဖြစ်ဖြစ် စဉ်းစားတဲ့အခါမှာ ရပိုင်ခွင့်လို့ဆိုပြီးတော့၊ ထီးထီးကြီးကွက်ပြီး စဉ်းစားလို့မရဘူးလို့ အန်တီ ထင်ပါတယ်။ အခြေအနေ အချိန်အခါအပြင် ပြည်ထောင်စုတိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်တွေနဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီး ဝိုင်းဝန်းဆွေးနွေးပြီးမှ အဖြေရှာကြရမှာပါ။

ပြီးခဲ့တဲ့ တပတ်ကျော်တုန်းက MTU ဝန်ထမ်းများဆိုတဲ့ ရင်ဖွင့်ရေးသားချက်တခုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။ ဒီအပေါ်မှာပဲ MTU ဝန်ထမ်းများက ထပ်မံရေးသား ဆွေးနွေးလာပါတယ်။ စာက အတော်ရှည်ပါတယ်။ GTI ပေါင်းကူးကနေ YTU ရောက် အဲဒီကနေ အတော်ဆုံးသတ်မှတ်ခံရပြီး MTU အတွက် ရွေးခြယ်ခံခဲ့ရသူတွေ အခု MTU မှာ ခွဲခြား ဆက်ဆံခံနေရတာတွေနဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေကို ရင်ဖွင့်ရေးသားထားတာပါ။ ပေးပို့တဲ့ စာ အပြည့်အစုံကိုတော့ ဒေါ်အောင်ဆန်းစုကြည်ထံ အပြည့်အစုံ ပေးပို့ခဲ့ပါတယ်။ ဒီနေရာမှာတော့ အချိန် အကန့်အသတ်ကြောင့် အနှစ်ချုပ်ဖော်ပြလိုက်ရပါတယ်။ 

မေး။ ဘယ်လို ပိတ်ပင်တားဆီးထားလဲဆိုတော့ (၁) Ph.D. စတက်ဖို့ ရွေးချယ်ကတည်းကစတာပါ။ လူမူရေးအမှတ် ၅၀ ကို သူတို့ မရခဲ့ကြလို့ နောက် Batch တွေမှ ကျောင်းတက်ခွင့်ရကြပါတယ်။ ထားရာနေ စေရာသွား နည်းမျိုးစုံ စိတ်ပင်ပန်း လူပင်ပန်းနေ ထိုင်ခဲ့ကြပါတယ်။ (၂) Ph.D. တက်ခွင့်ရလာတော့လည်း Thesis ခေါင်းစဉ်ကို အတည်ပြုပေးဖို့ နှစ်ချီ စောင့်ခဲ့ရသလို လက်တွေ့လုပ်ငန်းလုပ်ဖို့ ခွင့်ပြုချက်ရဖို့ကိုလည်း နှစ်ပေါင်းများစွာ စောင့်ဆိုင်းစေပါတယ်။ (၃) Seminar တစ်ခုပေးခွင့်ရဖို့ နှစ်ချီစောင့်ဆိုင်းနေရခြင်း (၄) ထိရောက်သော လမ်းညွှန်မူများကို တစ်ခါမှမပေးဘဲ ဟန်ပြ အပတ်စဉ် seminar များ၊ အကျိုးမရှိသော seminar များကို ရုံးလုပ်ငန်းတွေနဲ့ တွဲဖက်လုပ်ကိုင်ရင်း နေ့စဉ်ရုံးစောင့်များ ဖြစ်နေရခြင်း (၅) အဆင်ပြေသူများကိုတော့ Results ရှိသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ နည်းသည်ဖြစ်စေ ဘွဲ့ပေးပါတယ်။ အပေါ်က မီးစိမ်းမပြဘဲ မီးနီပြခံရသူများဆိုရင်တော့ အားလုံးသောသူများက အနုနည်းနဲ့ နှိပ်ကွပ်ကြပါတယ်။ (၆) စစ်သား၊ စစ်မူထမ်းဟောင်း သားသမီးများကိုတော့ တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ နည်းမျိုးစုံနဲ့ နိုင်ငံခြားကို ပို့ပေးပါတယ်။

အမေ အခုဆိုရင် Ph.D. စတက်စဉ်က ၁၀ တန်းအောင်စကလေးများတောင် Master ပြီးပါပြီ။ မကြာခင် Ph.D. တက်ကြပါတော့မယ်။ စိတ်ဓာတ်ကျပြီး Ph.D. ကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်အောင် စောင့်နေတာလားတော့ မသိပါ။ ယခင်ဝန်ကြီး ဦးသောင်းထက် ယခု ဒီမိုကရေစီခေတ်က ပိုတောင်ဆိုးနေပါတယ် အမေ။ ယခင် ဝန်ကြီးက နြူကလီးယားကျောင်းသားများအကြောင်း သိထား လေတော့ အဆင်ပြေအောင် သူ့တို့သားသမီးကို နိုင်ငံခြား သုံးခေါက်လွှတ်ရင်၊ တစ်ခေါက်တော့ သွားခွင့်ရပါသေးတယ်။

ဖြေ။ အမေသာဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးတယ်နော်။ အမေက ပြဿနာရှိရင် ရင်ဆိုင်ပြီးဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းလို့ ထင်ပါတယ်။ နောက်ပြီးတော့ ညီညွတ်ရေးအင်အား ဆိုတာလည်း မနည်းပါဘူး။ အားလုံး မဟုတ်ရင်တောင် အများစုက အထက်က အဓိကပုဂ္ဂိုလ်ကို စာတင်သင့်တယ် ထင်ပါတယ်။ နောက်တခု လုပ်နိုင်တာကတော့ နည်းပညာနဲ့ပတ်သက်လို့ အလေးထားအားပေးတဲ့ ဂျာနယ်မဂ္ဂဇင်းတခုခုကို သား ဗွီအိုအေကို ရေးထားတဲ့အတိုင်း အကြောင်းကြားလိုက်စေချင်ပါတယ်။ MTU မှာ ဖြစ်ပျက်နေတာတွေကို လေ့လာစုံစမ်းဖို့ ပြုပြင်ဖို့လိုကြောင်း မီဒီယာကတဆင့် တင်ပြတာဟာ ထိရောက်နိုင်ပါတယ်။ အခု သား ဗွီအိုအေကို ရေးလိုက်တဲ့စာကို နားထောင်နေတဲ့ မီဒီယာသမားအားလုံးလည်း တတ်နိုင်သမျှ ဒီကိစ္စနဲ့ပတ်သက်လို့ ဝိုင်းဝန်းတိုင်ပင်ဖို့ အမေ မေတ္တာရပ်ခံလိုက်ပါတယ်။ အမေကိုယ်တိုင်လည်း အကြံဉာဏ်တွေတောင်းပြီး သားတို့ကို ကူညီဖို့ နည်းရှာပါ့မယ်။

ဦးမင်းအောင် (ရန်ကုန်)ဆိုသူကတော့ ဒီမိုကရေစီခေတ် တရားဥပဒေစိုးမိုးရေးအတွက် ဘယ်လောက် ခရီးပေါက်နေပြီလဲ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားပါတယ်။ 

မေး။ တရားရုံးတွေမှာ တရားသူကြီးတွေဆိုရင် နိုင်ငံရေးမှုဆိုရင် သူတို့လွတ်လွတ်လပ်လပ် ဆုံးဖြတ်မရဲပါဘူး၊ အထက်အမိန့်စောင့်ကြရပါတယ်။ ဒါဟာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွတ်ဖက်နေတာပါ။ တဖက်ကျတော့ သာမန်ရာဇဝတ်မှုတွေ ရှိပါတယ်။ မူးယစ်ဆေးဝါးမှု၊ လိမ်လည်မှု၊ လူရိုက်မှု စသဖြင့် ရာဇဝတ်မှုတွေဆိုရင်တော့ တရားသူကြီးတွေအတွက် ငွေလမ်းပေါက်ပါတယ်၊ အဲဒီကျတော့ လွတ်လပ်ပါတယ်။ ငွေများ တရားနိုင်သလို ဖြစ်နေပါတယ်။ အထက်ကိုလည်း ပေးရပါတယ်။ အဲဒီလို တရားစီရင်ရေးစနစ်မှာ ဖြစ်ပျက်နေတာတွေ အခု ဒီမိုကရေစီနိုင်ငံဖြစ်ပြီဆိုရင်တော့ ပျောက်လောက်မယ် ယူဆစရာပါ။ ဒါပေမယ့် ရေရှည် အမြစ်တွယ်နေတဲ့ ရောဂါကိုတော့ ကုရခက်ပါတယ်။ ဒီအတွက် တရားဥပဒေစိုးမိုးရေးအတွက် အခု အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့နေရာမှာ ဘယ်လောက် ခရီးပေါက်နေပြီလဲဆိုတာ သိချင်ပါတယ်။ အချို့ဟာတွေ ပြောရခက်မယ်ဆိုတာလည်း နားလည်ပါတယ်။ ဒါပေမယ့် ဒေါ်စုရဲ့အမြင် ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတာကိုတော့ သိချင်ပါတယ်။

ဖြေ။ တရားဥပဒေစိုးမိုးရေးအတွက် အဓိက လိုအပ်ချက်ကတော့ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်ဆိုတာ ဦးမင်းအောင် သိရှိနေပြီးဖြစ်ပါတယ်။ ဒီကိစ္စကို ကျမ အခွင့်အခါကြုံတိုင်း အစိုးရဘက်တင်မက နိုင်ငံရေးအသိုင်းအဝိုင်း သံတမန်အသိုင်းအဝိုင်းမှာ ထပ်တလဲလဲ ပြောပါတယ်။ ပြောတယ်ဆိုတာက တရားဥပဒေစိုးမိုးရေး အဓိကကျတယ် ဆိုတာကို သက်ဆိုင်သူတွေအားလုံး နားလည်လာအောင် မီးမောင်းထိုးပြခြင်းဖြစ်ပါတယ်။ အခုထက်အထိတော့ တရားရေး မဏ္ဍိုင်နဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေ မယ်မယ်ရရ မတွေ့ရသေးပါဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တဲ့အခါမှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံအတွက် အကျိုးရှိအောင် ပြုပြင်ပြောင်းလဲရေးတို့ကို အဓိက ဦးတည်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဥပဒေစိုးမိုးရေးကို ပထမထားရခြင်းအကြောင်းက ဥပဒေစိုးမိုးရေးမရှိဘဲနဲ့ အများလိုလားနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေကြတဲ့ကိစ္စတွေကို ကျေနပ်လောက်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ဖို့ရန် ဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးလှပါတယ်။

စင်ကာပူနိုင်ငံရောက် မဇင်မာဆိုတဲ့ သောတရှင်ကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်နိုင်ဖို့ ဘယ်အချက်တွေ အရေးကြီးလဲ မေးမြန်းပါတယ်။ 

မေး။ လက်ရှိနိုင်ငံရေးလေးက အကောင်းဘက်ကို ဦးတည်လာပါပြီ။ သမီးတို့မှာ သဃံဇာတတွေရှိတယ်။ ပထဝီနိုင်ငံရေးအရ အချက်အချာကျတယ်။ အခု စင်ကာပူတို့ ထိုင်းတို့ဆို အရမ်းတိုးတက်နေပြီ။ သမီးတို့ ထိုင်းရဲ့ တိုးတက်မှုကို အမီလိုက်ဖို့ စီမံချက်ချလိုက်ချမယ်ဆိုရင် လက်ရှိ အခြေအနေအရ အမြန်ဆုံးဦးစားပေးလုပ်ရမယ့် အချက်တွေထဲက ၅ ချက်လောက်ပဲ ရှင်းပြပေးပါလား။

ဖြေ။ စောစောက ဦးမင်းအောင်မေးခွန်းကိုဖြေတဲ့အခါမှာ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် လိုအပ်တဲ့အချက် သုံးချက် ထည့်ပြောသွားပြီး ဖြစ်ပါတယ်။ နောက်နှစ်ချက်ပဲ ပြောရမယ်ဆိုရင် ပြည်သူတွေ အရည်အသွေးတက်စေမယ့် ကျန်းမာရေး ပညာရေး ပြုပြင်မှုတွေနဲ့ နိုင်ငံသူ နိုင်ငံသားတွေ တန်းတူစီးပွားရေးအခွင့်အရေး ရစေမယ့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေပဲလို့ ပြောချင်ပါတယ်။ ဒါတွေဟာ အကြမ်းဖျဉ်းအားဖြင့် လိုအပ်ချက်တွေလို့ ပြောလိုက်တာပါ။ အသေးစိတ်ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။

အခုနောက်ဆုံးမေးခွန်းကလည်း တရားဥပဒေစိုမိုးရေးနဲ့ တရားရေးစနစ်နဲ့ ဆိုင်ပါတယ်။ အောင်ဇေယျဆိုတဲ့ သောတရှင် အီးမေလ်းကတဆင့် ရေးသားမေးမြန်းလာတာပါ။

မေး။ ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးစံနစ်မှာ တရားသူကြီး အဆင့်ဆင့် ခန့်အပ်ပုံနဲ့ တရားစီရင်ရေးစံနစ်တွေကို ကျွန်တော့်အနေနဲ့ ယခင်ကလည်း မကြိုက်ခဲ့ပါ။ ယခု ၂၀၀၈ ဖွဲ့စည်းပုံပါစံနစ်ကိုလည်း မကြိုက်ပါ ခင်ဗျား။ တခြား ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်လိုခန့်အပ်တယ်၊ ဘယ်လို ရွေးချယ်တင်မြောက်တယ်ဆိုတာနဲ့ ယခု ၂၀၀၈ ဖွဲ့စည်းပုံအရ ခန့်အပ်ပုံ ဘယ်လိုကွာတယ်ဆိုတာလည်း ရှင်းပြပေးစေလိုပါတယ်။ ဒါအပြင် ဂျူရီ လူကြီး ၅ ဦး သို့မဟုတ် ၇ ဦးနဲ့ ဖွဲ့ထားတဲ့ တရားစီရင်ရေးစံနစ်ကိုလည်း ရှင်းပြပေးစေလိုပါတယ်။ မြန်မာပြည်မှာ အဲလို ဂျူရီအဖွဲ့နဲ့ဆိုရင် လာဒ်ပေးရတာပဲ ပိုများလာပြီး ဘာမှ ထူးမလာမှာကိုလည်း စိုးရိမ်မိပါတယ် ခင်ဗျား။

ဖြေ။ တရားသူကြီးခန့်အပ်ပုံနဲ့ ဂျူရီစနစ်သုံးစွဲပုံတွေဟာ ကမ္ဘာတဝှမ်းမှာ အမျိုးမျိုးရှိပါတယ်။ အမေတို့နိုင်ငံမှာ အခုလောလောဆယ် အရေးကြီးနေတာက ဥပဒေစိုးမိုးရေးဆိုတာ ထပ်တလဲလဲ ပြောနေရပါတယ်။ ဥပဒေစိုးမိုးမှုဆိုတာ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိရင် မဖြစ်ပါဘူး။ ဒီတော့ တရားသူကြီးတွေကို ဘယ်လိုနည်းနဲ့ပဲ ခန့်အပ် ခန့်အပ် တရားသူကြီးတာဝန်ထမ်းဆောင်ပြီဆိုရင် နိုင်ငံရဲ့ အခြားမဏ္ဍိုင်တွေဖြစ်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်တွေရဲ့ သြဇာအာဏာက ကင်းရှင်းဖို့ လိုပါတယ်။ ဥပမာ ပေးရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ တရားရုံးချုပ် တရားသူကြီးတွေကို သမ္မတက ခန့်အပ်တယ်ဆိုပေမယ့် တာဝန် စ ထမ်းဆောင်တဲ့အချိန်ကစပြီး သမ္မတရဲ့ သြဇာခံ မဟုတ်တော့ပါဘူး။ ဂျုရီအဖွဲ့တွေနဲ့ပတ်သက်လို့ကတော့ ဒီမိုကရေစီနိုင်ငံတွေမှာတောင် အခုထက်အထိ ပြဿနာတွေ ရှိတတ်ပါတယ်။ ဥပမာဆိုရင် လူမျိုး ဘာသာ အဆင့်အတန်းနဲ့လိုက်ပြီး မျက်နှာသာပေးတာ ခွဲခြားဆက်ဆံတာတွေ ရှိတတ်လို့ အမြဲပဲ သတိနဲ့ လေ့လာရပါတယ်။ ဂျူရီ လူကြီးတွေအနေနဲ့ တရားဥပဒေစံနှုန်းအရ မလုပ်တာတွေ ရှိရင် ထိမ်းရမှာကတော့ တရားသူကြီးတွေရဲ့ တာဝန်တရပ်ဖြစ်ပါတယ်။ ဒါကြောင့် သမ္မာသမတ်ရှိပြီး ပြည်ပ ဖိအားတွေ ကင်းလွတ်တဲ့ တရားသူကြီးတွေရှိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။ အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။ ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။


 

No comments: