Saturday, September 3, 2011

ဘွဲ့ဖြူလက်နက်အန္တရာယ် (လူထုစိန်ဝင်း)

အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်းမပြုဘဲနဲ့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များက နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြောကြားနေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ်ဖတ်ရှုနေရတယ်။

ကြောက်စရာချောက်ကြီး

ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တပါတီ တဖွဲ့တစည်း အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီးလေးခုစလုံးဟာ အတွင်းလှိုက်စားတဲ့ ခြပုန်းတွေလက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်းဖြစ်အောင်ကို ယိုင်နဲ့နေတာ တွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေရဲ့ ရေခံမြေခံဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှုချောက်ကြီးကလည်း ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းလာခဲ့တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ ချောက်ကြီးဖြစ်တယ်။

တောမီးလောင်သလို

အခုတလော တောမီးလောင်သလို တနေရာက တနေရာကို ရုတ်တရက် ချက်ချင်း ကူးစက်ပျံ့နှံ့သွားတဲ့ အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးမုန်တိုင်းကြီးကို ကြည့်ပြီး ကောင်းကောင်းကြီး သင်ခန်းစာယူသင့်တယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအားလုံးလိုလိုဟာ မူလက အင်မတန်ဆင်းရဲကြတယ်။ စာတတ်မြောက်မှုရာနှုန်းလည်း အင်မတန်နိမ့်ကျတယ်။ ခြောက်ဆယ်ခုနှစ်များအတွင်းရောက်မှ ရေနံတွင်းတွေ ရှာဖွေတွေ့ရှိပြီး လူရာဝင်လာကြတာ မြန်တယ်။ လူချမ်းသာတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်က အာဏာရှင်စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေ၊ ပဒေသရာဇ်တွေ အုပ်ချုပ်ပြီး တချို့နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေကြတာ ဖြစ်တယ်။ ဒေသတခုလုံးမှာ ဒီမိုကရေစီနိုင်ငံလို့ လက်ညှိုးထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံ တခုပဲရှိတယ်။

ရေနံဝင်ငွေတွေ

ရေနံဝင်ငွေ ဒလဟောလှိမ့်ဝင်လာပေမယ့် တိုင်းပြည်ရဲ့ လူဦးရေအများစုက ဆင်းရဲမြဲ ဆင်းရဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ရသမျှရေနံဝင်ငွေတွေဟာ ဘုရင်တွေ၊ ဆူလတန်တွေရှိတ်တွေနဲ့ ဆက်ဒမ်ဟူစိန်လို၊ ကဒတ်ဖီလို အာဏာရှင်တွေရဲ့ နိုင်ငံခြားက ဘဏ်စာရင်းတွေထဲပဲ စီးဝင်သွားကြတာကိုး။ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေရဲ့ ချမ်းသာသမျှတွေဟာ အဲဒီနိုင်ငံတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ကုဋေကြွယ်သူဌေးကြီးများရဲ့ လက်ထဲမှာ ၇၀ ရာခိုင်နှုန်းလောက်ရှိနေပြီးကျန် ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တိုင်းပြည်သူပြည်သူသားများက လှည့်ပတ်သုံးစွဲနေရတာဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။

လက်ဆုပ်မဖြေကြ

ဓနခွဲဝေမှုကို သင့်တင့်မျှတတဲ့ အချိုးအဆရောက်အောင် ပြုပြင်ဖို့လိုတယ်။ ဒီလိုမလုပ်ရင် ထိန်းမနိုင်သိမ်းမရ အုံကြွမှုတွေဖြစ်လာနိုင်တယ်လို့လည်း သတိပေးကြတယ်။ ဒါပေမယ့် ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေက လောဘမသတ်နိုင်ဖြစ်ပြီး လက်ဆုပ်ကို မဖြေကြဘူး။ ရုရှားက၊ တရုတ်က၊ အမေရိကန်က၊ ဂျာမနီက၊ ပြင်သစ်နဲ့ အီတလီက ဝယ်ထားတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေက သူတို့ကို ကာကွယ်မှုပေးလိမ့်မယ်လို့ ယုံကြည်ပြီး ရေနံဝင်ငွေတွေကို တိုင်းသူပြည်သားများကို မျှဝေခံစားစေမယ့်အစား နိုင်ငံပေါင်းစုံက လက်နက်ကုန်သည်ကြီးတွေ လက်ထဲသာ ထိုးအပ်လိုက်ကြတယ်။

နှင်းဘောလုံးလို

လူတွေဆင်းရဲတွင်း နက်သထက်နက်နေရတဲ့အထဲ ကြီးနိုင်ငယ်ညှဉ်း နိုင်ထက်စီးနင်းပြုမူမှုတွေက လွန်သထက် လွန်ကဲလာလေတော့ နောက်ဆုံးမှာ မခံမရပ်နိုင်ဖြစ်ကြပြီး ဒီနေ့အခြေအနေမျိုးထိ ရောက်ရှိသွားတော့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဓနခွဲဝေမှု တဖက်စောင်းနင်းဖြစ်ရတဲ့အချက် ဖြစ်တယ်။ ဒီအချက်က သိပ်ကြောက်စရာကောင်းတယ်။ တဖက်စောင်းနင်းဖြစ်မှု စရှိနေပြီဆိုတာနဲ့ တောင်စောင်းက လှိမ့်ချလိုက်တဲ့ နှင်းဘောလုံးများလို ကြာလေကြီးလေ ဖြစ်လာလေ့ရှိတယ်။ လျော့ပါးသွားတယ်လို့ ဘယ်တော့မှမရှိဘူး။ ငွေတွေက အာဏာရှိသူနဲ့ ပိုက်ဆံရှိသူတွေလက်ထဲကိုသာ ပုံစံအမျိုးမျိုးနဲ့ ရောက်သွားကြတယ်။ တကယ်လိုအပ်တဲ့ ဆင်းရဲသားတွေလက်ထဲ ဘယ်တော့မှရောက်တယ် မရှိဘူး။ ဒီလို ဓနဥစ္စာ ကွာဟချက်ကြီးမားခြင်းက သြဇာအရှိန် အဝါကွာခြားချက်ကို ပေါ်ပေါက်စေတယ်။ အခွင့်ထူးခံ လူတန်းစားနဲ့ အပယ်ခံ လူတန်းစားဆိုပြီး ဖြစ်ပေါ်စေတယ်။ အခွင့်ထူးခံတွေက နေရာတိုင်းမှာ အခွင့်ထူးတွေ ခံစားရရှိကြပြီး အပယ်ခံတွေကတော့ တနေ့တခြား ဘေးကို ရောက်သထက်ရောက်ကုန်ကြတယ်။

လှုပ်လေမြုပ်လေ

ဆင်းရဲသား အပယ်ခံတွေမှာတော့ ငွေကအရာရာကို ဖန်တီးတဲ့ခေတ်မှာ လူနဲ့သူနဲ့တူအောင် နေထိုင်နိုင်ဖို့ကို တနေ့တခြား ခက်ခဲသထက် ခက်ခဲလာကြတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လှုပ်လေမြုပ်လေဆိုသလို ဆင်းရဲတွင်းကြီးထဲ နစ်သထက် ပိုနစ်နေကြရတယ်။ ဘယ်လိုမှမတတ်နိုင်ကြလေတော့ အံတကြိတ်ကြိတ်နဲ့ နာကြည်းမုန်းတီးမှုတွေပဲ ရင်ထဲမှာ တနေ့တခြား ကြီးထွားလာကြတယ်။ အဲဒီလိုနဲ့ ကြာလာတော့ သေမထူးနေ မထူးစိတ်ဓာတ်မျိုးတွေ ဖြစ်လာတယ်။ ခါးသီးတဲ့ အမုန်းဆူးတောင်ကြီးတွေ တချောင်းပြီး တချောင်းပေါက်လာတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သွေးရူးသွေးတန်းနဲ့ ထင်ရာဆိုင်းရင်း လုပ်ချင်တာတွေ လျှောက်လုပ်တော့တယ်။ လူသတ်ရမှာလည်း မကြောက်တော့ဘူး။ ကိုယ့်အသက် သေမှာလည်း မကြောက်တော့ဘူး။

သွေးရူးသွေးတန်းလူများ

အဲဒီလို အကြောက်တရားကို လွန်မြောက်သွားတဲ့ သွေးရူးသွေးတန်း (desperate) ဖြစ်နေတဲ့ လူမျိုးတွေကို (desperatedos) လို့ ခေါ်ကြတယ်။ သိပ်ကြောက်စရာကောင်းတယ်။ ဒီလိုလူမျိုးတွေကို ဘာနဲ့ ခြောက်ခြောက် မကြောက်တော့ဘူး။ ဘယ်လိုတားတား မရတော့ဘူး။ ထင်ရာလုပ်တော့တာပဲ။ အဲဒါကြောင့် လူတွေကို အဲဒီအဆင့် ရောက်မသွားအောင် ကြိုတင်ကာကွယ် တားဆီးဖို့ လိုပါတယ်။ ဓနခွဲဝေမှု တဖက်စောင်းနင်းဖြစ်နေတာကိုလည်း ပြုပြင်ဖို့ လိုတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံ လူတန်းစားဆိုပြီး ရှိနေသမျှကာလပတ်လုံး အကျင့်ပျက်ခြစားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိနေဦးမှာ ဖြစ်တယ်။

အဓိကတာဝန်ရှိသူ

အခွင့်ထူးခံလူတန်းစားမရှိဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့အတွက် အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ ဖြစ်တယ်။

- တရားဥပဒေအပိုင်းက လက်ရှိတည်ဆဲဥပဒေတွေနဲ့တင် လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ရှိနေတဲ့ ဥပဒေတွေကို လိုက်နာစောင့်ထိန်းတဲ့အပိုင်းက ပျက်ကွက်လို့သာ ဒီလိုအခြေအနေမျိုးကို ရောက်နေတာဖြစ်တယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်နှစ်ခုက ဒီပျက်ကွက်မှုကို ပြုပြင်ဖို့လိုတယ်။ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ မကြာမီက ပြောကြားခဲ့ကြတဲ့အတိုင်း တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရ ဆိုတဲ့အချက်ကို တိတိကျကျ မှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ်လေထဲမှာ ကွယ်ပျောက်သွားတာမျိုး မဖြစ်စေသင့်ဘူး။

စံနမူနာပြသင့်

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဝန်ကြီးဌာနနှစ်ခု ပူးတွဲကိုင်ဆောင်ရတဲ့ ဝန်ကြီးများကိုယ်တိုင်က ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးကြည့်တဲ့အနေနဲ့ လစာနှစ်ခု ထုတ်ယူခံစားခြင်းမပြုဘဲ လစာတခုသာ ထုတ်ယူတယ်လို့ သိရပါတယ်။ အင်မတန်ကောင်းပါတယ်။ အားလုံး အတုယူကြပြီး ဝန်ကြီးဖြစ်လို့၊ လွှတ်တော်အမတ်ဖြစ်လို့၊ အရာရှိကြီးဖြစ်လို့၊ တရားသူကြီးဖြစ်လို့၊ အာဏာရပါတီဖြစ်လို့ဆိုပြီး အထူးအခွင့်အရေးများ ရယူတာမျိုးမလုပ်ဘဲ စံနမူနာကောင်း ပြသသင့်တယ်။ အစိုးရဆိုတာ သမ္မတကစပြီး အောက်ဆုံးအဆင့် ဝန်ထမ်းလေးအထိ ပြည်သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြတယ်။ ပြည်သူလူထုဟာ ကျေးဇူးရှင် ထမင်းရှင်များ ဖြစ်တယ်။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ကျေးဇူးရှင်များထက် အခွင့်ထူးပိုယူတာမျိုး မရှိသင့်ဘူး။

ပြည်သူက ကျေးဇူးရှင်

လွှတ်တော်အမတ်ဆိုတာလည်း ပြည်သူလူထုက သူတို့ကိုယ်စား တိုင်းရေးပြည်မှု ဆောင်ရွက်ဖို့ ရွေးချယ် တင်မြှောက်ထားသူများဖြစ်တဲ့အတွက် ပြည်သူလူထုကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ရရှိခံစားရတဲ့ အခွင့်အရေး အဆောင်အယောင်မှန်သမျှ ပြည်သူ့ဘဏ္ဍာငွေက ထုတ်ယူသုံးစွဲတာဖြစ်တဲ့အတွက် ပြည်သူလူထုကို ကျေးဇူးရှင်အဖြစ် ခံယူစွဲမှတ်ရမှာဖြစ်တယ်။ သာမန်ပြည်သူတိုင်း ခံစားရရှိတဲ့ အခွင့်အရေးများထက်ပိုပြီး အခွင့်ထူးခံစားခွင့်မရှိဘူး။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေး လုပ်ဆောင်ပါမယ်လို့ ကတိကဝတ် ပဋိညာဉ်ပြုပြီး အရွေးချယ်ခံခဲ့သူများဖြစ်တာကြောင့် ကိုယ်ကျိုးမကြည့်ရာမှာ အခွင့်ထူးမခံစားရာမှာ ရှေ့ဆောင်လမ်းပြ စံနမူနာကောင်းဖြစ်စေရမယ်။

ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး

နောက်ဆုံးကျန်ရှိနေတဲ့ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာလည်း ပြည်ကြီးဝန်ကို ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံးအဖြစ် ထမ်းဆောင်ကြရသူများဖြစ်တဲ့အတွက် တနည်းအားဖြင့် ပြည်သူ့ဝန်ထမ်းများပင် ဖြစ်ကြတယ်။ တခြား ပြည်သူ့ဝန်ထမ်းများလိုပဲ ပြည်သူကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ပြည်သူ့ အထက်ကနေချင်လို့ မဖြစ်ဘူး။ ပြည်သူ့ရှေ့က အခွင့်ထူးရယူချင်လို့လည်း မဖြစ်ဘူး။ အလားတူပဲ သတင်းသမားဟာ အစိုးရတရပ်ရဲ့ လက်ကိုင်တုတ် မဖြစ်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားများရဲ့ အသုံးချခံလည်း မဖြစ်ရဘူး။ စီးပွားရေးသမားများရဲ့ ကျေးဇူးခံ ကျေးဇူးစားလည်း မဖြစ်စေရဘူး။ ဒီခေတ်မှာ ခေတ်စားတဲ့ စပွန်ဆာဆိုတာဟာ စီးပွားရေးသမားက သတင်းမီဒီယာသမားကို လာဘ်ထိုးတဲ့ သဘောဖြစ်တယ်။ စပွန်ဆာလက်ခံရယူတဲ့ သတင်းမီဒီယာသမားဟာ စပွန်ဆာရှင်ရဲ့ မျက်နှာကို အမြဲကြည့်နေရမှာဖြစ်တဲ့အတွက် ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား လုံးဝ မဖြစ်နိုင်တော့ဘူး။

ဘွဲ့ဖြူလက်နက်

စပွန်ဆာတွေထဲမှာ အဆိုးဝါးဆုံးကတော့ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ စပွန်ဆာဖြစ်တယ်။ စတိုင်ပင်၊ စကောလားရှစ်၊ ဂရန့်စတဲ့ အမည်အမျိုးမျိုးပေးထားတဲ့ ထောက်ပံ့ကြေးမှန်သမျှဟာ သံရုံးတွေနဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေက သူတို့ရဲ့ သစ္စာတော်ခံများအဖြစ် မွေးမြူသိမ်းသွင်းဖို့ အသုံးပြုတဲ့ “ဘွဲ့ဖြူလက်နက်” ဖြစ်တယ်။ “အဏုမြူလက်နက်” လို အလွန်ကြောက်စရာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ သစ္စာခံဆိုတာ “ပဉ္စမံတပ်သား” အငယ်စား (Junior fifth Column) တွေ ဖြစ်ကြလို့ပါပဲ။ အကြောင်းကြီးငယ်ရှိလာခဲ့ရင် သစ္စာခံများဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထက် သူတို့သစ္စာခံထားတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုသာ ထမ်းရွက်ကြလို့ ဖြစ်တယ်။

နားခွက်က မီးတောက်ပြီးသား

ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ကိုမှ လုံးဝလက်မခံတဲ့ သတင်းမီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒါတွေ တခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့ မခေါ်နိုင်ဘူး။ ကိုယ့်ဟာကိုယ် စတုတ္ထမဏ္ဍိုင်လို့ ဆိုင်းဘုတ်တပ်ပြီး ဘာတွေပဲပြောနေနေ၊ ဘာတွေပဲရေးနေနေ မြန်မာစာဖတ်ပရိသတ်ကို လိမ်လို့မရပါဘူး။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးတဲ့ မြန်မာစာဖတ်ပရိသတ် ပြည်သူတွေက “ချက်ဆိုနားခွက်က မီးတောက်ပြီးသား” ဖြစ်တယ်။ ဘယ်သူတွေဟာ စတုတ္ထမဏ္ဍိုင် ပီသတယ်။ ဘယ်သူတွေကတော့ “သစ္စာတော်ခံ” တွေဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး သိထားပြီးသားဖြစ်ပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

No comments: