Sunday, October 30, 2011

စောင့်မျှော်နေပါတယ် (လူထုစိန်ဝင်း)

မျက်မှန်စိမ်းကြီး ချွတ်လိုက်ပါတော့လို့ ပြောသူတွေလည်း အမြဲတမ်း ဆန့်ကျင်ခဲ့သူတစ်ဦးရဲ့ ကလောင်က ကြိုဆိုတယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့ စာလုံးတွေ မထွက်စဖူးထွက်လာတာကို ကြည့်ပြီး ကျေနပ်လိမ့်မယ် ထင်ပါတယ်။ ထောက်ခံတယ်လို့ အပြတ်ပြောဖို့အတွက် အပြောင်းအလဲတွေကို စောင့်မျှော်နေပါတယ်။ မြန်မြန် ပေါ်ထွက်လာစေချင်ပါပြီဗျာ . . .

သမ္မတဦးသိန်းစိန် အစိုးရကို မထောက်ခံသေးဘူး၊ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ရေးလိုက်တဲ့စာ ဂျာနယ်တွေထဲပါလာတဲ့ မနက်ပိုင်းမှာတင် စာဖတ်ပရိသတ်အတော်များများဆီက ဖုန်းတွေလက်ခံရရှိတယ်။ အားလုံးက အားမလိုအားမရဖြစ်လို့ ဆက်ကြတာ။

အကြောင်းပြချက် ကိုယ်စီရှိ

အားမရသူအများစုက ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ။ နှစ်ပေါင်းငါးဆယ်လုံးလုံး စောင့်ကြည့်ခဲ့တာ မလုံလောက်သေးဘူးလားလို့ မေးကြတယ်။ သူတို့တတွေ စိတ်မရှည်နိုင်တော့တာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် နားလည်ပေးလိုက်ပါတယ်။ အားမရသူအနည်းစုကတော့ အရပ်သားအစိုးရသစ်က ဒါလောက်ပြောပြီး ဒါလောက်လုပ်ပြနေတာတောင် မထောက်ခံသေးဘူး။ စောင့်ကြည့်ဦးမယ်ဆိုတာက မလွန်လွန်းဘူးလား။ မျက်မှန်စိမ်းကြီး ချွတ်လိုက်ပါတော့လို့ ငေါ့တော့တော့နဲ့ ပြောကြတယ်။ သူတို့မှာလည်း အကြောင်းပြချက်တွေ အများကြီးရှိနေကြောင်းသိထားလို့ နားလည်ပေးလိုက်ပါတယ်။

အများကြီး ပိုပိုသာသာ

နှစ်ငါးဆယ်လုံးလုံး စောင့်ကြည့်ခဲ့ပြီးပြီဆိုသူများမှ အကြောင်းပြချက်တွေ လုံလောက်ရုံမက အများကြီး ပိုပိုသာသာ ရှိနေကြပါတယ်။ ပထမဆုံး သူတို့ထောက်ပြစရာက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သူ့ကြောင့် ပေါ်လာတဲ့ ဦးနေဝင်း အစိုးရ ဖြစ်တယ်။ အဲဒီနောက် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ အစိုးရတွေအကြောင်း၊ အပေါ်ယံပုံ သဏ္ဌာန်တွေသာပြောင်းသွားခဲ့ပြီး အနှစ်သာရက ဘာမှမပြောင်းတဲ့အကြောင်း၊ အဲဒီနောက် တောင်သူလယ်သမား ညီလာခံကြီးတွေအကြောင်း၊ အလုပ်သမား ညီလာခံကြီးတွေအကြောင်း၊ စာပေလုပ်သား အစည်းအဝေးကြီးတွေအကြောင်း စသဖြင့် စုံနေတာပါပဲ။

မပြောင်းပါဘူး

ဟုတ်တော့လည်း ဟုတ်ပါတယ်။ အဲဒီတုန်းကတော့ အခြေခံဥပဒေတွေ အတည်ပြုကြ၊ ရွေးကောက်ပွဲတွေ လုပ်ကြ၊ လွှတ်တော်အစည်းအဝေးကြီးတွေ ကျင်းပကြနဲ့ အပေါ်ယံကြည့်ရင်တော့ ဟုတ်တုတ်တုတ်ပါပဲ။ ဒါပေမယ့် အတွင်းအနှစ်သာရကတော့ ဘာမှမပြောင်းပါဘူး။ မြန်မာ့ဆိုရှယ်လစ် မျက်နှာဖုံးစွပ်ထားတဲ့ စနစ်ပဲ ဖြစ်တယ်။ အခုလက်ရှိ ဦးသိန်းစိန်အစိုးရက ရွေးကောက်ပွဲနဲ့တက်လာတဲ့ လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သား အစိုးရဆိုပေမယ့် ပါဝင်နေသူအများစုဟာ အရင်စစ်အစိုးရမှာ ပါဝင်ခဲ့သူတွေဖြစ်တာကြောင့် စောင့်ကြည့်ဖို့ မလိုဘူး။ အရင်အစိုးရနဲ့ ဘာမှမထူးပါဘူးလို့ သူတို့က ပြောကြတာဖြစ်တယ်။

ယတိပြတ် မပြောချင်

ကိုယ်တိုင်ကတော့ အဲဒီလို ယတိပြတ်မပြောချင်ဘူး။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်တွေ့မှာ ဘာတွေလုပ်သလဲဆိုတာကို ကြည့်ပြီး အကဲဖြတ်ချင်တယ်။ ရွေးကောက်ပွဲပြီးပြီးချင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး အကျဉ်းသား တစ်သောင်းကျော် လွှတ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာတယ်။ ဒါကို ထူးခြားချက်လို့ မယူဆခဲ့ဘူး။ ပါသင့်ပါထိုက်သူတွေ ဘယ်သူမှ ပါမလာဘူး။ ဒေါ်အောင်ဆန်းစုကြည်လွတ်တာလည်း လွတ်ရက်စေ့လို့ လွှတ်လိုက်တာလို့ပဲ သဘောထားတယ်။ ဒါပေမယ့် သိပ်မကြာဘူး အစိုးရသစ်က အင်မတန်နည်းတဲ့ ပင်စင်လစာလေးနဲ့နေကြရရှာတဲ့ ဝန်ထမ်းများအတွက် ပင်စင်လစာတွေ တိုးမြှင့်ပေးတယ်။ ကျေးလက်ဒေသ ဆင်းရဲမှုပပျောက်ရေးအတွက် ဆွေးနွေးပွဲကျင်းပပြီး နည်းလမ်းရှာတယ်။

အပြုသဘောဆောင်ရွက်ချက်တွေ

အဲဒီနောက် ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် သုံးကြိမ်တွေ့ပြီး နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံတယ်။ ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ၊ သတင်းတွေ ဖော်ပြခွင့်ရလာတယ်။ အရင်ကအဖြုတ်ခံရတဲ့ ဆောင်းပါးတွေ ထည့်ခွင့်ပေးလာတယ်။ ဒါတွေဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေလို့ သဘောရတယ်။ အဲဒီနောက် တစ်နိုင်ငံလုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒဖြစ်တဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာဆောက်လုပ်ရေးကိစ္စကို နိုင်ငံတော် သမ္မတက လိုက်လျောပြီး ဆက်မဆောက်ဘဲ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်တယ်။

မြန်မြန်ကြီး ပြီးမယ်မထင်ခဲ့

ကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ လုံးဝမျှော်လင့်မထားခဲ့ဘူး။ ဒါလောက် မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မယ်လို့ ဘယ်သူမှလည်း ထင်မှာမဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒ လေးစားတယ်ဆိုတာမျိုး ဘယ်တုန်းကမှ ရှိဖူးတာ မဟုတ်တာပဲ။ အခုအစိုးရကတော့ ထွက်လာကတည်းက ပြည်သူက ရွေးကောက်တင်မြှောက်ထားတာဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားလိုက်နာမယ်။ ပြည်သူတွေ စိတ်ချမ်းသာအောင် လုပ်ဆောင်မယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့တောင် လက်တွဲနိုင်ဖို့ နည်းလမ်းတွေရှာသွားမယ်။ စတဲ့ စတဲ့ စကားတွေ တဖွဖွ ပြောကြားခဲ့တယ်။ ဖြေလျော့တာတွေ ပြုပြင်ပြောင်းလဲတာတွေလည်း ဆက်တိုက် လုပ်လာတယ်။

နောက်ဆုံး ဆောင်ရွက်ချက်

တခြားနေရာတွေထက် သတင်းမီဒီယာလောကမှာ ပိုပြီးထင်ထင်ရှားရှားသိနိုင်၊ မြင်နိုင်တယ်။ စာပေစိစစ်ရေးဆိုတာ ရှိမြဲရှိနေသေးပေမယ့် ဖြတ်တာ၊ ဖြုတ်တာ မရှိသလောက် နည်းသွားတယ်။ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ အကြောင်းအရာတွေ၊ စကားလုံး အသုံးအနှုန်းတွေ ရေးခွင့်ရလာတယ်။ လက်တွေ့သာဓကပြရရင် စာရေးသူကိုယ်တိုင် ရေးတဲ့ အခြေခံဥပဒေလည်း မထောက်ခံဘူး။ ရွေးကောက်ပွဲလည်း မထောက်ခံဘူး။ ဦးသိန်းစိန်အစိုးရလည်း မထောက်ခံဘူး။ စောင့်ကြည့်နေဆဲပဲဆိုတဲ့စာကို တစ်လုံးတစ်ပါဒမှမဖြတ်ဘဲ ခွင့်ပြုခဲ့တယ်။ အခုနောက်ဆုံး ဆောင်ရွက်ချက်ကတော့ ရှေးကအတွင်းဝန်ရုံး (စက္ကရီတေးရီးယက်) လို့ခေါ်ပြီး အခုခေတ်မှာ ဝန်ကြီးများရုံးလို့ခေါ်တဲ့ ကိုလိုနီခေတ် အဆောက်အအုံကြီးကို ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ငှားရမ်းမယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။

ပယ်ဖျက်လိုက်

အဲဒီသတင်းကို ဂျာနယ်တွေက ထင်မြင်ချက်တွေပါ တောင်းခံပြီး ထည့်လိုက်တယ်။ ထင်မြင်ချက်ပေးသူအားလုံးက သမိုင်းဝင် အဆောက်အအုံတွေကို ထိန်းသိမ်းထားသင့်ကြောင်း ပြောကြတယ်။ နောက်တစ်ပတ် ဂျာနယ်ထွက်ရက် ရောက်တော့ နိုင်ငံတော်သမ္မတကြီးက ဟိုတယ်အဖြစ် ငှားရမ်းမယ့်ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လွှဲပေးလိုက်ကြောင်း သတင်းပါလာတယ်။ ဂျာနယ်မှာပါလာပြီး ရက်ပိုင်းလေးအတွင်းမှာပဲ ဆုံးဖြတ်ချက်ထွက်လာတာ ဘယ်လောက်မြန်လိုက်သလဲ။ ဂျာနယ်တွေမှာသာ ဒီသတင်း ထည့်ခွင့်မပေးခဲ့ရင် ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခဲ့ရတဲ့ အခန်းတွေက နိုင်ငံခြားသားတွေ အရက်မူးပြီး ကဆုန်ပေါက်ကခုန်နေကြတဲ့ ကပွဲခန်းမကြီး ဖြစ်ချင်ဖြစ်သွားမှာ။ လွှတ်တော်ခန်းမကြီးတွေကလည်း မီးဖိုခန်း ဖြစ်သွားမလား၊ သန့်စင်ခန်းဖြစ်သွားမလား မသိနိုင်ပါဘူး။ ဂျာနယ်တွေကျေးဇူးကြောင့် မဖြစ်သင့်တဲ့ကိစ္စတစ်ခုကို အချိန်မီ တားနိုင်လိုက်တယ်။ သမ္မတကြီးကို ကျေးဇူးတင်လိုက်တယ်။

စောင့်မျှော်နေတယ်

ဒီလောက်ဆိုရင် အားမလို အားမရဖြစ်ကြတဲ့ နှစ်ဖက်စလုံးကပုဂ္ဂိုလ်တွေ ကျေနပ်နိုင်လောက်ပြီ ထင်တယ်။ ထပ်စောင့်ကြည့်ဖို့ လိုသေးလို့လားလို့ မေးတဲ့သူတွေလည်း ဘာကြောင့်လိုသေးတယ်ဆိုတဲ့ အကြောင်းပြချက်ကို လက်ခံနိုင်မယ်လို့ ယူဆတယ်။ မျက်မှန်စိမ်းကြီးချွတ်လိုက်ပါတော့လို့ ပြောသူတွေလည်း အမြဲတမ်း ဆန့်ကျင်ခဲ့သူတစ်ဦးရဲ့ ကလောင်က ကြိုဆိုတယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့စာလုံးတွေ မထွက်စဖူး ထွက်လာတာကို ကြည့်ပြီး ကျေနပ်လိမ့်မယ် ထင်ပါတယ်။ ထောက်ခံတယ်လို့ အပြတ်ပြောဖို့အတွက် အပြောင်းအလဲတွေကို စောင့်မျှော်နေပါတယ်။ မြန်မြန် ပေါ်ထွက်လာစေချင်ပါပြီဗျာ။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။    



 

No comments: