Thursday, October 20, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၂)

ဒီအပတ် အမေးအဖြေအစီအစဉ်မှာတော့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အပေါ် သဘောထား၊ အမျိုးသားအကျိုးစီးပွား ဆိုတဲ့ စကားရပ်အပေါ် အဓိပ္ပာယ်ဖွင့်ချက်နဲ့အတူ မီဒီယာသတင်း လွတ်လပ်ခွင့် စာပေစိစစ်ရေးအဖွဲ့ ထားသင့်မသင့် စတာတွေကို ဗွီအိုအေ သောတရှင်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။ ဦးဆုံးတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိစ္စကို တွံတေးမြို့က ဦးရာကျော်က မေးမြန်းထားချက်နဲ့ စတင်ပါမယ်။ 

မေး။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် အမြင်ကို သိလိုပါသည်။ လက်ရှိ ဦးဆောင်တဲ့ ဦးဝင်းမြဆိုတာဟာ တချိန်တုန်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိပါဘူးလို့ ကာကွယ်ပြောဆိုခဲ့ရတဲ့ စစ်အစိုးရ သံတမန်ကြီးပါ။ ဒီလိုလူမျိုးကိုယုံပြီး ဘယ်သူက တိုင်ကြားမှာတုန်းဗျာ။ တတ်နိုင်ရင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ ဘယ်လိုလူတွေ ထားသင့်တယ်၊ ဘယ်လို ဖြစ်သင့်တယ်ဆိုတာကို သမတနဲ့တွေ့ရင် အကြံပေးစေချင်ပါတယ်။ ကြက်ခြံကို မြေခွေးစောင့်ခိုင်းသလိုဖြစ်နေပါပြီ။

ဖြေ။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကြည့်ပြီးမှ ဘယ်လောက် ထိရောက်မယ် မထိရောက်ဘူး ဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဦးဝင်းမြဟာ ဝန်ထမ်းဘဝတုန်းက အစိုးရမူဝါဒတွေအတိုင်း ပြောဆိုခဲ့တာဟာ မထူးဆန်းပါဘူး။ အခု လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌအနေနဲ့ လူ့အခွင့်အရေး ထိမ်းသိမ်းကာကွယ်ဖို့ ပြောဆိုလှုပ်ရှားရပါလိမ့်မယ်။ လူတိုင်းဟာ သံသယရဲ့အကျိုး ခံစားပိုင်ခွင့်ရှိရမယ်ဆိုတဲ့ မျှတတဲ့ သဘောတရားအရ ကော်မရှင်လူကြီးတွေ တာဝန်ကျေ မကျေဆိုတာကို စောင့်ကြည့်ပြီး ဆုံးဖြတ်တာ မှားမှန်မထင်ပါဘူး။

မောင်သီဟဆိုတဲ့ သောတရှင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ အစချီပြီးတော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားရပ်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုနားလည်ပါသလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။ 

မေး။ အမျိုးသားအကျိုးစီးပွားဆိုတဲ့စကားရပ်ကို အမေ ဘယ်လို နားလည်ပါသလဲ။ ဖြစ်ခဲ့တဲ့ မြစ်ဆုံအရေးမှာ တရုတ်အစိုးရက တရုတ်အမျိုးသား အကျိုးစီးပွားအတွက် ကာကွယ်ပေးရမယ်လို့ အစိုးရက ပြောပါတယ်။ လိုအပ်ရင် တရားစွဲမယ်လို့လည်း ဆိုပါတယ်။ မြန်မာဝန်ကြီး ဦးဇော်မင်းက အမျိုးသားအကျိုးစီးပွားအတွက် ပြည်သူတွေ လက်မခံနိုင်တာကို ဆက်လုပ်မယ်ပြောခဲ့ပါတယ်။

မြန်မာ ပြန်ကြားရေးကလည်း အမျိုးသားအကျိုးစီးပွားအတွက် ဦးကျော်ဆန်းက ဒီသတင်းတွေ ပိတ်ပင်ပါတယ်။ ဆက်စပ် သတင်းတွေ မီဒီယာတွေမှာ မဖော်ပြခိုင်းပါဘူး။ ဘယ်အရာက အမျိုးသားအကျိုးစီးပွားအစစ်အမှန်လဲဆိုတာ သိပါရစေ။ အရပ်စကားပြောရရင်တော့ ရှက်တတ်ရင် လဲသာ သေလိုက်ပါတော့လို့ ပြောချင်သလို။ ကိုယ့်ကိုကိုယ်လည်း အရှက်ကင်းတဲ့ ဖိနှိပ်မှုကင်းတဲ့ မြန်မာနိုင်ငံသားအဖြစ် ဂုဏ်ယူချင်ပါသေးတယ်။

ဖြေ။ အမျိုးသားအကျိုးစီးပွားဆိုတာ အင်မတန်ကျယ်ပြန့်တဲ့ကိစ္စဖြစ်တာမို့ အမျိုးမျိုး အဓိပ္ပာယ်ဖော်နိုင်ပါတယ်။ တကယ့် အမျိုးသားအကျိုးစီးပွား ဘာလဲလို့ သိနိုင်ဖို့ကတော့ ပြည်သူတွေရဲ့အသံကို အစဉ်တစိုက် နားထောင်နေရပါလိမ့်မယ်။ ဒီလို နားထောင်နေဖို့ဆိုတာကလည်း လွတ်လပ်စွာ ရေးသား ထုတ်ဖော် ထုတ်ဝေနိုင်ခွင့်တွေ လိုပါတယ်။ အမျိုးသား အကျိုးစီးပွားရှေ့တန်းတင်မယ့် နိုင်ငံရေး အုပ်ချုပ်ရေးစနစ်တွေ ပေါ်ထွန်းဖို့ နိုင်ငံသူ နိုင်ငံသားအားလုံးကနေ ဝိုင်းဝန်းလုပ်မယ်ဆိုရင် မုချ အောင်မြင်မှာပါ။

နောက်မေးခွန်းတွေကတော့ မီဒီယာ သတင်းလွတ်လပ်ခွင့်တွေနဲ့ ဆိုင်ပါတယ်။ တော်ဝင်ဆိုတဲ့ သောတရှင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု မြန်မာပြည်မှာ အရင်တုန်းကထက် မီဒီယာတွေ လွတ်လပ်ခွင့်တွေ ပိုရလာပြီလား ဆိုပြီး အမြင်သဘောထား မေးမြန်းထားပါတယ်။ 

မေး။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေရော ပြောတာတွေရော ပြည်တွင်းဂျာနယ်တွေမှာ တွေ့လာရပါပြီ။ အရင်တုန်းက ပိတ်ထားတတ်တဲ့ကိစ္စတွေကိုလည်း ဂျာနယ်တွေမှာ ရေးကြတာ မြင်လာရပါတယ်။ လူတွေလည်း ပြောရဲ ဆိုရဲ ရေးသားရဲလာပါတယ်။ အခိုက်အတန့်ဖြစ်မလား၊ ဒါဟာ တကယ်ပဲ အရှည်သဖြင့် ဖြစ်သွားမလား သံသယစုံနဲ့ စောင့်ကြည့်နေမိပါတယ်။ အန်တီရဲ့အမြင်လည်း သိလိုပါတယ်။ မီဒီယာတွေ လွတ်လပ်ခွင့်အချို့ရလာပြီ အန်တီ ယူဆပါသလား။ မီဒီယာတွေဖက်ကရော ဘာတွေများ လိုအပ်နေပါသလဲ။

ဖြေ။ မီဒီယာလွတ်လပ်ခွင့်ပဲဖြစ်ဖြစ် ဘယ်လို လွတ်လပ်ခွင့်ပဲဖြစ်ဖြစ် ထိမ်းသိမ်းထားဖို့ဆိုတာ တာဝန်သိသိနဲ့လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ရပြီးသား လွတ်လပ်ခွင့်တွေ တိုးပွားမြင့်မားလာအောင် လုပ်တဲ့တချိန်တည်းမှာ ပူးတွဲနေတဲ့ တာဝန်တွေကို ပိုမိုသိရှိ ကျေပြွန်ဖို့ကလည်း မမေ့ဖို့က အထူးအရေးကြီးပါတယ်။ ဒါဟာ မီဒီယာသမားတွေရော ပရိသတ်တွေရော အစဉ်သတိပြုနေရမယ့် ကိစ္စပါ။

ဟန်ထွန်းအောင်ဆိုတဲ့ သောတရှင်ကတော့ မြန်မာ့စာပေလောကမှာ နာမည်ဆိုးဖြစ်နေတဲ့ စာပေစိစစ်ရေးနဲ့ပတ်သက်လို့ မေးခွန်းထုတ်ပါတယ်။ စာပေစိစစ်ရေးဆိုတာ ရှိသင့် မသင့်ကိစ္စပါ။ 

မေး။ အမေစု ခင်ဗျား စာပေစိစစ်ရေးကို ဖျက်တော့မလိုလိုပြောသံ ဟိုတလောက ကြားလိုက်ရပါသည်။ ဒါပေမယ့် ဂျာနယ်သတင်းတွေကို ဖြတ်တုန်း တောက်တုန်း သတင်းတွေလည်း ကြားရပါသည်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့နေရာမှာ စတုတ္တမဏ္ဍိုင်က အရေးကြီးတယ်လို့ အာဏာပိုင်တွေ ပြောဆိုမှုတွေ ရှိထားပါသည်။ ဒါကြောင့် စာပေစိစစ်ရေးထားရှိမှုနဲ့ပတ်သက်လို့ အမေ့အမြင် သိလိုပါသည်။ အခြားတဖက်မှာ မမှန်မကန်သတင်းတွေကို လက်လွတ်စပယ် ဖော်ပြလာမျိုးတွေကို တစုံတရာ ဟန့်တားနိုင်ဖို့ မလိုဘူးလားလည်း စဉ်းစားစရာရှိသလို၊ လွတ်လပ်မှုအတွက် စာပေစိစစ်ရေးဟာ အဟန့်အတားဖြစ်နေတယ်လို့လည်း ယူဆလို့ရပါသည်။ ဒုတိယမေးခွန်းကတော့ အခု ရေးကြသားကြလာကြရာမှာ သတင်းလွတ်လပ်ခွင့်တွေ အရင်ကထက် ပိုပြီးရလာတယ်လို့ အမေ ယူဆပါသလား သိလိုပါသည်။

ဖြေ။ အမေ့အမြင်ကတော့ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ချင်ရင် စာပေစိစစ်ရေးဆိုတာ မရှိသင့်ပါဘူး။ မမှန်မကန်သတင်းတွေ လက်လွတ်စပယ် ဖော်ပြတာမျိုးတွေကို ကာကွယ်ရမှာက တရားဥပဒေဖြစ်ပါတယ်။ အသရေဖျက်မှု၊ လူမျိုးရေးနဲ့ဘာသာရေး မုန်းတီးမှု၊ လိမ်လည် လှည့်ဖျားမှု စတာတွေကို ဥပဒေအရ သင့်တော်သလို အရေးယူနိုင်ပါတယ်။ ဒါကြောင့် အမေတို့က ဥပဒေစိုးမိုးရေး အဓိကကျကြောင်းကို ကြားရသူတွေ ငြီးငွေ့မတတ် ထပ်တလဲလဲ ပြောနေတာပါ။ ရပိုင်ခွင့်တွေနဲ့ ထိမ်းသိမ်းအပ်တဲ့ စည်းတွေဆိုတာ ချိန်ခွင်လျှာ ညီမျှဖို့ လိုပါတယ်။ ဒုတိယ မေးခွန်းကိုဖြေရမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်က အပြည့်အဝမရှိသေးပေမယ့် အရင်ကထက် ပိုလာတယ်လို့တော့ အမေ မြင်ပါတယ်။ ကြုံတုန်း သတင်းသမားတွေ အထူးသဖြင့် လူငယ်သတင်းသမားတွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို လေးစားအားပေးကြောင်း ပြောပါရစေ။

ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။ 

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။


 

No comments: