Tuesday, November 22, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၆)


- နိုင်ငံရေးတိုက်ပွဲနှင့် စစ်ရေးတိုက်ပွဲကို အခြေအနေဖြစ်ပေါ်မှုနှင့် ပေးအပ်လာမှုအပေါ်မူတည်၍ တိုက်ပွဲဝင်သွားမည့် ရပ်တည်မှု။

- ဒေသစစ်ပွဲချုပ်ငြိမ်းသွားပြီး လက်ရှိကာလအခြေအနေမှာ စစ်ရေးတိုက်ပွဲ မလိုအပ်တော့သဖြင့် နိုင်ငံရေးတိုက်ပွဲနှင့်သာ တိုက်ရမည်ဟူသော ရပ်တည်မှု။

- အဓိက စစ်ရေးတိုက်ပွဲနှင့် တိုက်ရမည်။ ယင်းနှင့်တွဲဖက်၍ နိုင်ငံရေးတိုက်ပွဲကိုလည်း ဆင်နွဲသွားမည့် ရပ်တည်မှု။

စသည့် အတွေးအခေါ် ခံယူချက်အားလုံးတို့မှာ ကေအဲန်ယူအတွင်း ပေါ်ပေါက်လာခဲ့သည့် သဘောထားများ ဖြစ်ပါသည်။ ဤသို့ဖြင့် ကေအဲန်ယူ ကရင့်အမျိုးသားတော်လှန်ရေးအတွင်း အတွေးအခေါ်၊ ခံယူချက်နှင့် သဘောတရားရပ်တည်ချက် မတူညီမှုများ ဖြစ်လာသည်။ 

ထိုမတူညီမှုများသည် တော်လှန်ရေးအတွင်း ဖြစ်ပေါ်တတ်သော သဘောသဘာဝဖြစ်ပါသည်။ ထို့ကြောင့် ကေအဲန်ယူ၏ ၁၁ ကြိမ်မြောက် လမ်းစဉ်ဆုံးဖြတ်ချက်ကို ဝိုင်းရံသော အမျိုးသားခေါင်းဆောင်များနှင့် ဆန့်ကျင်သော အမျိုးသားခေါင်းဆောင်များကို တတန်းတည်းထား၍ မရသည်ကို တွေ့လာရသည်။

ထိပ်ပိုင်းခေါင်းဆောင်တချို့၏ အတွေးအခေါ်ခံယူမှု မျိုးချစ်စိတ်ဓာတ် ရပ်တည်မှုမခိုင်မာဘဲ တချို့ မီးစင်ကြည့် ကနေသည်မှာ ကရင့်တော်လှန်ရေးကို အထောက်အကူမပြုသည့်အပြင် အနှောက်အယှက် ဖြစ်စေပါသည်။

ကေအဲန်ယူ ကရင်အမျိုးသားများ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအမွေကို ဆက်ခံမည့် တော်လှန်ရေး သမိုင်းပေးအမွေကို ဆက်ခံမည့် ခေတ်ပညာတတ်၊ ဘွဲ့ရလူငယ်၊ လူလတ်များကို ကျနော့်အနေဖြင့် အားကိုးအားထားပြုပါသည်။ ကေအဲန်ယူသို့ ရောက်လာကြသော လူငယ်ပိုင်း၊ လူလတ်ပိုင်း၊ လူကြီးပိုင်းတို့ကို၊ ဗဟိုဌာနကြီးများမှလွဲ၍ အောက်ခြေရှိဌာနများတွင် တာဝန်ပေးပါသည်။ ၎င်းတို့၏ နိုင်ငံရေးလေ့လာမှုနှင့် နိုးကြားတက်ကြွမှုတို့ဖြင့် ဗဟိုက ချမှတ်ထားသည့် မူလမ်းစဉ်များအတိုင်း ခံယူလုပ်ဆောင်စေပါသည်။

ကေအဲန်ယူ ကရင့်အမျိုးသားတော်လှန်ရေးကို ဆန့်ကျင်ကျောခိုင်းပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားကြသည့် အဖွဲ့ဝင်တချို့ရှိပါသည်။ ထိုလုပ်ရပ်သည် မိမိအမျိုးသားများအပေါ် မျက်ကွယ်ပြုရာကျပါသည်။ အချို့မှာလည်း နိုင်ငံခြားသို့ သွားရောက်အခြေချနေနိုင်ရေးအတွက်၊ ကေအဲန်ယူ မကောင်းကြောင်း အမျိုးမျိုးအပုပ်ချ ဂုဏ်သိက္ခာချကြသည်။ ဤလုပ်ရပ်များသည် ကေအဲန်ယူအပေါ် ရက်စက်လွန်းရာကျသည့်အတွက် ကျနော့်နှလုံးသားများ နာကျင်ရပါသည်။

ထိုသို့ ကေအဲန်ယူကို ပုတ်ခတ်စော်ကား ထွက်ခွာသွားကြသူများနေရာတွင် လူစားထိုးရန် လိုအပ်ပါသည်။ ၎င်းတို့မရှိလျှင် ကေအဲန်ယူ ဘယ်လိုဖြစ်သွားမလဲဆိုသည့် သူတို့၏အမြင်များ မှားယွင်းသည်ကို ပြသရန် လိုအပ်ပါသည်။ ထို့အတွက် ကျနော်တို့ ဗဟို၊ ခရိုင်၊ တပ်မဟာများတွင် နိုးကြားတက်ကြွသော၊ တိုးတက်သော အတွေးအခေါ်၊ ခံယူချက်ကောင်းသော၊ ဦးဆောင်မှုကို ခံယူသော ခေတ်ပညာတတ်လူငယ်၊ လူလတ်၊ လူကြီးများရှိပါသည်။

ကျနော့်အမြင်သဘောထားမှာ လူငယ်၊ လူလတ်၊ လူကြီးများကို ကေအဲန်ယူ၏ မူသဘောထားနှင့် လုပ်ငန်းလမ်းစဉ်များကို ဆွေးနွေးပြပါ။ ပညာပေးပါ။ တည်ဆောက်ပါ။ တာဝန်ရဲရဲပေးပါ။ ထိုတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက်လည်း အားပေးအားမြှောက်ပြုပါ။ ဤနည်းဖြင့် ကေအဲန်ယူ ကရင့်တော်လှန်ရေး မျိုးဆက်များကို၊ မွေးထုတ်၊ သွေးထုတ်ရပါသည်။ ဤသို့ မလုပ်နိုင်ကြပါက၊ ကျနော်တို့အားလုံး ကွယ်လွန်သွားလျှင် တော်လှန်ရေးမျိုးဆက်ပြတ်ပြီး၊ အလံဖြူ၊ အလံနီ(ဗကပ) ဘဝမျိုး ဖြစ်သွားနိုင်ပါသည်။

ကေအဲန်ယူ၊ ကရင့်အမျိုးသားတော်လှန်ရေး၊ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး မကျဆုံးခင် နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး၊ ခေါင်းဆောင်မှု အဖက်ဖက်တွင် တိုးတက်အောင်မြင်မှုများ ရရှိခဲ့ပါသည်။ တော်လှန်ရေးမျိုးဆက်များကိုလည်း မွေးထုတ်၊ သွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ကေအဲန်ယူ ကရင့်အမျိုးသားတော်လှန်ရေးမျိုးဆက်မှာ ၃ ဆက် ရှိနေပါပြီ။ နံပါတ် ၂ မျိုးဆက်သည် ကျော်မကောင်း ကြားမကောင်း အပုပ်နံ့တထောင်းထောင်းနှင့် သမိုင်းနိဂုံးချုပ်ခဲ့ပါသည်။

ယခု မျိုးဆက်နံပါတ် ၃ ထိပ်ပိုင်းခေါင်းဆောင်တို့သည် ခေါင်းဆောင်မှု၊ မြန်မာပြည် တော်လှန်ရေး အဖွဲ့အစည်း၊ ပါတီများနှင့် အထူးညီညွှတ်ချစ်ကြည်စွာ ပေါင်းစည်းလျှက်ရှိပါသည်။ မိမိတို့၏တော်လှန်ရေးစံကို မြှင့်တင်ပြီး ရပ်တည်နေပါသည်။ ခေါင်းဆောင်ကြီး စောဘဦးကြီး တော်လှန်ခဲ့သော အမွေအနှစ် သွေး၊ သတ္တိ၊ သစ္စာကို ဆက်ခံပြီးခံယူပြီး အာဏာရှင် အစိုးရအဆက်ဆက်ကို အညံ့မခံ အရှုံးမပေးသော မျိုးချစ်စိတ်နှင့်ရပ်တည်ပြီး တော်လှန်နေပါသည်။ အောင်ပွဲမရမချင်း တော်လှန်ကြမည်ဖြစ်ပါသည်။

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်မှု၏ အကောင်းဆုံး အခိုင်မာဆုံး ရပ်တည်မှုသည် လက်နက်ချစကား အလျင်းမပြောရ ဟူသောအချက်ကို အဓိကထားခြင်း ဖြစ်ပါသည်။

ကရင်အမျိုးသား အစည်းအရုံးသည် ကရင့်အမျိုးသားအလံတော်ကို အမြင့်မားဆုံး လွှင့်ထူကာ၊ မြန်မာပြည်သူလူထု တရပ်လုံးကို မတရားဖိနှိပ် အုပ်ချုပ်နေသော အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်ကို ခုခံကာကွယ် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းကြီးတခုဖြစ်ပါသည်။

ကရင်အမျိုးသားအစည်းအရုံးကြီးရှိနေသည့်အတွက် ရှစ်လေးလုံး အရေးတော်ပုံကာလက တောခိုထွက်ကြသော ကျောင်းသူ ကျောင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်ပေးနိုင်သည်မှာလည်း မည်သူမှငြင်းပယ်၍ မရနိုင်သည့် မြန်မာပြည်တော်လှန်ရေး သမိုင်းမှတ်တိုင်ဖြစ်ပါသည်။

ကေအဲန်ယူ၊ ကရင့်အမျိုးသားတော်လှန်ရေးကို ပြည်တွင်းလူထုကြီးမှ စိတ်ဓာတ်ရေးရာအရ ထောက်ခံအားပေးနေကြပါသည်။ ပြည်ပနိုင်ငံများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း နည်းလမ်းပေါင်းစုံဖြင့် အားပေးထောက်ခံနေကြပါသည်။

ကရင့်အမျိုးသားတော်လှန်ရေးကို ဆင်နွဲနေသည့် ကေအဲန်ယူသည် ကွန်ဂရက်များကို ကျင်းပခဲ့သည်မှာ ၁၃ ကြိမ်မြောက်ရှိနေပြီ ဖြစ်ပါသည်။ ထိုကွန်ဂရက်များမှ ဆုံးဖြတ်ချက်ချမှတ်သော နိုင်ငံရေးတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲ၊ မူလမ်းစဉ်တို့သည် မည်သည့်အခါမှ ခမ်းခြောက်သွားမည် မဟုတ်ပါ။ ကေအဲန်ယူခေါင်းဆောင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် မှန်ကန်သည့် လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသည့်အတွက် အောင်မြင်မှုရမည်မှာလည်း မြေကြီးလက်ခတ် မလွဲပါ။

- (ကရင့်အမျိုးသားတော်လှန်ရေးအပေါ် အမြင်နှင့် ရပ်တည်မှုကို ရေးပို့ရာမှာ ဖြစ်ရပ်၊ လုပ်ရပ်များကို အကျဉ်းချုပ်ပြီး သံသယကင်းကင်း၊ အာဃာတကင်းကင်းနှင့် ရိုးသားပွင့်လင်းစွာဖြင့် ကရင့်တော်လှန်ရေးအပေါ် ကျနော့်အမြင်သဘောထားကို တင်ပြခြင်းသာဖြစ်ပါသည်။ ကျနော်တို့ အမျိုးသားတော်လှန်ရေးအတွင်းရှိ ခေါင်းဆောင်များသည် အားနည်းချက်၊ အားသာချက် အမျိုးမျိုး ရှိကြပါသည်။ ထိုအချက်များကို ကျနော်၏ အတွေးအခေါ်၊ ခံယူချက်နှင့် မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး ရေးသားပေးပို့ခြင်း ဖြစ်သည်)။

ဗိုလ်ချုပ်ကျော်သောင်း
ကေအဲန်ဒီအို ဗိုလ်ချုပ်
ကေအဲန်ဒီအို(ဗဟို) ဌာနချုပ်။

ဆက်လက်ဖော်ပြပါမယ်။ 



No comments: