Friday, September 30, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၃၉)

သတင်းပတ်မှာတော့ မြန်မာနိုင်ငံလွှတ်တော်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါဝင်တာမျိုး အခြားနိုင်ငံတွေမှာရော ထည့်သွင်းတာ ရှိပါသလား၊ မြန်မာနိုင်ငံမှာ တယ်လီဖုံးဆင်းကဒ်တွေ အလွန်ဈေးကြီးတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုများကူညီဆောင်ရွက်ပေးနိုင်မလဲ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးကြပေမယ့် မတည်တံ့နိုင်ဘဲ ပြန်လည်ပြိုကွဲသွားကြတာ ဘာလိုအပ်ချက်ကြောင့်လဲ၊ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြမယ်ဆိုရင် မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ဘယ်လို သဘောထားရှိသလဲ စသဖြင့် ဗွီအိုအေ သောတရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။

အရင်ဆုံး ကျော်အေးသိန်းဆိုတဲ့ သောတရှင်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းမေးထားပါတယ်။ လွှတ်တော်တွေထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုအလျောက်ပါဝင်တဲ့ကိစ္စက အခြားနိုင်ငံက ဖွဲ့စည်းပုံတွေမှာရော ရှိပါသလား ကြားဖူးပါသလား ဆိုပြီး မေးမြန်းထားတာပါ။

မေး။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံများနှင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ချီတတ်နေသော နိုင်ငံများတွင်း စစ်တပ်က မည်သည့်အခန်းက ပါဝင်ကြပါသလဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စစ်တပ်သည် လွှတ်တော်တွင်း အလိုအလျှောက် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရနေသော အချက်ကို ပယ်ဖျက်နိုင်မယ့် အခြေအနေရှိပါသလား။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသော နိုင်ငံများတွင်း စစ်တပ်သည် ပါလီမန်တွင်း ရာခိုင်နှုန်းဘယ်လောက်ပါဝင်ရမည်ဆိုသောအချက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိပါသလား ဖြေကြားပေးပါ အမေစု ခင်ဗျား။

ဖြေ။ တင်းပြည့် ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို ပြည်သူလူထုဆန္ဒနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရွေးချယ်တင်မြောက်တာ ဖြစ်ပါတယ်။ စစ်တပ်ဆိုတာကတော့ ကာကွယ်ရေး တာဝန်တွေ သီးသန့်ထမ်းဆောင်တဲ့ ကျွမ်းကျင်အဖွဲ့အစည်းအနေနဲ့ ရပ်တည်ပါတယ်။ သမတ ဦးသိန်းစိန်ရဲ့ အကြံပေးအရာရှိတဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြည်ပအသံလွှင့်ဌာနတခုနဲ့ မေးမြန်းခန်းမှာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အမြဲမပြောင်းအလဲ တည်ရှိတဲ့အရာမျိုး မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။ ဒီအတိုင်းပဲ အချိန်ကာလနဲ့ အခြေအနေအရ လိုအပ်ချက်တွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းရမှာဖြစ်ပါတယ်။ အများပြည်သူ မနှစ်မြိုတဲ့အချက်အလက်တွေ နိုင်ငံရဲ့အကျိုးနဲ့ မဆီလျော်တဲ့အချက်အလက်တွေဆိုရင် ဘယ်လိုမှ ရေရှည် ချုပ်ကိုင်ထားလို့ ရမှာမဟုတ်ပါဘူး။

နောက်တဦး ဦးသောင်းစိန်ကတော့ နှင်းဆီလမ်း ပြည်တော်သာရပ် တောင်ကြီးမြို့က အငြိမ်းစားဝန်ထမ်းတဦးပါတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို လောကီရေးရာကိစ္စတွေ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲဖြစ်သလိုပဲ လောကုတ္တရာအကျိုး သံသရာ အကျိုးအတွက်ရော စဉ်းစားဆောင်ရွက်တာရှိပါသလား ဆိုပြီးတော့ မေးမြန်းထားပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တာနှစ်ပေါင်းကြာခဲ့ပါပြီ။ အတိုင်းအတာ တခုအထိ တိုးတက်အောင်မြင်နေပါပြီ။ သာမန် ပြည်သူများ မြင်နိုင်တာရော၊ မမြင်နိုင်တဲ့ အောင်မြင်မှုတွေရော အများကြီးပါ။ အဲဒီလို လက်ခံ ယုံကြည်ထားပါသည်။ လောကီရေးရာ တိုးတက်မှုတွေ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲဖြစ်ပါသည်။ လောကုတ္တရာ အကျိုး သံသရာအကျိုးအတွက် စဉ်းစားဆောင်ရွက်နိုင်ပါရဲ့လားလို့ တွေးတောပူပင်မိပါ၏။ အကျယ်ချုပ်ခံရစဉ်က မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားစာအုပ်များ ပေးပို့ထားသည်ဟု ကြားသိမိခဲ့ပါသည်။ လေ့လာမှတ်သား ကျင့်ကြံပွားများ အားထုတ်နိုင်ပါစေလို့ အထပ်ထပ် ဆုတောင်းမိပါသည်။ ဘယ်ဆရာတော်၏ နည်းနှင့်ဖြစ်စေ အနည်းဆုံး တနေ့လျှင် ၁၀ မိနစ် ၁၅ မိနစ်ခန့် ဝိပဿနာ ဘဝနာတရားကျင့်ကြံပွားများ အားထုတ်နိုင်ပါစေလို့ အလေးအနက် အကြံပြုတိုက်တွန်းရပါသည်။
ဖြေ။ ကျမအပေါ် စေတနာထားပြီး လောကုတ္တရာအကျိုးဖြစ်စမယ့် ကိစ္စတွေကို လစ်လျူမရှုဖို့ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမ မနက်တိုင်း တနာရီကြာ တရားမှတ်ပါတယ်။ ဝိပဿနာ ဘဝနာပွားများခြင်းရဲ့ အကျိုးကိုလည်း လုံးဝ ယုံကြည်ပါတယ်။ နေ့တိုင်း နေ့တိုင်းတော့ နာရီပြည့် ကျေနပ်လောက်အောင်တော့ ဘဝနာ ပွားနိုင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့်လည်း ကျမ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်။

အောင်မင်းသူ နတ်မောက်မြို့ဆိုတဲ့ သောတရှင်ကတော့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြားမှာ တယ်လီဖုံးဆင်းကဒ် ကွာဟနေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းထားတာပါ။

မေး။ ကျနော်တို့နိုင်ငံမှာ တယ်လီဖုန်းဆင်းကဒ်က နိုင်ငံတကာဈေးနှုန်းနဲ့ အရမ်းကွာဟာနေပါတယ်။ မလေးရှားမှာ ဆင်းကဒ်တန်ဖိုးက ၁၅၀၀ ကျပ်လောက်ပဲ ရှိပါတယ်။ ပြည်သူအများစု တယ်လီဖုန်းကိုင်ဆောင်ခွင့်ရရှိနိုင်ရန် တာဝန်ရှိသူတွေ သိရှိအောင် မီဒီယာမှတဆင့် ကူညီပေးပါခင်ဗျား။
ဖြေ။ မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ စာရင် အဆမတန် ဈေးမြင့်နေတဲ့အရာတွေ အတော်များပါတယ်။ တယ်လီဖုန်း ဆင်းကဒ် အပါအဝင်ပေါ့လေ။ တိုင်းပြည်စီးပွားရေး လူမှုရေး တိုးတက်ဖို့ ဆိုရင် ဒီလိုကိစ္စတွေကို ဆင်ခြင်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ ပြည်သူတွေကနေ အစိုးရသိအောင် ဖော်ထုတ်ပြောဆိုဖို့ လိုပါတယ်။ ပညာရှင်တွေကလည်း ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ပြည်သူရော အစိုးရပါသိအောင် လုပ်ပေးဖို့ လိုပါတယ်။ အမေတို့တတွေလည်း တတ်နိုင်သလောက် လုပ်ပါမယ်။

ဒီအစီအစဉ်ကို မကြာမကြာဆိုသလို စာရေးသားပေးပို့နေတဲ့ ဦးစန္ဒောဘာသ ရန်ကုန်မြို့ကတော့ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတွေအကြားမှာ ငြိမ်းချမ်းရေးမရနိုင်ဘဲနဲ့ ပြန်ပြီးတော့ ပြိုကွဲသွားတာ ပြန်ပြီးတော့ သဘောတူညီချက်ပျက်သွားတာ ဘာကြောင့်လဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားပါတယ်။

မေး။ လွတ်လပ်ရေးရပြီး အုပ်ချုပ်သူအစိုးရတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ထိုးနိုင်ကြပေမယ့်လည်း အမြဲမတည်တန့်နိုင်ဘဲ ပြန်လည်ပြိုကွဲသွားကြတာ ဘာလိုအပ်ချက်ကြောင့်လဲဆိုတာ သိချင်ပါတယ်။ အခုလဲ တိုင်းရင်းသားလက်နက်ကိုင် KIO အဖွဲ့က ပင်လုံစာချုပ်ပါ ကတိအတိုင်းပါမှ ဆွေးနွေးမယ်၊ သမတ ဦးသိန်းစိန်အစိုးရကလည်း ဒို့တာဝန်အရေးသုံးပါးကို အခြေခံမှ ဆွေးနွေးမယ် ဆိုတဲ့ သတင်းနှစ်ခုကို သတိထားမိပါတယ်။ ပင်လုံစာချုပ်မှာ လွတ်လပ်ရေးရပြီး ဆယ်နှစ်ပြည့်ရင် ခွဲထွက်ခွင့်ရှိတယ်၊ ဒို့တာဝန် အရေးသုံးပါးမှာတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးမူ ရှိနေလေတော့ မြန်မာပြည်ကြီး အမြဲတမ်းငြိမ်းချမ်းအောင် ဘယ်လို တည်ဆောက်နိုင်ပါသလဲဆိုတာ သိချင်ပါတယ်။ ပြည်တွင်းစစ် လုံးဝပပျောက်တာကို မြင်ချင်ပါတယ်။

ဖြေ။ တပည့်တော်မ အမြင်မှာတော့ တိုင်းရင်းသားတွေအကြား ငြိမ်းချမ်းရေးမရနိုင်တာဟာ အခြေခံအားဖြင့် အပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှု အားနည်းနေလို့ ထင်ပါတယ် ဘုရား။ တိုင်းရင်းသားအဖွဲ့အစည်းတွေက အခုအချိန်မှာ ခွဲထွက်ပိုင်ခွင့်ကို တောင်းနေကြတာတော့ မဟုတ်ပါဘူး။ သံသယတွေ များနေတာကြောင့် တဖက်နဲ့ တဖက် နားလည်မှုယူနိုင်ဖို့ ခက်ခဲနေတာလို့ ထင်မိပါတယ် ဘုရား။ နှစ်ပေါင်းများစွာ ကြာလာခဲ့တဲ့ သံသယတွေဆိုတော့ ဖယ်ရှားဖို့က မလွယ်ပေမယ့် ပြည်ထောင်စုအကျိုး မျှော်ကိုးပြီး သံသယအစား သတိကိုထားရှေ့ထားပြီး စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် လုပ်သွားကြမယ်ဆိုရင် ပြည်သူအားလုံး တမ်းတနေတဲ့ ငြိမ်းချမ်းရေးဆုလဒ်ကြီးကို ရယူနိုင်မယ်လို့ ထင်မိပါတယ်ဘုရား။

အခု နောက်ဆုံးမေးခွန်းကတော့ ဒေါ်လှ မေရီလန်းပြည်နယ်ဆိုပြီးတော့ မေးမြန်းလာတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေပြင်ဆင်ချက်တွေ လုပ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းထားတာပါ။

မေး။ မြန်မာနိုင်ငံမှာ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံခြားသားတွေ ရင်းနှီးမြုပ်နှံလုပ်ကိုင်နို်င်ဖို့ မြေပိုင်ဆိုင်ခွင့်ပေးရေး ဥပဒေပြင်ဆင်ချက်တွေ ပြုလုပ်နေတယ် ကြားရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာတော့ နိုင်ငံခြားသားတွေဟာ မြေယာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ကနေ့ မြန်မာနိုင်ငံမှာ အထူးသဖြင့် အထက်မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတရုတ်တွေ မြေယာတွေ ဈေးကြီးကြီးနဲ့ ဝယ်ယူနေကြပြီး ပိုင်ဆိုင်ခွင့်တွေလည်း ရနေတယ် ကြားရပါတယ်။ အခုလို နိုင်ငံခြားသား မြေပိုင်ခွင့် ပေးတာနဲ့ပတ်သက်လို့ မြန်မာနို်င်ငံအတွက် ဘယ်လောက် ဆိုးကျိုးတွေ ရှိနိုင်မလဲဆိုတာ ဖြေကြားစေချင်ပါတယ်။

ဖြေ။ ကျမ ကြားရသလောက်ကတော့ လယ်သမားတွေ မြေပိုင်ဆိုင်ဥပဒေကို လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ မြေပိုင်ဆိုင်ခွင့် မဟုတ်ပါဘူး။ ကမ္ဘာတလွှားမှာ အစားအသောက် ဖူလုံရေး ပြဿနာကြီးပြီး၊ စိုက်ပျိုးမြေတွေ ပို၍ပို၍ ရှားပါးလာတဲ့ ဒီခေတ်ကြီးမှာ နိုင်ငံခြားသားတွေ မြေပိုင်ဆိုင်ခွင့်ပေးလိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်စီးပွားရေးကို ထိခိုက်စေနိုင်တဲ့အပြင် ပြည်သူတွေကြားမှာလည်း မကျေမနပ်ဖြစ်နိုင်ပါတယ်လို့လဲ ထင်ပါတယ်။ ယခုဆိုရင် နိုင်ငံခြားပိုင် လုပ်ငန်းကြီးတွေ ဥပမာ ဟိုတယ်တွေဟာ နှစ်ရှည်အငှားစာချုပ်တွေနဲ့ လုပ်နေတာဖြစ်ပါတယ်။ အဲဒီလို စနစ်မျိုးဟာ နိုင်ငံရဲ့မြေတွေ မဆုံးရှုံးဘဲ ရင်းနှီးမြုပ်နှံသူတွေကိုလည်း ဆွဲဆောင်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။



 

No comments: