Sunday, October 30, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂)

ဗိုလ်မှူးချုပ်မန်းကျော်ဖေ အမှာစာ

ဗိုလ်ချုပ်ကျော်သောင်း နှင့် ဗိုလ်မှူးချုပ်မန်းကျော်ဖေ

ဗိုလ်ချုပ်ကျော်သောင်း၏ ဘဝနှင့်ပတ်သက်၍ စာအုပ်ထုတ်မည်ဟုသိရ၍ ကျနော် အထူးဝမ်းသာမိပါသည်။ ဝမ်းသာရသည့် အကြောင်းရင်းမှာ ဗိုလ်ချုပ်ကျော်သောင်းသည် ကျနော် အလွန်လေးစားရသော ကရင့်တော်လှန်ရေး ခေါင်းဆောင်အတော်များအနက် တယောက် အပါအဝင် ဖြစ်သည်။ အမှန်ပင် ရိုသေသင့်၊ ရိုသေထိုက်၍ လေးစားသင့်၊ လေးစားထိုက်သော ခေါင်းဆောင်ကောင်းတယောက်ဖြစ်သည်။ ဗမာပြည် လွတ်လပ်ရေးအကြိုကာလ ကရင့်အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုအခန်းကဏ္ဍဖြစ်သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မြို့တော်ရန်ကုန်နှင့် အချို့မြို့ကြီးများတွင် “ကရင်ပြည် ချက်ချင်းပေး” “ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ” “လူမျိုးရေး အဓိကရုဏ်း အလိုမရှိ” “ပြည်တွင်းစစ် အလိုမရှိ” ဟူသော ကြွေးကြော်သံ (၄) ရပ်ဖြင့် ငြိမ်းချမ်းစွာ အသံတိတ်ဆန္ဒပြပွဲကြီးတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး အင်းစိန်တိုက်ပွဲ (၁၁၁)ရက်တွင်လည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။

အင်းစိန်တိုက်ပွဲ (၁၁၁)ရက်အပြီးတွင် မအူပင်အရှေ့ခြမ်း မြစ်ဝကျွန်းပေါ်တိုင်းတလျှောက် နိုင်ငံရေး၊ စစ်ရေးများကို ပြတ်ပြတ်သားသား ဆောင်ရွက်လာခဲ့ရာ၌ အထက်အမိန့်ဆိုလျှင် တပြားသားမှ အလျှော့မပေး ဆန့်ကျင်သွေဖီခြင်း အလျဉ်းမရှိ၊ မျိုးချစ် တပ်မတော်သားပီပီ စည်းကမ်းကြီးမားခြင်း၊ မျိုးချစ်စိတ်ဓာတ် ခံယူချက်ပြင်းထန်ခြင်း၊ ကရင့်တမျိုးသားလုံး ဘဝလွတ်မြောက်ရေး၊ လက်နက်တော်လှန်ရေး အခန်းကဏ္ဍကို တရားမျှတစွာ သတ္တိရှိရှိ အသက်ပေးဆောင်ရွက်ခဲ့ခြင်းကြောင့် ကရင်တမျိုးသားလုံးနှင့် မြစ်ဝကျွန်းပေါ်ရှိ လူမျိုးစုများ၏ ယုံကြည်လေးစားခြင်းကို ခံခဲ့ရပါသည်။

၁၉၅၉-၇၄ ခုနှစ်အထိ ကြီးမားသည့် ရန်သူ၏စစ်ဆင်ရေးဒဏ်ကို မျိုးချစ်တပ်မှူးကောင်းတယောက်ပီပီ သွေးသောက် ရဲဘော်ရဲဘက်များနှင့် ရွပ်ရွပ်ချွံချွံ ခုခံတော်လှန် တိုက်ခိုက်ခဲ့ရာမှ ရန်သူ၏ ပိတ်ဝိုင်းထိုးစစ်ဆင်မှုကြောင့် မိမိအလွန်ချစ်လှသည့် ရင်သွေးငယ်လေးများကိုပင် နီးစပ်ရာ ဆွေမျိုးများနှင့် အပ်နှံခဲ့ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းအပြည့်ဖြင့် ၎င်းချစ်မြတ်နိုးသည့် ကရင့်အမျိုးသားတော်လှန်ရေးကြီးနှင့်အတူ ပဲခူးရိုးမတိုင်းသို့ အခက်အခဲကို ဖယ်ရှားပြီး ဆုတ်ခွာရွှေ့ပြောင်းခဲ့ကြရသည်။ နောက်တဖန် ၁၉၇၄ ခုနှစ် ရန်သူ ဖြတ်လေးဖြတ် ပိတ်ဝိုင်းစစ်ဆင်ရေးကြီး စလာပြန်သဖြင့် ပဲခူးရိုးမမှ တဖန် အရှေ့တိုင်းသို့လာရာ ခရီးလမ်းတလျှောက် ရန်သူ၏ ဖြတ်တောက် တိုက်ခိုက်ချေမှုန်းခြင်းကို တဆင့်ပြီးတဆင့် ခုခံဖယ်ရှားရင်းဖြင့် မိခင်ကေအဲန်ယူ အစည်းအရုံးကြီးနှင့် ပူးပေါင်းနိုင်သည်အထိ ကြိုးပမ်းခဲ့ရသည်။ သို့ရာတွင် မိခင်ကေအဲန်ယူ အစည်းအရုံးကြီးထံ ပြန်လည်သတင်းပို့နိုင်သည်နှင့် မိမိအပေါ်ကျရောက်သည့် တာဝန်အပေါ် သစ္စာရှိရှိနှင့် ဇွဲကြီးစွာ ထမ်းဆောင်လာခဲ့သည့် ဗိုလ်ချုပ်ကျော်သောင်း၏ ဂုဏ်သတင်းသည် ကရင့်အမျိုးသားများအကြား ပျံ့နှံ့ကျော်ကြား လူသိများခဲ့ရသည်။

၁၉၈၁-၈၂ ခုနှစ် မာနယ်ပလောတွင် ဖွင့်လှစ်သည့် နိုင်ငံရေးသင်တန်းသို့ ကျနော် တက်ရောက်ခဲ့စဉ် ဗိုလ်ချုပ်ကျော်သောင်းနှင့် ပထမဦးစွာ သိကျွမ်းခဲ့၍ အလေးပြုခွင့်ရရှိခဲ့သည်။ မာနယ်ပလောဗဟိုဌာနချုပ်ကြီးတွင် ကျင်းပသည့် တပ်မှူး အစည်းအဝေးများ၌ ၎င်း၏ နိုင်ငံရေး၊ စစ်ရေး သုံးသပ်ချက်၊ စစ်ရေးမဟာဗျူဟာ ချမှတ်ချက်များ တင်သွင်းဆွေးနွေးရာ၌ တပ်မှူးကောင်း (ဝါ) ခေါင်းဆောင်ကောင်း အရည်အချင်းနှင့် ပြည့်စုံကြောင်း သုံးသပ်နိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ် (၁ဝ) ကြိမ်မြောက် ဗဟိုညီလာခံတွင် ညီလာခံ၏ ဆုံးဖြတ်ချက်အရ ခရိုင် (၇) ခရိုင်အတွင်းရှိ ကေအဲန်ဒီအို တပ်ရင်း (၇)ရင်းကို အုပ်ချုပ်ရသော ကေအဲန်ဒီအို ဗိုလ်ချုပ်တာဝန်ပေးအပ်ခြင်း ခံရသဖြင့် ကြည်ညိုလေးစားရသော ခေါင်းဆောင်တဦး၊ ကျနော့်အား တိုက်ရိုက်အုပ်ချုပ်သော ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာခြင်းကြောင့် ကျနော် များစွာ ပီတိဖြစ်ခဲ့ရသည်။ ကျနော့်အမြင်ကို ရိုးသားစွာ ဝန်ခံရလျှင် ဗိုလ်ချုပ်ကျော်သောင်း၏ ဂုဏ်သတင်းသည် ကျနော် လေ့လာသိရှိခဲ့ရသည်ထက် ပို၍ပင် ချစ်ခင်ကြည်ညိုလေးစားသင့်သော ခေါင်းဆောင်ကောင်း ကြံအင်လက္ခဏာနှင့် များစွာ ညီညွှတ်နေကြောင်း တွေ့ရှိရပါသည်။

ဗိုလ်ချုပ်ကျော်သောင်းသည် မဟုတ်မခံ မှန်တာပြောတတ်သော ပုဂ္ဂိုလ်မျိုးဖြစ်၍ အထက်ခေါင်းဆောင်များကို ကြည်ညိုလေးစားမှု ကြီးမားခြင်း၊ အမိန့်နာခံတတ်ခြင်း၊ မူအပေါ် လိုက်လျောမှုမပြုခြင်း၊ မူအပေါ် ဆန့်ကျင် ပြောဆိုလာသူများကို ရဲဝံ့ပြတ်သားစွာ ထောက်ပြပြောဆိုတတ်ခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းနှင့် အချိန်ရှိသရွေ့ အမျိုးသားရေး၊ နိုင်ငံရေးများ ဆွေးနွေးပြောဆိုခြင်း၊ ကေအဲန်ယူ မူလမ်းစဉ်အပေါ် နိုးကြားတက်ကြွခြင်း၊ လုပ်ဖော်ကိုင်ဖက် အထက်အောက်ဆက်ဆံမှု လိုက်လျောညီထွေမှုရှိခြင်း၊ လက်အောက် တပ်မှူးတပ်သားများအပေါ် သနားညှာတာတတ်ခြင်း၊ မည်သူနှင့်မဆို ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပြီး လာပါ စားပါ သောက်ပါ စသည်ဖြင့် ဧည့်ဝတ်ပြုတတ်ခြင်း၊ လက်အောက် ရဲဘော်တပ်မှူးတပ်သားများ လူထုဆန့်ကျင်မှု၊ ပြစ်မှု တစုံတရာ ကျူးလွန်ပါကလည်း စည်းမျဉ်းစည်းကမ်းအရ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တတ်ခြင်းကြောင့် တပ်မှူးတပ်သားများတို့ ချစ်ကြောက်ရိုသေကြရသည်။ ထိုသို့ တိကျပြတ်သားသည့် ရှေ့ဆောင်မှုအောက်၌ တပ်မှူး တပ်သား အများစုသည် အမိန့်နာခံတတ်သော မျိုးချစ်တပ်မှူးတပ်သားကောင်းများအဖြစ်သို့ တဖြည်းဖြည်းရောက်ရှိလာကြသည်။

ဗိုလ်ချုပ်ကျော်သောင်းသည် ယခုအခါ အသက် ၈ဝ ကျော် ၈၄ နှစ်ဝန်းကျင်တွင် ရှိလိမ့်မည်။ ကျနော် သူ့ထံ သွားရောက်ကန်တော့ ဂါရဝပြုတိုင်းတွင် “မန်းကျော်ဖေ မင်း ရေဒီယို နားထောင်ပါ။ သတင်းစာဖတ်ပါ။ ပြည်တွင်းပြည်ပ အခြေအနေ လေ့လာပါ။ ကျရာတာဝန်ကို သတ္တိရှိရှိ လုပ်ပါ။ တော်လှန်ရေးကို တော်လှန်တဲ့ မျိုးချစ်သဘောတရားနှင့် ရင်းပြီးလုပ်ပါ။ ငါတို့ဟာ နိုင်ငံရေးအသိနှင့် တော်လှန်လာခဲ့ခြင်း ဖြစ်တယ်။ ကေအဲန်ယူမူနဲ့ ကင်းကွာတဲ့ အလုပ်မှန်သမျှ ဘာမှမလုပ်နဲ့။ ငါတို့နဲ့အတူ မကုန်ခမ်းနိုင်တဲ့အားဟာ တော်လှန်တဲ့ ပြည်သူလူထုရှိတယ်။ လူမျိုးစု မဟာမိတ်ရှိတယ်။ ငါတို့ အမျိုးသားအပေါ် စာနာထောက်ထားတဲ့ ကမ္ဘာ့နိုင်ငံတွေ ရှိတယ်။ ဒါကြောင့် တော်လှန်ရေးအပေါ်သစ္စာရှိရှိ လုပ်သွားရင် အောင်ပွဲပန်းတိုင် မုချရောက်မယ်။ တော်လှန်ရေးကို သစ္စာရှိရှိဆက်လုပ်ပါ။ ငါ အသက်ကြီးပြီ။ ငါ မလှုပ်ရှားနိုင်တော့ဘူး။ ကိုယ်ထိလက်ရောက် မလုပ်နိုင်လည်း အကြံဉာဏ်ကို သေတဲ့ အထိပေးသွားမယ်။ မင်းတို့ကို ငါယုံကြည်တယ်။ တော်လှန်ရေး အောင်ပွဲခံတဲ့အထိ လုပ်ကြပါ” ဟူ၍ ကြိမ်ဖန်များစွာ ပြောဆိုဆုံးမ သြဝါဒပေးခြင်းကြောင့် တော်လှန်ရေး၏ ဖိခင်ဖခင်သဖွယ် ချစ်ခင်ကြည်ညိုလေးစားရခြင်းများ ဖြစ်ရပါသည်။

သို့ဖြစ်ပါ၍ ဗိုလ်ချုပ်ကျော်သောင်း၏ ဘဝဖြတ်သန်းမှုအကြောင်း စာအုပ်ဖြစ်မြောက်ရေးကြိုးပမ်းမှုသည် ကရင့်အမျိုးသားတော်လှန်ရေး သမိုင်းနှင့် များစွာ ဆက်စပ်မှုရှိလေရာ ထိုကြိုးပမ်းချက်သည် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်ဟု မျှော်လင့်မိပါသည်။

ဗိုလ်ချုပ်ကျော်သောင်း၏ ဘဝဖြတ်သန်းမှု စာအုပ်ကို ဖတ်ရှုလေ့လာကြရသော စာဖတ်ပရိသတ်များသည်လည်းကောင်း၊ မျိုးဆက်သစ် လူငယ်လူရွယ်များသည်လည်းကောင်း၊ ကေအဲန်ယူမူ လမ်းစဉ်အောက်၌ ဗိုလ်ချုပ်ကျော်သောင်း၏ ဘဝဖြတ်သန်းမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို အတုယူ၍ ၎င်း အဆိုအမိန့် သြဝါဒများအား လက်ခံယူ၍လည်းကောင်း မိမိတို့၏ ကရင်တမျိုးသားလုံး ဘဝလွတ်မြောက်ရေးအတွက် ကြီးမားသော စိတ်ဓာတ်ခွန်အားများဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

ဗိုလ်ချုပ်မန်းကျော်ဖေ
ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေအဲန်ဒီအို)

ဆက်လက်ဖော်ပြပါမယ်။


 

No comments: