Thursday, September 15, 2011

ကျနော်တို့ သေကြည့်ကြရအောင် (ထိန်လင်း)

လူတစ်ယောက်ရဲ့တန်ဖိုးကို သူသေသွားမှ သိကြလိမ့်မယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ တချို့က “ငါမရှိမှ ငါ့တန်ဖိုးကို သိလိမ့်မယ်”၊ “ငါသေမှ ငါ့တန်ဖိုးကို သိလိမ့်မယ်” စသဖြင့် ပြောဆိုလေ့ရှိကြပါတယ်။ ဒါဟာ အသက်ရှင်စဉ် တန်ဖိုးထားရကောင်းမှန်း မသိကြသူတွေအတွက် သတိပေးတဲ့စကားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီရည်ရွယ်ချက်ထက် ကိုယ်ရည်သွေးချင်လို့ ပြောဆိုကြတာက ပိုများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားရပ်ကိုတော့ လူအများက ပြောဆိုနေကြတာပါပဲ။

တကယ်ကျတော့ ကိုယ်ကိုယ်တိုင်က သူတပါးရဲ့တန်ဖိုးကို စောစောစီးစီးသိဖို့ ကြိုးစားရမှာထက် ကိုယ့်တန်ဖိုးကိုယ်သိအောင် ကြိုးစားဖို့က ပိုပြီးအရေးကြီးပါတယ်။ အထူးသဖြင့် မသေခင် စောနိုင်သမျှစောစော ကိုယ့်တန်ဖိုးကိုယ် သိဖို့လိုအပ်ပါတယ်။ သေခြင်းတရားနဲ့ဆက်စပ်ပြီး ကျနော့်ကို အတွေးဝင်သွားစေတာကတော့ စာတန်းကလေးတစ်ခုဖြစ်ပါတယ်။ အဲဒီ စာတန်းကလေးကတော့ “မိတ်ဆွေ ... သေခြင်းရဲ့အရသာကို အသင်တစ်ခါလောက် မြည်းစမ်းကြည့်စမ်းပါ” တဲ့။ ဒီစာကို တွေ့ခဲ့ရတာက ရန်ကုန် ကန်တော်ကလေးရပ်က မွတ်ဆလင်သုသာန်မှာ ဖြစ်ပါတယ်။ အကျဉ်းကျစဉ်ကွယ်လွန်ခဲ့ရတဲ့ စာရေးဆရာ မောင်သော်ကရဲ့ ဈာပနကို လိုက်ပို့စဉ်က တွေ့ခဲ့ရတာပါ။

အမှတ်မဲ့ကြည့်လိုက်မယ်ဆိုရင် သေရမှာမကြောက်ဖို့ တိုက်တွန်းတာလို့ထင်ရပေမယ့် တွေးရင်တွေးသလောက် အဓိပ္ပာယ်နက်ရှိုင်းမှုရှိတယ်လို့ ထင်မိပါတယ်။ ကျနော်ကတော့ သေဆုံးသွားပြီးနောက်မှာ ဘာတွေဆက်ဖြစ်လာလေမလဲလို့ တွေးဆဖို့ထက် ကိုယ့်ဘဝတလျှောက်လုံး ဘယ်လိုဖြတ်သန်းလာတယ်ဆိုတာကို သုံးသပ်ဖို့လမ်းပြတာပဲလို့ ယူဆမိပါတယ်။
ဒီတော့ ကိုယ့်တန်ဖိုးအတိမ်အနက်ကို သေသေချာချာသိဖို့ ကျနော်တို့ သေကြည့်ကြရလိမ့်မယ် ထင်ပါတယ်။ ကျနော်က ခုလိုပြောလိုက်တော့ ဖတ်ရှုနေသူများက ဘဝင်ကျချင်မှ ကျပါလိမ့်မယ်။ တို့ကို စော်ကားရကောင်းလားလို့တောင် တွက်ဆကောင်း တွက်ဆနိုင်ပါတယ်။ သေသေချာချာ တွေးကြည့်မယ်ဆိုရင်တော့ လက်ခံမယ်ထင်ပါတယ်။ ကျနော်တို့ ဘယ်မှာ သေကြည့်ကြရမှာလဲ။ မခဲယဉ်းပါဘူး၊ စိတ်ကူးထဲမှာ သေကြည့်နိုင်ပါတယ်။ စိတ်ကူးထဲ ဘာမဆိုဖြစ်နိုင်တဲ့အခြေအနေမှာ သေကြည့်ဖို့ဆိုတာလည်း သိပ်လွယ်တာပေါ့။ လွယ်မလွယ် ကြိုးစားကြည့်ပါစို့။

ကိုယ်က စိတ်ကူးထဲမှာ သေကြည့်လိုက်ပြီဆိုပါစို့။ သေကြည့်လိုက်တဲ့အခါ ကိုယ့်ရဲ့ရှင်သန်လှုပ်ရှားနေမှုတွေအားလုံးကို အတိတ်မှာ ထားလိုက်ရင်း ဘာမှ လတ်တလော မစွမ်းဆောင်နိုင်တော့တဲ့သူတစ်ယောက်လို တွေးကြည့်ပုံဖော်ရမှာဖြစ်ပါတယ်။ ဒါမှ တကယ်ရှိနေတဲ့ အနေအထားမှန်ကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ကသေသွားပြီဆိုရင် ကိုယ့်ရဲ့ အပေါင်းအသင်းတွေ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လောက် ဝမ်းနည်းကြေကွဲကြမလဲ ဆိုတာကို အရင် တွေးကြည့်လိုက်ပါ။ အတွေးထဲမှာတော့ တကယ့်ဖြစ်နိုင်ခြေအရှိဆုံးတွေကိုသာ ထည့်ပြီးတွက်ဆရမှာပါ။ အထူးသဖြင့် ပတ်ဝန်းကျင်အပေါ် ကိုယ်ဘယ်လောက် ကောင်းကျိုးပြုခဲ့တယ်၊ ကိုယ့်မိတ်ဆွေသင်္ဂဟများအပေါ် ဘယ်လောက်ကူညီခဲ့တယ်ဆိုတာတွေကို ပြန်လည်တွေးဆမိမှာဖြစ်ပါတယ်။ အဲဒီထက် ပိုရင်တော့ လူ့အသိုင်းအဝိုင်းအတွက်၊ လောကအတွက် ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကို ဆက်လက်ပြီး စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မညှာတမ်းသုံးသပ်လေ ကိုယ့်လိုအပ်ချက်တွေ၊ ကိုယ့်လုပ်ရပ်အမှားတွေကို တွေ့လာရပါလိမ့်မယ်။

သေဆုံးသွားတဲ့လူဟာ လူအများအတွက် ကောင်းကျိုးဆောင်ကြဉ်းပေးတဲ့သူ မဟုတ်ခဲ့ရင် အများက နှမြောတသမှာ မဟုတ်သလို တန်ဖိုးထားမှာလည်း မဟုတ်ပါဘူး။ ပြီးတော့ အမြဲတမ်းအောက်မေ့နေကြမှာလည်း မဟုတ်ပါဘူး။ ဒီတော့ ကိုယ်က ကိုယ့်ဘဝရဲ့ အချိန်တွေအားလုံးမှာ ဘယ်လိုလုပ်ဆောင်ချက်တွေလုပ်ခဲ့သလဲ၊ အဲဒီအလုပ်တွေထဲမှာ ကောင်းကွက်တွေရှိရဲ့လား၊ ရှိရင်လည်း ဘယ်လောက်အတိုင်းအတာထိ ရှိပါသလဲ စသဖြင့် တွေးစရာ စဉ်းစားစရာ တပုံတပင်ကြီးကို မညှာမတာ စဉ်းစားကြည့်လိုက်ဖို့ပါပဲ။ ကိုယ်က ကောင်းရင်ကောင်းတယ်၊ မကောင်းရင်မကောင်းဘူးပေါ့။ ပြီးတော့ ကိုယ့်မှာ လိုအပ်ချက်တွေရှိရင် ရှိတယ်ပေါ့။

နယ်ပယ်စုံမှာ ကျင်လည်ရှင်သန်နေကြတဲ့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်ခဲ့ကြတာကတော့ ဓမ္မတာပါပဲ။ ဒါကြောင့်ပဲ တခါတရံ ကိုယ့်လုပ်ရပ်တွေအပေါ် အရှိကိုအရှိအတိုင်း မြင်တတ်ကြပေမယ့် များစွာသောအကြိမ်တွေမှာကတော့ ကိုယ့်ကိုယ်ကို ပိုပြီးထင်ကြလေ့ရှိပါတယ်။ ဒီအခါ ဆိုးကျိုးတွေများစွာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သိပ်ပြီးအထင်ကြီး၊ ကိုယ့်ကိုယ်ကို သိပ်ပြီးဂုဏ်ယူမိတတ်တဲ့အခါ ကိုယ့်အမှားကို ကိုယ်မမြင်တော့သလို ကိုယ့်အားနည်းချက်ကိုလည်း ကိုယ်ဂရုမစိုက်တော့ပါဘူး။ ကိုယ်က ဘာပဲလုပ်လုပ် ကိုယ့်လုပ်ရပ်ဟာ မှန်တယ်၊ ကိုယ့်လုပ်ရပ်က တရားတယ်လို့ ကိုယ့်ကိုယ်ကို အဝိဇ္ဇာတံတိုင်း ခတ်ထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အတွက် ဆိုးရွားအောင် ဖန်တီးတဲ့သဘော ဆောင်လာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ကိုယ့်တန်ဖိုးကို ကိုယ်မသိနိုင်တော့တဲ့ အခြေအနေကို ရောက်သွားပါတော့တယ်။

ကျနော်တို့ဟာ ကိုယ့်ဘဝ၊ ကိုယ့်လုပ်ရပ်တွေကို အမြဲတမ်း သုံးသပ်သင့်ပါတယ်။ ဒီလိုသုံးသပ်တဲ့အခါ ကိုယ်ကိုယ်တိုင်စဉ်းစားသုံးသပ်တာရော၊ တခြားသူရဲ့ သုံးသပ်ချက်ကို လက်ခံတာရော လိုအပ်ပါတယ်။ အဲဒီလိုသုံးသပ်ပါမှ ဘယ်တုန်းက မှားသွားတယ်၊ ဘယ်တုန်းက ရိုင်းစိုင်းစွာပြုမူခဲ့တယ်၊ ဘယ်တုန်းက ဘယ်သူ့အပေါ်အနိုင်ကျင့်ခဲ့တယ် စသဖြင့် မြင်တွေ့လာမှာဖြစ်ပါတယ်။ ကိုယ့်အားနည်းချက်၊ မှားယွင်းမှုတွေကို တွေ့မြင်ရမှ ပြင်သင့်တာပြင်၊ ဖြည့်သင့်တာဖြည့်နဲ့ နောက်ပိုင်းကာလတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မှာပါ။ အဲ .. ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်တဲ့အထိ ကိုယ့်ကိုယ်ကို သုံးသပ်ဖို့အားနည်းခဲ့ပြီဆိုရင်တော့ နောင်တ ဆိုတဲ့အရာနဲ့ မလွဲမသွေ မျက်နှာချင်းဆိုင်ရပါတော့မယ်။ တချို့သောလူတွေဆိုရင် ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်ရောက်မှ “ငါ အကြီးအကျယ်မှားခဲ့ပါလား” လို့ နောင်တရ ညည်းတွားရင်း ယူကျုံးမရ ဖြစ်ခဲ့ကြရတာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒါတောင် ကိုယ်နဲ့ပတ်သက်လို့ “ငါသေသွားရင်” ဆိုတဲ့ အတွေးမျိုး မစဉ်းစားမိသေးပါဘူး။ စဉ်းစားမိရင်တော့ အသက်ရှင်လျက် သေနေတယ်ဆိုတဲ့ အနေအထားမျိုးတွေကိုတောင် မြင်တွေ့နိုင်ပါလိမ့်မယ်။

လောကအတွက် ထိရောက်တဲ့ လုပ်ရပ်ကောင်းတွေ လုပ်ဆောင်ခဲ့ခြင်းရှိမရှိ ဆိုတာတွေကို အသေအချာသုံးသပ်ကြည့်ပြီးတဲ့အခါ ကိုယ့်ရဲ့တန်ဖိုးအနေအထားကို သိလာမှာဖြစ်တာကြောင့် ကိုယ်သေသွားတဲ့အခါ ဘယ်လိုလုပ်ရပ်တွေက ကျန်ရစ်သူတွေအဖို့ အမှတ်ရစရာဖြစ်မယ်၊ ဘယ်လိုလုပ်ရပ်တွေကတော့ လူတွေအမှတ်ရမှာမဟုတ်ဘူး စတဲ့ အကြောင်းတွေကိုပါ ဆင်ခြင်မိနိုင်မယ် ထင်ပါတယ်။ ဒါ့အပြင် မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကို လုပ်မိခဲ့ပါလားလို့ သိလိုက်မယ်ဆိုရင်လည်း အချိန်မီပြင်ဆင်နိုင်ပါလိမ့်မယ်။ ဒါက စိတ်ကူးထဲမှာ သေကြည့်လိုက်ခြင်းရဲ့ အားသာချက်ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ချင်သူများအနေနဲ့ စိတ်ကူးထဲမှာ သေကြည့်လိုက်ခြင်းအားဖြင့် ပြင်စရာတွေကို ပြင်ဆင်နိုင်သလို နောက်ပိုင်းကာလတွေမှာ ဘယ်လိုကျင့်ကြံရမယ်၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကိုလည်း တွက်ဆနိုင်ပါတယ်။

လူတိုင်းအချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။ ဘယ်အချိန်သေဆုံးမယ်ဆိုတာ မသိနိုင်ပေမယ့် မှားယွင်းမှုတွေနဲ့ သေဆုံးသွားမယ်ဆိုရင် ဘဝတစ်ခုကို တန်ဖိုးရှိရှိ အသုံးမချခဲ့သလိုမျိုး အဓိပ္ပာယ်သက်ရောက်သွားမှာဖြစ်တာကြောင့် တကယ်ပဲ စိတ်ဝင်တစား တွေးဆကြည့်သင့်ပါတယ်။ ကိုယ်ကအချိန်စောစော သုံးသပ်နိုင်လေ ကိုယ့်အတွက် စောစောအကျိုးရှိလေဖြစ်ပါတယ်။ ဒါတင်မက ပတ်ဝန်းကျင်အတွက်၊ အသိုင်းအဝိုင်းအတွက်၊ လောကအတွက်ပါ အနည်းနဲ့အများ အကျိုးရှိမှာ အသေအချာပါပဲ။ ဒါကြောင့် ကြိုတင်ပြီး စိတ်ကူးထဲမှာ သေကြည့်ကြရအောင်ပါ။ ။

၁၅၊ ၁၊ ၂၀၀၂

No comments: